Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း



မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၂


စစ်ကောင်စီရဲ့ အရေးပေါ်ကာလ ၆ လသက်တမ်းတိုး ၊ နိုင်ငံရေးထွက်ပေါက် 

စစ်ကောင်စီအာဏာသိမ်းတာ အခုဆိုရင် ၁ နှစ်ခွဲတိတိ ရှိသွားပြီဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ မပျက်သေးဘူးလို့ ဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီက အခြေခံဥပဒေပါ အချက်အလက်ကို ညွှန်းဆိုပြီး အရေးပေါ်ကာလ အုပ်ချုပ်ခွင့် ဒုတိယ ၆ လသက်တမ်းကို တိုးခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ချိန်မှာ စစ်တပ်ဘက်က အဆိုပြုပြီး ဒုသမ္မတဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေထံက အတည်ပြုချက်နဲ့ ကာလုံအစည်းအဝေးမှာ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ 

ကုန်ဆုံးခဲ့တဲ့  ၁ နှစ်ခွဲကာလအတွင်း နိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဘယ်ခေတ်ကနဲ့မှမတူအောင် ကျယ်ပြန့်လာတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထက် အရင်က လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့ သမိုင်းမရှိတဲ့ ဒေသတွေမှာ ဖြစ်ပွားလာတာ၊ ဒေသအလိုက် လက်နက်ကိုင်အဖွဲ့ငယ်တွေ ပေါ်ထွက်လာပြီး လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်စိန်ပြောင်း ဆိုတာမျိုးတွေနဲ့ ခုခံတိုက်ခိုက်နေကြတာ၊ ဒေသတခုနဲ့ တခု ဆက်သွယ်ထားတဲ့ ကားလမ်းတွေ မသွားလာကြဖို့ လက်နက်ကိုင်အဖွဲ့တွေက သတိပေးထားပြီး သွားလာတဲ့ စစ်ကောင်စီတပ်၊ တခါတရံ အရပ်သားကားတွေလည်း လက်လုပ်မိုင်းတွေ ဖောက်ခွဲခံရတာတွေ၊ သတင်းပေးသူ၊ စစ်ကောင်စီ အုပ်ချုပ်ရေးရဲ့ ဒေါက်တိုင်လို့ ခေါ်ဆိုသတ်မှတ်ကာ အရပ်သားအချင်းချင်း လုပ်ကြံသတ်ဖြတ်တာ၊ မြို့ကြီးတွေမှာ နေ့စဥ်လိုလို တနေရာမဟုတ်တနေရာမှာ ပေါက်ကွဲမှု၊ သို့မဟုတ် ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားနေတာ တွေက ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်း ဖြစ်ပျက်ခဲ့တာတွေဖြစ်ပါတယ်။ 

တဖက်မှာလည်း CRPH ခေါ်တဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီဖွဲ့စည်းခဲ့တာ၊ နောက်တဆင့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီး NLD ပါတီချည်းသာမကပဲ တိုင်းရင်းသား လူမျိုးတချို့ရဲ့ ကိုယ်စားပြုသူတွေ၊ စီအက်စ်အို လို့အတိုကောက်ခေါ်ဆိုတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို တည်ထောင်လုပ်ကိုင်ခဲ့သူအချို့ပါ NUG လို့ခေါ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ထဲပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ NUG က တည်ထောင်ခဲ့တဲ့ PDF လက်နက်ကိုင်အဖွဲ့က ဘယ်လို နေရာချထားတယ်၊ ဘယ်လောက်အင်အားရှိတယ်ဆိုတာတွေ ရှင်းရှင်းလင်းလင်း မရှိသော်လည်း အထက်က ပြောခဲ့သလို ဒေသအလိုက် ပေါ်ထွက်လာတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေ တာဝန်ခံထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အခြေပြုထားတဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကြာတဲ့အချိန်ထိ ရှင်းရှင်းလင်းလင်းနဲ့ ပုံမပေါ်သေးဘူးလို့ ဆိုရမယ့် သဘောလည်း တွေ့ရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီ ဘက်ကတော့ ၄င်းတို့ခင်းထားတဲ့ အခင်းအကျင်းနဲ့ နောက်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ ခုလို ပြည်တွင်းစစ် တပိုင်း အခြေအနေမှာ ရွေးကောက်ပွဲက လုပ်ဖို့ ဖြစ်နိုင်လားဆိုတဲ့ သံသယတွေလည်း အများအပြားရှိကြတာဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဘက်က နှိုင်းယှဥ်နိုင်တဲ့ အဆိုးဆုံးအခြေအနေ အဖြစ်အပျက်တခုက ၁၉၅၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလအတွင်း ကျင်းပတဲ့ ၁၉၅၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၁၈ လတိတိ ကြာကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေရဲ့အခြေအနေအလိုက် လုပ်ဆောင်တာမို့လို့ ၁ နှစ်ခွဲတိတိကြာမြင့်ခဲ့တဲ့ သဘောဖြစ်ပြီး မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ၁၈ ရာခိုင်နှုန်းမျှသာ မဲပေးခဲ့ကြတယ်လို့ဆိုပါတယ်။ သို့ပေမဲ့လည်း ရွေးကောက်ပွဲက တရားဝင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒီအချိန်က ဗကပ၊ အလံနီ၊ ကေအန်ဒီအို ၊ ပြည်သူ့ရဲဘော်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အချို့ စတဲ့ အဖွဲ့အသီးသီးက နယ်မြေအများအပြားကို ထိန်းချုပ်ထား စိုးမိုးထားတဲ့အောက်မှာ ရွေးကောက်ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ခု ကာလက ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံအခြေအနေနဲ့ မတူတဲ့ နောက်ခံအနေအထားတွေလည်း အများအပြားရှိမှာဖြစ်ပြီး တဖက်မှာတော့ ဘယ်လို ဖြစ်နေပါစေ၊ ၁ နှစ်ခွဲကြာကာလအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တယ်ဆိုတဲ့ အစဥ်အလာတခု ရှိနေပြီး မဲပေးခွင့်ရှိသူရဲ့ ၁၈ ရာနှုန်းမျှသာ မဲပေးပေမယ့်လည်း ရွေးကောက်ပွဲကျင်းပပြီး ဥပဒေကြောင်းအရ တရားဝင်တယ်ဆိုတဲ့ အစဥ်အလာက အခုလို အခြေအနေနဲ့ နှိုင်းယှဥ် ပြောဆိုစရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ 

ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက် ဆိုတဲ့ စကားကို နိုင်ငံရေးလေ့လာ အကဲခတ်သူ ဝေဖန်သူတွေက သုံးနှုန်းကြလေ့ရှိသလို စစ်ကောင်စီကလည်း နိုင်ငံတကာ သံတမန်ရေး အကျပ်အတည်း၊ ပြည်တွင်း အတိုက်အခံဘက် စုစည်းမှု ဖိအားပေးမှုကို ရွေးကောက်ပွဲနည်းနဲ့ ထွက်ပေါက်အဖြစ် ယူဆထားကောင်း ယူဆထားမှာ ဖြစ်ပါတယ်။ 

NUG နဲ့ လက်နက်ကိုင် တော်လှန်ရေးကိုသာ ပိုင်းဖြတ်ထားတဲ့ အင်အားစုတွေအနေနဲ့တော့ ရွေးကောက်ပွဲဟာ ထွက်ပေါက်တရပ်အဖြစ် မမြင်ဘဲ ဒီရွေးကောက်ပွဲထွက်ပေါက်ကနေ စစ်တပ်ကို အသက်ရှူခွင့်မရအောင် လုပ်ဆောင်မယ်လို့ စဥ်းစားပိုင်းဖြတ်မှုရှိကောင်းလည်း ရှိနိုင်ပါတယ်။ 

ဒီအတွက်ဆိုရင်တော့ မိမိတို့ဘက်မှာ စစ်ရေး မဟာဗျူဟာ၊ စည်းရုံးရေး မဟာဗျူဟာနဲ့ စစ်ရေး အတွက်လိုအပ်တဲ့ လက်နက်၊ ခဲယမ်း၊ ဖွဲ့စည်းမှု လေ့ကျင့်မှုနဲ့ နိုင်ငံရေးအရ ဦးဆောင်မှုတွေ ပြည့်စုံစွာပြင်ဆင်ထားနိုင်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar