မြပုလဲစု - ချောင်ပိတ်လို့ ပြန်ကိုက်သူများ
မြပုလဲစု
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၂
“သူတို့ပထမတခေါက်လာတုံးကကြိတ်ပြီးသားဆီပုံးတွေအားလုံးရော ဆန်တွေပါ ပါသွားတယ်။ ပုတ်ထဲက စပါးတွေကျ မီးပုံရှို့သွားတယ်။ဒါပေမဲ့ မီးဖိုချောင်ထဲက ဆားဘူးလေး၊ အချိုမှုန့်ဘူးလေးတွေတော့ကျန်နေခဲ့သေးတယ် ”
“နောက်တခေါက် ဘယ်က မိန်းမတွေမှန်း မသိပါဘူး ခေါ်လာတာ။ အဲဒီ မိန်းမတွေပါတော့မှ မီးဖိုစင်ပေါ်က အချိုမှုန့်ဘူးကအစ တံစို့သီပြီးကင်ထားတဲ့ငရုပ်သီးခြောက်တောင် မချန်ပါဘူး ဆရာလေးရယ်။ အကုန်ပြောင်နေအောင်ယူသွားတော့တာ။” အမေအိုက တဗျစ်တတောက်တောက်ပြောသည်။
“မီး တော့ရှို့မသွားဘူးပေါ့” သတင်းထောက်လေးကမေးသည်။
“မီးတော့ခုထိမရှို့သေးဘူး။ ခပ်လှမ်းလှမ်းကရွာတွေတော့ကုန်ပေါ့ ”
“မီးမရှို့လို့ အိမ်ကျန်နေတာကိုပဲ ကျုပ်တို့ကံကောင်းနေရသေးတာ။ ဒါပေမဲ့ အိမ်ကျန်တာကလွဲရင် အကုန်ပြောင်တာပါပဲတော်။ သူခိုးကမှ အစုတ်ချန်ထားခဲ့သေးတယ်။ ခုတော့ ကျူပ်မြေးလေး ကလေးပေါက်စ အနှီးကအစ မကျန်ပါဘူးတော်။ ယူသွားကြတာ ”
အမေအိုက မျက်လုံးထောင့်က မျက်ရည်သဲ့သဲ့ကို ပခုံးပေါ်က တဘက်ဟောင်းလေးနှင့်သုတ်ရင်း ဝမ်းနည်းစွာပြောသည်။
ဘေးမှာ ဆောင့်ကြောင့်လေးထိုင်နေသော သူမခင်ပွန်း ဘကြီးကတော့ သူ့ကတုံးပြောင်လေးကို ပွတ်လိုက်၊ အဆီပြန်နေသောမျက်နှာကိုပွတ်လိုက်၊ အမယ် ကြီးမျက်ရည်ကျတိုင်း သူပါ နှာခေါင်းတရှုံ့ရှုံ့ဖြစ်လာကာ တံတွေးချည်းမြိုချနေလေသည်။
“ကျုပ်အသက်အရွယ်အရဆရာလေးရယ်။ မီသလောက်ခေတ်တွေလည်း မီခဲ့တာပဲ။ အခုလောက်တော့ဘယ်ဟာမှ မဆိုးခဲ့ပါဘူ။ အခုက တော်တော်ဆိုး။ အဲဒီကောင်တွေက လူမဟုတ်တော့ဘူးဆရာလေးရ။ အရိုင်းအစိုင်းတိရစ္ဆာန်တွေ ”
ဘကြီးက အသံတုန်တုန်နှင့်ပြောလေသည်။
မြေပဲလေးရတုန်း ဆီလေးကြိတ်ပြီး ရန်ကုန်ကတူမလေးထံပိုဖို့ရည်ရွယ်ထားခဲ့သည်။ တူမလေးက ဈေး ကောင်းလေးရအောင် ရောင်းပေးမည်ဟု အာမ ဘန္တေခံထားခဲ့လေတော့ရသမျှ မြေပဲလေးကိုအကုန်စုပြီးကြိတ်ထားခဲ့ကာ၊ ရန်ကုန်ပို့ဖို့လုပ်တုန်း သူတို့လက်ချက်မိသွားရတာ ရင်နာလို့မဆုံးပေ။
ဆီဖိုးလေးတွေရလျင် ဟိုက သည်က အကြွေးလေးတွေလည်းဆပ်နိုင်မည်။ တဖြည်းဖြည်းအပေါက်အပြဲများလာသော ခေါင်းရင်းဘက်ကအိမ်ထရံလေး ကိုလည်း အသစ်ပြန်လဲမည် ဟူသောစိတ်ကူးလေးမှာ အခုတော့ သဲထဲရေသွန်ဖြစ်ရလေသည်။
ဘကြီးသည် သူ့ဘေးမှာတုံးလုံးချထားသော ဆာလာအိတ်ထုပ်ကြီးကိုလက်နှင့်ပုတ်ပြကာ...
“ဒီမယ်ကြည့် ဆရာလေး။ ဒီထဲမယ် စောင်လေးက နှစ်ထည်၊ အမယ်ကြီးနဲ့ကျူပ် အင်္ကျီကျန်သလောက်လေးတွေ၊ အမယ်ကြီးဆေးလေးတွေ၊ ဂဒေါင်းရှိ ( ground sheet) လေးတွေပါတယ်။ အထုပ်ကိုဖြည်ကိုမဖြည်ရဲဘူး ”
“ဒင်းတို့လာပြီဆိုတာနဲ့ အထုပ်ဆွဲပြီးပြေးရတာလားဆရာလေးရဲ့ ”
သတင်းထောက်လေးက မေးခွန်းမေးကာ စကားထောက်သ်။
“ဒါနဲ့ ဘကြီးတို့မှာ သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတယ်ဆိုလားလို့ ”
"ရှိတယ်ဆရာလေး။ ဒါပေမဲ့ အခုက•••”
“ကိုရင်၊ ကိုရင် တော်တော့ ”
ဘကြီးစကားမဆုံးခင် အမေကြီးက ဇွတ်ဝင်တားလေရာ ဘကြီးမှာစကားကိုဆုံးအောင်မပြောနိုင်။
နှုတ်ခမ်းသာ တပြင်ပြင်ဖြစ်နေပြီး အသံကထွက်မလာချေ။
သူ့ရှေ့က ဆရာလေးမှာ မြို့ပေါ်က သတင်းသမားဆိုလား။ ဒီလောက်ဝင်ရ၊ထွက်ရကြပ်နေသော ဒေသကိုဘယ်လိုရောက်အောင်ဝင်လာမှန်းမသိ။ တကိုယ်လုံး မည်းသဲပေပွနေကာ တောသားနှင့်မခြား ၊ ရုပ်မထွက်လေ။
ရွာက ဆရာမလေးကမိတ်ဆက်ပေး၍သာ စကားလက်ခံပြောနေရခြင်းဖြစ်သည်။ ဆရာမလေးမိတ်ဆွေဆိုတော့ ဆရာမလေးကိုယုံသလို ဆရာလေးကိုလည်း ယုံကြည်လို့ရလောက်ပေသည်။
သူ့မျက်လုံးလေးတွေနှင့် သူ့အသံမှာ ကရုဏာကဲနေသည်ကိုတော့ ဘကြီးက အကဲခတ်မိလေသည်။
ဘကြီးသည် အမေကြီးဘက်လှည့်ကာ ...
“မထူးပါဘူးရှင်မ ရာ။ ပြောပြလိုက်ပါ့မယ်။ ဆရာလေးကြည့်ရတာ ဒို့ဘက်ကပါပဲ "
“ဒီလိုဆရာလေးရ။ အကြီးဆုံးကောင်က အိမ်ထောင်နဲ့။ကလေးလေးက အခါလည်ခါနီးလေး။ အလတ်ကောင်က ကျုပ်တို့နဲ့အတူ လယ်ဆင်း၊ ကိုင်းဆင်း။ သမီးလေးတော့ ကျောင်းဆရာမဖြစ်ချင်တယ်ဆိုလို့ ကျုပ်က ကျောင်းထားတာ၊ အဝေးသင်နဲ့ နောက်ဆုံးနှစ်ရောက်ပေါ့။ အခုဒီလိုတွေလည်း ဖြစ်လာရော ကျူပ်သားနှစ်ကောင်က ဟိုထဲဝင်သွားရော။ ချွေးမနဲ့မြေးလေးက သူ့မိဘတွေဆီပြန်။ သမီးလေးကျ ဟိုတိရစ္ဆာန်တွေရန်ကြောက်လို့ မြို့ပေါ်ကိုပို့ထားရတယ်။ ဆရာလေးလည်းသိသားပဲ။ ဒိပြင်နေရာတွေမယ် မိန်းကလေးတွေကိုဒီကောင်တွေဘယ်လိုလုပ်တယ်ဆိုတာကို ”
ဘကြီးသည်ပြောရင်းတန်းလန်းက ဆက်မပြောနိုင်ပဲရပ်သွားလေသည်။
အမေကြီးက
“အခုတော့ မိသားစုအားလုံးတကွဲစီဖြစ်နေတာပေါ့တော်။ ကျူပ်သားလေးတွေလည်း ဘယ်နားရောက်နေမှန်းမသိရဘူး။ တခါတလေ ဖုန်းလေးဘာလေးထိုးရင်တော့ စကားလေးပြောရပါရဲ့။ ငါ့သားလေးတွေ မသေဘူးဟဲ့လို့ ရင်ခဏငြိမ်သွားတာပေါ့။ နို့မို့ဘယ်နေ့ သေပြီဘို့ပြောမှာလည်း တထိတ်ထိတ်နဲ့ပဲ ”
“ဒါကြီးလည်းအမြန်ပြီးပါမှပဲ။ နို့မို့ ခွန်နှစ်ရက်သားသမီး ဘယ်သူမှ စိတ်မချမ်းသာရပါဘူးဆရာလေးရယ်။ ကျူပ်ရှိမဲ့ရှိစုလေး၊ မင်္ဂလာဆောင်တုန်းက အဘိုးကြီးက ကန်တော့အုပ်တင်တောင်းတဲ့အထဲပါလာတဲ့ နားကပ်လေးလည်း ကုန်ပေါ့။ သူတို့ ဟိုဟာ သည်ဟာ လိုတယ်ဆို ထည့်တာပဲ။ ကျုပ်ထက်ခက်နေကြတဲ့သူတွေတောင် သူတို့စားမဲ့ထမင်းထဲက ဖဲ့ကျွေးသေးတာ။ ကျုပ်က ဘာလို့မပေးနိုင်ရမှာတုန်း ”
“အခု အမေကြီးတို့ထမင်းစားတော့ရော” သတင်းစာဆရာလေးက မေးသည်။
“ဟိုကောင်တွေ ရွာထဲကပြန်ထွက်သွားပြီဆို ရွာပြန်လာကြ။ ထမင်းလေးရှိတာနဲ့ချက်စား။ တခါတလေလည်း မြို့က ထမင်းထုပ်လှမ်းလှူတယ်။ စားလည်းမစားနိုင်ပါဘူး ဆရာလေးရယ် ”
အမေကြီးသည်ပြောရင်းက အသံတိမ်ဝင်သွားကာ မျက်ရည်ကျပြန်လေသည်။
သူတို့နှစ်ယောက်လုံးသားသမီးတွေကိုလည်းလွမ်းသည်။ ချွေးမပေမင့်သမီးလေးနဲ့မခြားလိမ္မာသော ကလေးမလေးကိုလည်းလွမ်းသည်။အလွမ်းဆုံးက မြေးကလေး။ တကယ်ဆို အခုအချိန်မှာ သူတို့မြေးလေကို အဘိုးနဲ့အဘွားတလှည့်စီချီရင်းကြည်နူးရမည်းအချိန်မဟုတ်ပါလား။
“ကျူပ်တို့မိသားစုတွေ သေကွဲ၊ ရှင်ကွဲကွဲရသလို ဒင်းတို့မကွဲကြပါစေနဲ့။
ကျူပ်တို့ပြည်သူတွေ ရှိသမျှပျက်စီးဆုံးရှုံးရသလို ဒင်းတို့မဆုံးရှုံးကြပါစေနဲ့ ”
အမေကြီးက ပြောရင်း ဆို့နင့်စွာ ရှိုက်ငင်လေသည်။
“တကယ်တော့ဆရာလေးရ၊သူတို့က အဲလိုတွေလုပ်ပြရင် လူတွေက၊အကြောက်ကြီးကြောက်ပြီး သူတို့ပြောသမျှ နာခံမယ်ထင်နေတာ။ ရက်စက်ပြရင် ပိုကြောက်မယ်ထင်နေတာ။ တကယ်တော့ကျူပ်တို့က အကြောက်တရားမရှိရပဲနေလာခဲ့တာ ငါးနှစ်လေဆရာလေးရဲ့။ အဲဒီအရသာကို ကျူပ်တို့ကသိနေပြီ။ နောက်ပေါက်ကလေးတွေက သာတောင်သိကြသေးတယ် ”
“ဒီတော့ ဒီ အေးေအးချမ်းချမ်းချမ်းလေးနေရတာကို သူတို့ကအပျက်မခံတော့ဘူး။ ဒီအေးချမ်းမှုကိုတတ်နိုင်သရွေ့ပြန်ရအောင်ယူတော့မှာ "
“အဲ့တော့ ဒီကောင်တွေက ကြောက်အောင်ခြောက်လေ ဒီဘက်က မကြောက်တဲ့အပြင် ပိုခံပြင်းလေပဲ။
ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲ ဆရာလေးရယ် ”
ဘကြီးက ပြောရင်းဆိုရင်း သူ့ဘေးကအထုပ်ကြီးထမ်းပြီးသွားဖို့ ပြင်လေသည်။
“ကိုင်း ဆရာလေးရေ။သွားလိုက်ဦးမယ်။ ဆရာလေးလည်းဘေးကြည့်ရှောင်နော် ”
သတင်းထောက် ဆရာလေးကတော့တလှုပ်လှုပ် ထွက်သွားသော အဘိုးကြီး၊ အမယ်ကြီးနောက်ကျောကိုကြည့်ရင်း သူ့ရင်ထဲကစကားတခွန်းကို သူ့ဘာသာ ပြောကျန်ခဲ့လေသည်။
“ချောင်ပိတ်မိပြီး ပြန်ကိုက်နေတာ ကျွန်တော်တို့လား၊ သူတို့လားဆိုတာ အခုချိန် ဝေခွဲဖို့တောင်ခက်နေပါပြီဘကြီးရာ ”
+++++++++++++++++++++++++
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar