သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၁ )
သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၁ )
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၂
အမေရိကန်နဲ့ အနောက်အုပ်စု ဆန့်ကျင်ရေးအမြင်လို့ မပြောသာရင်တောင်မှ အေးခဲတဲ့ဆက်ဆံရေး အခြေခံမူအားဖြင့် တူညီမှုရှိတဲ့အပြင်၊ လူ့အခွင့်အရေးကိစ္စများမှာလည်း တဘက်နဲ့ တဘက် ထောက်ပြလေ့ မရှိကြတဲ့အတွက် တရုတ်-ရုရှား ဆက်ဆံရေးကို မိတ်ဖက်အသွင် ကြည့်မြင်တတ်ကြပါတယ်။ မှန်ကန်သင့်သလောက် မှန်ကန်မှုရှိပေမယ့် ဆောင်းပါးရည်ရွယ်ချက်က လေyjnfလေညင်းကာလထက် လှိုင်းထန်ခဲ့တဲ့ အချိန်များရဲ့ သမိုင်းသင်ခန်းစာများမှတဆင့် အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ အရှိန်ပိုရလာတဲ့ ရုရှား-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုသဘောထားလေမလဲဆိုတဲ့ အတွေးထောင့်ဘက်မှ ရှုမြင်လိုခြင်း ဖြစ်ပါတယ်။
မိတ်ဆွေ မိတ်ဖက် မိစ္ဆာ ပြဿနာ
နိုင်ငံအချင်းချင်းကြားမှာ ဗျူဟာမြောက် အဆင့်ခွဲခြားသတ်မှတ် ဆက်ဆံမှုတွေ ရှိကြတာက ဖုံးကွယ်ထားလို့ ရတဲ့ အရာတွေတော့မဟုတ်၊ လုပ်ရိုးလုပ်စဥ်တခုလို့တောင် ပြောလို့ရမယ့်အနေပါ။ တချိန်တည်းမှာပဲ ပစ္စုပန် အခြေအနေတခုတည်းကိုသာမက အတိတ်သမိုင်းကြောင်းတွေနဲ့ ချိန်ထိုးစဥ်းစားကြည့်ရတာတွေလည်း ရှိပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ အတိတ်ကို ပြန်တူးဆွကြည့်ရင် မိတ်ဆွေလိုမဟုတ်ဘဲ တဘက်နဲ့တဘက် မိစ္ဆာကဲ့သို့ပင် မြင်ခဲ့ကြတဲ့ ကာလတွေလည်း ရှိခဲ့ကြဖူးတာကို တွေ့ရပါတယ်။
နယ်စပ်ချင်း ထိကပ်နေကြတဲ့ နိုင်ငံများအတွက် အဝေးကနိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်ဖို့ထက် အိမ်နီးချင်းများနဲ့ ပြဿနာကြီးငယ် ပိုကြုံတွေ့လေ့ရှိကြတာကတော့ သဘာဝပဲလို့ ဆိုရမှာပါ။ ‘ဆိုဗီယက်ယူနီယံ’ကာလက ‘တရုတ်နိုင်ငံ’နဲ့ ထိစပ်နယ်နိမိတ် (၇၅၀၀) ကီလိုမီတာခန့်ရှိခဲ့ပြီး ဒီနေ့ဒီအချိန်မှာတော့ ‘ရုရှား’နဲ့ ‘တရုတ်’ ကြား (၄၃၀၀) ကီလိုမီတာ ပတ်ဝန်းကျင် နယ်နမိတ်ရှည် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအတွက် ဒီကနေ့ မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်း နယ်စပ်(၂)ခုပေါင်း အရှည်လောက် ဆက်လက်ထိစပ်နေတုန်းလို့ ပြောနိုင်ပါတယ်။
အချုပ်အခြာ အာဏာပိုင်နိုင်ငံတခုဟာ မြန်မာနိုင်ငံ အကျယ်အဝန်းပမာဏနီးပါးရှိတဲ့ သူ့နိုင်ငံနယ်နိမိတ်ကို အိမ်နီးချင်း အင်အားကြီးနိုင်ငံတခုလက်ထဲ လက်လွှတ်ဆုံးရှုံးခဲ့ရဖူးတဲ့ အတိတ်သမိုင်း ရှိခဲ့ဖူးတယ် ဆိုကြပါစို့။ လက်ရှိ နိုင်ငံကို ပဲ့ကိုင်မောင်းနှင်သူတွေအတွက် ဒါဟာ မေ့မေ့ပျောက်ပျောက် ထားရမယ့် အတိတ်ဖြစ်ရပ်တခု သာလို့ပဲ သတ်မှတ်ကြမလား၊ ဒါမှမဟုတ် မျက်မှောက်ကာလ လက်ခံထားကြတဲ့ နယ်နမိတ် သဘောတူညီချက်များကြောင့် ထုတ်မပြောသာတဲ့ ဆူးတချောင်းအဖြစ် စူးဝင်ခံစားနေကြရဆဲပဲလား ဆိုတာကိုတော့ အပြင်ကနေ မှန်းဆကြည့်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒီအဖြစ်အပျက်တွေအတွက် ဒီကနေ့နဲ့ ခပ်ဝေးဝေး အချိန်ကာလတခုကို ပြန်သွားကြည့်လိုပါတယ်။ နှိုင်းယှဥ် စဥ်းစားရမယ်ဆိုရင် မြန်မာ့သမိုင်းမှာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲရှုံးပြီး ကာလပတ်ဝန်းကျင်လို့ ပြောရပါ မယ်။ တရုတ်မှာ‘ချင်း’အင်ပါယာ(မန်ချူးမင်းဆက်-Qing Dynasty)၊ရုရှားမှာ ရုရှားအင်ပါယာ ကြီးစိုးချိန်ပါ။
၁၈၅၃ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲရှုံးခဲ့ပြီးတဲ့နောက် အောက်မြန်မာနိုင်ငံကို လက်လွှတ်ခဲ့ရပေမယ့် မြန်မာ့လွတ်လပ်ရေးနဲ့အတူ တစုတစည်းတည်း မြန်မာတို့ ပြန်လည်ရရှိခဲ့ပါတယ်။ မရှေးမနှောင်းအချိန်မှာ ‘အေဂန်’ စာချုပ်- ၁၈၅၈ ခုနှစ် (Treaty of Aigun)၊ ’ပီကင်း’စာချုပ်-၁၈၆၀ ခုနှစ်(Treaty of Peking) နဲ့ ‘ချင်း’ အင်ပါယာ (မန်ချူးမင်းဆက်-Qing Dynasty) လက်ထက်မှာ ရုရှားတို့ထံ မြန်မာနိုင်ငံတခုလုံး နီးပါးလောက်ရှိတဲ့ နယ်မြေဧရိယာတွေကို တရုတ်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး လက်ဝယ်ဘယ်တော့မှ ပြန်လည်မရရှိတော့တဲ့ သမိုင်း ဖြစ်ရပ်ရှိခဲ့ပါတယ်။
တိုက်ဆိုင်မှုတခုအနေနဲ့ ပြောရရင် အခု ‘(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်’ ကျင်းပတဲ့ ‘ဗလာဒီဗော့စတော့ခ်’မြို့ဟာ Treaty of Aigun (၁၈၅၈)နဲ့ Treaty of Peking(၁၈၆၀)စာချုပ်တို့အရ တရုတ်တို့ဆီက ရုရှား အင်ပါယာ သိမ်းယူရရှိခဲ့တဲ့ မူလတရုတ်ပိုင်နယ်မြေထဲမှာ ပါရှိသွားခဲ့တာ ဖြစ်ပါတယ်။ ‘ချင်း’အင်ပါယာလက်ထက်က တရုတ်နာမည် ‘ဟိုင်ရှင်ဝိုင်း’(Haishenwai)လို့ ခေါ်ဆိုရာမှ ရုရှားလက်ထဲရောက်တော့ ‘ဗလာဒီဗော့ စတော့ခ်’ အမည်ပြောင်းသွားတာပါ။
၂၀၂၀ ပြည့်နှစ် ‘ဗလာဒီဗော့စတော့ခ်’ (၁၆၀) နှစ်ပြည့်အထိမ်းအမှတ် ရုရှားတို့ ဆင်နွှဲခဲ့စဥ်က တရုတ်သတင်းနဲ့ ဆိုရှယ်မီဒီယာမှာ ဝေဖန်တိုက်ခိုက်မှုတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။ တရုတ်ဘက်က ကြည့်ရင်တော့ သူတို့မြေပိုင်နက်ကို အနိုင်ကျင့်ရယူသွားတာ ၁၆၀ နှစ်ကြာခဲ့တဲ့ ခံစားမှုကို တန်ပြန် ထုတ်ဖော်ကြတာပါ။ တရုတ်အစိုးရဘက်က အတိအလင်း ဝင်ရောက်ပြောကြားမှုတွေ ဝင်ရောက်မပြုလုပ်ခဲ့ပေမယ့်၊ ဆင်ဆာတင်းကျပ်မှု များစွာ ရှိတဲ့နိုင်ငံမှာ နှစ်နိုင်ငံကြား မကျေမလည် ဖြစ်လာနိုင်စေတဲ့ အရေးကိစ္စကို၊ လွှတ်ပေးထားလိုက်သလိုမျိုး ဖြစ်သွားတာကနေ အဓိပ္ပာယ်ကောက်ယူ ကြည့်နိုင်ပါတယ်။
တရုတ်နိုင်ငံဟာ ဘိုးဘေးဘီဘင်လက်ထက်က ဖြစ်ပျက်မှုတွေကို လွယ်လွယ်နဲ့ မေ့ပျောက်လေ့ရှိတဲ့ တိုင်းပြည်တခုလို့လည်း ဆိုနိုင်ပါတယ်။ ထပ်တူနှိုင်းပြလို့မရတဲ့ ဖြစ်ရပ်များဆိုပေမယ့် ဂျပန်နဲ့ အတိတ်ဇာတ်လမ်းတွေကို ဘယ်လိုခံစားတုံ့ပြန်နေကြဆဲ ဆိုတာကလည်း အားလုံးအသိပါပဲ။ အထက်က ပြောခဲ့သလို မြန်မာနိုင်ငံ ဧရိယာနီးပါးလောက်ရှိတဲ့ ကိုယ့်မြေပိုင်နက် သိမ်းပိုက်ခံလိုက်တဲ့ သမိုင်းအဖြစ်အပျက်ကိုလည်း လက်ရှိမျိုးဆက်များက လွယ်လွယ်ကူကူ မေ့ပျောက်နိုင်ကြပါ့မလား။
၂၀ ရာစုထဲ ရောက်လာပြန်တော့လည်း နှစ်နိုင်ငံကြား ပြဿနာတွေ ဆက်ရှိပြန်ပါသေးတယ်။ ချန်ကေရှိတ် လက်ထက် ၁၉၂၉ ခုနှစ်မှာ Chinese Eastern Railway (CER) ရထားလမ်းနဲ့ ပတ်သက်ပြီး အရေအတွက် သိန်းချီတဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် တိုက်ခိုက်ကြလို့ ထောင်ပေါင်းများစွာသော ကျဆုံးဒဏ်ရာ ရရှိမှုတွေ ဖြစ်ပေါ်တဲ့ ပဋိပက္ခမျိုးကို ကြုံခဲ့ရပါတယ်။
အင်အားကြီး ကွန်မြူနစ်နိုင်ငံ နှစ်နိုင်ငံလက်ထက် ကြုံတွေ့ရတဲ့ အတက်အကျ အနိမ့်အမြင့် ဆက်ဆံရေး အလုံးစုံကိုတော့ အကျယ်ချဲ့မနေတော့ပဲ ဒီဆောင်းပါးအတွက် အဓိကကောက်နုတ်ဖော်ပြလိုတဲ့ ဖြစ်ရပ်တခုကို ရေးသားချင်ပါတယ်။ ဒီနေ့ကာလမှာတော့ စစ်အင်အားကြီးနိုင်ငံတခုက နယ်မြေသိမ်းပိုက်ဖို့ ကြိုးစားခဲ့သလို နျူးကလီယားလက်နက်နဲ့ ခြိမ်းခြောက်တယ်လို့ဆိုရင် ရုရှားနဲ့ ယူကရိန်းကို ပြေးမြင်မိကြပါလိမ့်မယ်။ အတိတ်ကာလက ဆိုရင်တော့ ရုရှားနဲ့ တရုတ်အကြားက ဇာတ်လမ်းလို့ ပြောရမှာပါ။ ရုရှားက တရုတ်နယ်မြေကို သိမ်းယူခဲ့တာကို အထက်မှာဖော်ပြခဲ့ပြီးပါပြီ။ နောက်တကြိမ် နျူးကလီယားလက်နက်နဲ့ တိုက်ခိုက်ခံရဖို့ ကြုံခဲ့ရတာကလည်း တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဖြစ်ခဲ့တာဆိုတော့ ‘ဘရက်ဇ်ညက်ဗ်’လက်ထက် ဆိုဗီယက်ပြည်ထောင်စုနဲ့ မော်စီတုန်းလက်ထက် တရုတ်နိုင်ငံပါ။
၁၉၅၀ အစောပိုင်းနှစ်များကတည်းက နျူးကလီယားနည်းပညာ ရယူတီထွင်နိုင်ဖို့ တရုတ်ခေါင်းဆောင်များ စိတ်ကူးရှိခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ အဲဒီအချိန်က နျူးကလီယားလက်နက်ပိုင်ရှင်များက အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ယူနီယံပါ။ နှစ်နိုင်ငံလုံးက နောက်ထပ် နျူးကလီယား အင်အားကြီးနိုင်ငံတခု ထပ်ပေါ်လာမှာကို ဆန္ဒမရှိကြပေမယ့် ကနဦးကာလမှာ ဆိုဗီယက်ပညာရှင်တွေက အကူအညီပေးခဲ့ပါတယ်။
တရုတ်-ဆိုဗီယက် ဆက်ဆံရေး မချောမွေ့တော့တဲ့ နောက်ပိုင်း ဆိုဗီယက်ပညာရှင်တွေ ပြန်ခေါ်ခဲ့ပေမယ့် ဆိုဗီယက် အကူအညီမပါဘဲ တရုတ်တို့ရဲ့ ပထမဆုံးမှတ်တမ်းတင် နျူးကလီယားစမ်းသပ်မှုကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ‘ယူရေနီယမ်- ၂၃၅ (U-235)ကို အသုံးပြုပြီး ရှင်းဂျန်ပြည်နယ် ‘Lop Nur’ စမ်းသပ်ကွင်းမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ အမေရိကန်၊ ဆိုဗီယက်တို့လောက် စွမ်းရည် မပြည့်ဝတဲ့ နျူးကလီယားလက်နက်တွေ ပိုင်ဆိုင်လာခဲ့ပါတယ်။
ပထမနျူးကလီယားစမ်းသပ်မှုကနေ ၅ နှစ်ပတ်ဝန်းကျင်ရောက်ရှိလာခဲ့တဲ့ ၁၉၆၉ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ တရုတ်အခေါ် ‘Zhenbao’ကျွန်း၊ ရုရှားအခေါ် ‘Damansky’ ကျွန်းကို တရုတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာက နှစ်နိုင်ငံကြား ပဋိပက္ခကြီးထွားလာခဲ့ပါတယ်။ တကယ်တော့ ဒီကျွန်းလေးဟာ ၀.၂၉ စတုရန်းမိုင်သာရှိတဲ့ နေရာလေးပါ။ ဒါပေမဲ့ အဲဒီ မီးစတောက်လောင်ခဲ့ရာက ပြဿနာ တဖြည်းဖြည်း ပိုကြီးမားလာကာ နှစ်ဖက်ကျဆုံး ဒဏ်ရာရမှုလည်း များလာခဲ့ပါတယ်။
အဲဒီအချိန်က တရုတ်နိုင်ငံဟာ ဒီနေ့ တရုတ်စစ်အင်အားလောက် မကြီးသေးသလို၊ ဆိုဗီယက်ယူနီယံကလည်း စစ်အင်အား ကြီးမားနေတဲ့အချိန်ပါ။ ဝါဆောစစ်အုပ်စုကို ဦးဆောင်ထားတဲ့ ဆိုဗီယက်ဟာ ၁၉၆၈ ခုနှစ်ကပဲ ‘ချက်ကိုစလိုဗားကီးယား’ကို ကျူးကျော်ပြီး အစိုးရအပြောင်းအလဲ ဖြစ်စေခဲ့တာပါ။ ဒီလိုအနေအထားမျိုးမှာရှိတဲ့ ဆိုဗီယက်ခေါင်းဆောင်တွေဟာ စိတ်ရှည်သည်းခံနိုင်မှု ဆက်မရှိတော့ဘဲ နျူးကလီယားလက်နက် အသုံးပြုဖို့အထိ ကြံရွယ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆိုဗီယက်ယူနီယံအနေနဲ့ ၁၉၄၉ ခုနှစ်ကတည်းက နျူးကလီယားလက်နက် စမ်းသပ်အောင်မြင်ထားတဲ့အတွက် တရုတ်နိုင်ငံထက် နည်းပညာနဲ့ စွမ်းရည် ပိုမြင့်မားပြီး တရုတ်ရဲ့ နျူးကလီယား စစ်စခန်းတွေကို တိုက်ခိုက်ဖို့ အစီအစဥ်ရှိတယ်လို့ မှတ်တမ်းတင်ရေးသားကြပါတယ်။ ‘မော်စီတုန်း’နဲ့ အဲဒီအချိန်က ဒုတိယအာဏာ အရှိဆုံးဖြစ်သူ ‘လင်းပြောင်’ (Lin Biao) အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေလည်း ပီကင်းမြို့တော်ကနေ နေရာပြောင်းရွှေ့ကြရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ တရုတ်နျူးကလီယား တပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားခဲ့ရတယ်။
လက်တွေ့မှာတော့ နျူးကလီယားစစ်ပွဲ မဖြစ်ခဲ့ပါဘူး၊ ဒီအကြောင်းရင်းကို ပြန်ရှာကြည့်တော့ အမေရိကန် ပြည်ထောင်စုရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍရှိတယ်လို့ ရေးသားထားကြပါတယ်။ အမေရိကန်အနေနဲ့ ဆိုဗီယက်ရဲ့ နျူးကလီယားစစ် ပြင်ဆင်နေမှုကို သတိထားမိတယ်လို့လည်း ဆိုပါတယ်။ အချို့က ဆိုဗီယက်ရဲ့ အမေရိကန်သဘောထားကို တီးခေါက်ကြည့်မှုကြောင့်လို့ ဆိုပြီး၊ အချို့ကတော့ ထောက်လှမ်းရေးသတင်းများကြောင့်လို့ ပြောကြပါတယ်။
အိမ်ဖြူတော်ရဲ့ သဘောထားနဲ့ပတ်သက်ပြီး ထိုစဥ်က အမျိုသားလုံခြုံရေးအကြံပေး ‘ဟင်နရီကစ်ဆင်ဂျာ’က ဆိုဗီယက်သံအမတ်ကို တွေ့ဆုံကာ ဖြစ်လာခဲ့ရင် ဒီကိစ္စမှာ ကြားနေမှာမဟုတ်ဘဲ ဆိုဗီယက်ကို လက်တုံ့ပြန်မယ် ဆိုတဲ့အကြောင်း ပြောလို့ အစီအစဥ်ပျက်ခဲ့တယ်ဆိုပြီး ‘Southern China Morning Post’ သတင်းစာမှာ ရေးပါတယ်။
‘ကစ်ဆင်ဂျာ’ရဲ့ ‘White House Years’ စာအုပ်မှာတော့ ‘ကမ္ဘာ့ပါဝါညီမျှနေမှုကို ပျက်ပြားစေနိုင်တဲ့အရာ ဖြစ်လို့ လျစ်လျူမရှုနိုင်၊ ဒါပေမဲ့ တိုက်ရိုက်အမေရိကန်က ဝင်စွက်ပြန်ရင်လည်း ပြည်သူတွေက လက်ခံကြမယ် မထင်ဘူး’ ဆိုတဲ့အမြင်ကို ပြောထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စုဆောင်းထားတဲ့ သမိုင်း အချက်အလက်များမှာတော့ သမ္မတ ‘နစ်ဆင်’နဲ့ ‘ကစ်ဆင်ဂျာ’တို့ ပြောဆိုကြရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုဗီယက်တို့ကို အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ အသိပေးဖို့ စဥ်းစားကြတဲ့ ပုံစံမှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုအခြင်းအရာမျိုးက ကာယကံရှင်တွေကိုယ်တိုင် အတိအလင်းပြောမှသာ ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်ပေမယ့် အနည်းဆုံးအနေနဲ့တော့ အမေရိကန်တို့ လိုလိုလားလား မရှိမှုကြောင့် ပျက်ပြယ်သွားရတယ်လို့ပဲ ကောက်ချက်ချကြရမှာပါ။
စစ်အေးကာလမှာ အမေရိကန်၊ ဆိုဗီယက် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်လက်နက်အင်အားကို အသုံးချကြဖို့ ကြိုးစားကြတဲ့ သာဓကတွေ ဒီလိုပဲရှိတတ်ကြပါတယ်။ ‘နစ်ဆင်’ကိုယ်တိုင်ကလည်း ‘ဗီယက်နမ်’စစ်ပွဲမှာ နျူးကလီယားလက်နက် အသုံးပြုဖို့ စဥ်းစားခဲ့သေးတယ်ဆိုပြီး ၁၉၈၅ ခုနှစ် ဇူလိုင်လထုတ် ‘တိုင်းမ်’မဂ္ဂဇင်း အင်တာဗျူးမှာ ပြောကြားခဲ့ဖူးတာပါပဲ။
ဒီတော့ အဆုံးမှာ နျူးကလီယားစစ်ပွဲ မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ ဆိုဗီယက်ဘက်က ကမ္ဘာမြေပြင်ပေါ်က ပျောက်သွားအောင် လုပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးရှိတယ်လို့ ရေးသားမှုများလည်း ရှိပါတယ်။ တကယ် ပြော၊ မပြောဆိုတာက တပိုင်းပါ၊ သေချာတာကတော့ တရုတ် နျူးကလီယား စစ်စခန်းတွေ အကယ်၍များ အတိုက်ခံခဲ့ရရင်တော့ လူဦးရေများပြားတဲ့ တရုတ်နိုင်ငံရင်ဆိုင်ရမှာက ‘ဟီရိုရှီးမား’၊ ‘နာဂါစကီ’တို့မှာ အဏုမြူဗုံး ဒဏ်ခံခဲ့ရတာထက် အများကြီးဆိုးပါလိမ့်မယ်။
လွန်ခဲ့တဲ့ရာစုနှစ်ဝက်က အဖြစ်အပျက်ဆိုတော့ လက်ရှိ တရုတ်နိုင်ငံ ခေါင်းဆောင်များထဲက ဒါကို မီခဲ့သူတွေ ရှိပါတယ်။ မျိုးဆက်သစ် ခေါင်းဆောင်များအတွက်လည်း သိပ်ဝေးဝေးလံလံ ကာလကဖြစ်ရပ်လို့ မဆိုနိုင်ပါဘူး။ ထပ်ပြီးတော့ ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ် စစ်ပွဲမှာ ဆိုဗီယက်က ဗီယက်နမ်ကို ထောက်ခံခဲ့သလို၊ (၁၉၇၉-၈၉) ခုနှစ် ဆိုဗီယက်တို့ အာဖဂန်နစ္စတန်ကို ဝင်ရောက်သိမ်းပိုက်တဲ့အခါမှာလည်း တရုတ်နိုင်ငံက အာဖဂန် မူဂျာဟစ်ဒင်များကို ထောက်ပံ့ကူညီခဲ့တာကိုလည်း ဖော်ပြလိုပါတယ်။ ဒီသမိုင်းကြောင်းတွေကို ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ ရုရှားတို့အပေါ် လုံးလုံးလျားလျား ယုံကြည်စိတ်ချမှုမျိုး ထားရှိနိုင်မှာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်ပါတယ်။
ဒီအတွက် ရုရှားလိုနိုင်ငံမျိုးက ဆင်ခြင်တုံတရားနည်းပါးပြီး ညံ့ဖျင်းမိုက်မဲတဲ့ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ဆက်ဆံလာခြင်းအပေါ် အိမ်နီးချင်းတရုတ်နိုင်ငံအနေနဲ့ သံသယစိတ်မလျော့ပဲ သတိကြီးကြီးနဲ့ စောင့်ကြည့် နေဖို့ ပိုများလိမ့်မယ်လို့ပဲ ဆိုချင်ပါတယ်။
ကိုးကားသည့် စာအုပ်စာတမ်းများအနက်မှ ခြုံငုံထင်ဟပ်စေနိုင်သည့် ရည်ညွှန်းစာရင်းအကျဥ်း
[1] The Office of the Historian: FOREIGN RELATIONS OF THE UNITED STATES, 1969–1976, VOLUME XXXIV, NATIONAL SECURITY POLICY, 1969–1972
[2] O’Neill, Mark. “Nixon Intervention Saved China from Soviet Nuclear Attack.” South China Morning Post. Last modified May 12, 2010.
(ဆက်လက်ဖေါ်ပြပါဦးမည်)
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar