ကောင်းဇေလူ - အမေရိကန် အီးယူ အာဆီယံ - ဒီမိုကရေစီရေးအတွက် NUG အစိုးရကို အသိအမှတ်ပြုချိန်တန်ပြီ
ကောင်းဇေလူ - အမေရိကန် အီးယူ အာဆီယံ - ဒီမိုကရေစီရေးအတွက် NUG အစိုးရကို အသိအမှတ်ပြုချိန်တန်ပြီ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၂
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၇ ရက်နေ့က ရုရှားနိုင်ငံကို ရောက်ရှိခဲ့ပြီး၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့တယ်လို့သတင်းမီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌရဲ့ သုံးကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်တယ်။ လတ်တလော မြေပြင် အခြေအနေတွေအရ စစ်ကောင်စီဟာ သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံ မျက်ဖြူဆိုက်နေတယ်။ ဒါကြောင့် စစ်အုပ်စုကျဆုံးတော့မယ့် အခြေအနေကို ကုစားနိုင်ရေးအတွက် ရုရှားထံက အကူအညီရဖို့ အသည်းအသန် ကြိုးစား ချဉ်းကပ်နေပုံရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြတယ်။
မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးတွေးခေါ်ရှုမြင်ပုံဟာ အတော်ကို တကိုယ်ကောင်းဆန်ကြောင်း ရုရှားထံ တပည့်ခံခြင်းက သက်သေပြနေတယ်။ ရုရှားထံ တပည့်ခံခဲ့တဲ့ ဆီးရီးယားအာဏာရှင် (Bashar al-Assad)ကြောင့် ၂၀၁၁ ကနေ ယနေ့ထက်ထိ ဆီးရီးယားပြည်တွင်းစစ်မီးပိုမို တောက်လောင်ခဲ့ရတဲ့ ဖြစ်စဉ်ကို မင်းအောင်လှိုင် သိပုံမရဘူးလို့ ဆိုနိုင်တယ်။
ဆီးရီးယားပြဿနာမှာ ရုရှားနိုင်ငံ ပါ၀င်ပတ်သက်ခဲ့ပြီးနောက် စစ်ဘောင်ပိုကျယ်ပြန့်သွားခဲ့ပြီး တိုင်းပြည်လည်း ပြာပုံဖြစ် ပြည်သူတွေလည်း သေကျေဒုက္ခမျိုးစုံ ကြုံကြရတယ်။ ကုလသမဂ္ဂမှတ်တမ်းတွေအရ ၂၀၁၁ မတ်လကနေ ၂၀၂၂ ဇူလိုင်လ အထိ လူပေါင်း (၃၀၆,၈၈၇)ယောက်သေဆုံးခဲ့ပြီး၊ အိုးအိမ်မဲ့စစ်ဒဏ်သင့်သူပေါင်း ၆ သန်း ၇ သိန်းရှိတယ်လို့ဆိုတယ်။ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ အခြေခံအဆောက်အအုံတွေရဲ့ တန်ဖိုးပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယန် ၄၀၀ ကျော်ကြောင်း မှတ်တမ်းတွေအရ သိနိုင်တယ်။
ဆီးရီးယားရဲ့ ပျက်စီးသွားတဲ့ Tartus ပင်လယ်ဆိပ်ကမ်းကို ပြန်လည်အဆင့်မြှင့် တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းကို ရုရှားကို ပေးခဲ့ရတယ်။ ဆီးရီးယားနိုင်ငံရဲ့ ရေနံတူးဖော်ရေးကဏ္ဍလုပ်ငန်းတွေကိုလည်း ရုရှားရေနန်ကုမ္ပဏီကြီး ၂ ခုကို ပေးလိုက်ရတယ်။ ဆီးရီးယားနိုင်ငံနဲ့ ပါရှန်ပင်လယ်ကွေ့ မီးရထားလမ်းဆောက်လုပ်ခွင့် စီမံကိန်းကိုလည်း ရုရှားကပဲ ရရှိခဲ့တယ်။ ဒီအပြင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ဆောက်လုပ်တဲ့ ပြန်လည် ထူထောင်ရေးစီမံကိန်းတွေကိုလည်း ရုရှားက ရရှိခဲ့သေးတယ်။
ရုရှားနည်းတူ တရုတ်နိုင်ငံကလည်း Belt and Road Initiative စီမံချက်တွေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံခွင့်တွေ ရရှိခဲ့တာတွေရတယ်။ ဆီးရီးယား စစ်တလင်းဖြစ်ခဲ့ရတာကို တရုတ်နဲ့ ရုရှားတို့က လူသားချင်းစာနာမှုလက္ခဏာ ပြသခြင်းထက် သူတို့နိုင်ငံအကျိုးစီးပွားအတွက် ဘယ်လိုအမြတ်ထုတ် ရမလဲ ဆိုတဲ့ ရှုထောင့်ကပဲ ကြည့်ခဲ့ကြတာ မြင်နိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိစ္စတွေကို လျစ်လျူပြု အချိန်ဆွဲထားပြီး၊ စစ်ပွဲရှည်ကြာအောင်လုပ်ထားကြတယ်။
ဒါကြောင့် ရုရှားနဲ့ တရုတ်ဟာ မြန်မာကိစ္စ စဉ်းစားရာမှာလည်း သူတို့ အကျိုးအမြတ် များများရရှိရေးသာ ဦးစားပေးမှာ ဖြစ်တယ်။ အခုလည်း မြန်မာပြည်တွင်းစစ်မှာ အသုံးပြုနေကြတဲ့ စစ်လက်နက်တွေဟာ ရုရှားနဲ့တရုတ်နိုင်ငံတို့ ထုတ်လုပ်တဲ့ လက်နက်တွေက အများစုဖြစ်တာ မြင်သာပါတယ်။ အခု ရွာပေါင်းအမြောက်အမြားကို ဗုံးကြဲ စက်သေနတ်ပစ် တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လေယာဉ်နဲ့လက်နက်တွေဟာ ရုရှားနိုင်ငံလုပ်တွေ ဖြစ်တာကို သတိပြုကြဖို့ လိုတယ်။ မြန်မာစစ်ပွဲ ရှည်ကြာလေ တရုတ်နဲ့ ရုရှားအမြတ်ထွက်လေ ဖြစ်နေတာကို ဂရုပြုကြဖို့လိုတယ်။
တချိန်တည်းမှာ စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ကြောင်း ဒီဗွီဘီသတင်းက ဖော်ပြတယ်။ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်တဲ့ ပြည်သူ့ခုခံစစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေ စာရင်းအရ PDF တွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်းရဲဘော် စုစုပေါင်း ၁၅၀၀ ကျော် ကျဆုံးခဲ့ရ ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်။
“တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို အလေးပြုအပ်ပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးတိုက်ပွဲအတွက် အသက်စွန့်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများရဲ့ မိသားစုများကိုလည်း လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားလိုပါတယ်” လို့ NUG ယာယီသမ္မတ က ပြောကြားခဲ့တယ်။ ဒါ့အပြင် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ PDF စစ်သည်တော်တွေ၊ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ CDM သူရဲကောင်းတွေ၊ လူထုသပိတ် တိုက်ပွဲဝင်နေသူတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO၊ NUCC နဲ့ CRPH တို့ကိုလည်း မော်ကွန်းတင် ကျေးဇူးတင် လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလ က တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေတယ်လို့ဆို တယ်။ NUG ကာကွယ်ရေးဌာန ကွပ်ကဲအောက်မှာ ရှိမနေသေးတဲ့ ဒေသအလိုက် PDF အဖွဲ့တွေကိုလည်း ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ဆိုတယ်။
နယ်မြေစိုးမိုးထားတဲ့ မြို့နယ်ပေါင်း ၂၄ မြို့နယ်မှာ တရားသူကြီးတွေနဲ့ တရားစီရင်ရေးလုပ်ငန်းတွေ စတင် အကောင် အထည်ဖော်နေသလို ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးစတဲ့ လူမှုဝန်ဆောင်မှုတွေလည်း စတင်ဆောင်ရွက်နေတယ်လို့ ယာယီ သမ္မတက ဆိုတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က နယ်မြေစိုးမိုးနိုင်မှု၊ စစ်ရေး လှုပ်ရှားနိုင်မှု အားကောင်းလာသလို တချိန်တည်းမှာ မိတ်ဖက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများရဲ့ နယ်မြေ အုပ်ချုပ်မှု၊ စိုးမိုးမှု၊ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်မှုဟာလည်း ပိုမိုထိရောက် ကောင်းမွန်လာတာတွေ့ရပါတယ်၊ ဒါကြောင့် ခုခံတွန်းလှန်စစ် တနှစ်ပြည့်တဲ့အခုအချိန်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီအနေနဲ့ သူတို့ ကောင်းကောင်း စိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးဆိုတာကို ကျနော် ပြည်သူလူထုကို အလေးအနက် တင်ပြလိုပါတယ်” လို့ ပြောကြားခဲ့တယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့ ပထမဦးစွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်း သုတ်သင်မယ်၊ လက်ရှိတော်လှန်ရေးကာလ ကြားကာလ အသွင်ကူးပြောင်းရေးကာလဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေကို NUCC ရဲ့ ဦးဆောင်မှုနဲ့ စာတင်ရေးဆွဲရေးလုပ်ငန်းစတင်နေတယ်၊ အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအရ ဖွဲ့စည်းမယ်၊ ဒီကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူ အတည်ပြု မယ်၊ အထွေထွေရွေးကောက်ပွဲကျင်းပြီး ဒီမိုကရေစနည်းကျ ရွေးကောက် တင်မြှောက်ထားသူတွေနဲ့ အစိုးရဖွဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်လာအောင် လုပ်သွားမယ်လို့လည်း NUG ခေါင်းဆောင်က ရှင်းပြသွားတယ်။
မြန်မာ့ မျက်မှောက် အခြေအနေတွေကို ကြည့်ရင် အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်ခြင်း မရှိဘူးလို့ “မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့” (SAC-M) က မကြာသေးခင်က အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရတယ်။ နယ်မြေစိုးမိုးမှုလည်း မလုပ်နိုင်၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း မရနိုင် ဖြစ်နေတဲ့အတွက် အစိုးရတာဝန်ဝတ္တရား လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ဘဲ ဖြစ်နေတယ်။ ဒါကြောင့် စစ်ကောင်စီဟာ နယ်မြေဒေသ စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ အမြောက်အမြားအပေါ် ရက်ရက်စက်စက် လူမဆန်တဲ့ နည်းနာတွေ ကျူးလွန်ကျင့်သုံးနေကြောင်း SAC-M အဖွဲ့က ဝေဖန်ထောက်ပြခဲ့တာ တွေ့ရတယ်။
အခြားမျက်နှာစာဖြစ်တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေကို ကြည့်ရင် ပိုမိုတိုးမြင့် ရရှိလာနေတယ်လို့ဆိုတယ်။ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ De Facto လို့ ခေါ်တဲ့ လက်တွေ့ စီမံ အုပ်ချုပ်မှု ဆောင်ရွက် နေနိုင်တာကိုလည်း တွေ့ရကြောင်း SAC-M အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်။ လက်နက်ကိုင်နည်းနာနဲ့ စစ်ကောင်စီကို တော်လှန်နေကြသူတွေအပြင်၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ကြသူတွေ ပါဝင်တဲ့ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေကလည်း အစိုးရလုပ်ငန်းဆောင်တာ အုပ်ချုပ်ရေးကိစ္စတွေမှာ လက်တွေ့ ပါ၀င် ဆောင်ရွက်ပေးနေကြတာကို မြန်မာနိုင်ငံတလွှား တော်တော် ကျယ်ပြန့်လာနေတယ်လို့ ဆိုတယ်။
SAC-M အဖွဲ့ ပြုစုထားတဲ့ မြေပုံတွေ၊ စာရင်းဇယား ကိန်းဂဏန်းတွေ အရ ဒီမိုကရေစီ အင်အားစုတွေ လက်တွေ့ အုပ်ချုပ်မှု ပေးနေတဲ့ နယ်မြေတွေဟာ စစ်ကောင်စီ အာဏာစက် သက်ရောက်ရာ နေရာတွေထက် ပိုကျယ်ဝန်းပြီး၊ နေထိုင်တဲ့ လူဦးရေ အရေအတွက်ကို ကြည့်ရင်လည်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ရာ နယ်မြေတွေထဲက လူဦးရေ အရေအတွက်က ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ မြို့နယ် စုစုပေါင်း ၃၃၀ မှာ စစ်ကောင်စီ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ထားနိုင်တာ ၇၂ မြို့နယ်ပဲ ရှိပြီး၊ ဒါဟာ စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းပဲ ဖြစ်တယ်လို့ SAC-M ရဲ့ စာရင်းဇယားတွေက ဆိုတယ်။ စစ်ကောင်စီ သစ္စာခံ ပြည်သူ့စစ်အဖွဲ့တွေ၊ လက်နက်ကိုင် အုပ်စုတွေကတဆင့် ထိန်းချုပ်ထားနိုင်တာကလည်း နောက်ထပ် ၂၁ မြို့နယ်ပဲ ရှိတဲ့ အတွက် စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်း ဖြစ်တယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေသိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းနေအိမ် အလုံးပေါင်း ၂၈,၄၃၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တသန်းခွဲကျော်ရှိ ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ရ၀၀၀ ကျော်လောက်ရှိတယ်လို့ဆိုတယ်။ စစ်ကောင်စီစိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား ခဲ့တယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုစောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းအရသိရ တယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း “ပြည်သူ့ဘဏ္ဍာတွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက် ချယ်လှယ်ခွင့် ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို တနှစ်ကျော်ကာလ အတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရ ဘူး။” လို့ စက်တင်ဘာ ၆ က ကျင်းပတဲ့ NUG (၆၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာ သတိပြု မိတယ်။ မန်းဝင်းခိုင်သန်းက မြန်မာပြည်သူလူထုကြီးကို သွေးစည်းညီညွတ်မှုခိုင်ခိုင်မာမာနဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဝန်းရံထောက်ခံအားပေးကြဖို့ ထပ်မံနှိုးဆော်လိုက်ခြင်း ဖြစ်တယ်။ အောင်ပွဲဟာ လက်တစ်ကမ်းမှာ မြင်နေရပြီ ဖြစ်လို့ ဇွဲသန်သန်နဲ့ တောင့်ထားကြစေလိုတဲ့ သဘောဖြစ်တယ်။
အခြားတဖက်မှာ အားတက်စရာ အခင်းအကျင်းတွေလည်း ပေါ်ပေါက်နေတာ မြင်ရတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီထံမှာ Effective Control ရှိနေသယောင် ထင်မြင်ချက်တွေ အပေါ် အခြေခံပြီး နေပြည်တော် စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ထူထောင်တာမျိုး မလုပ်သင့်ကြောင်း၊ အာဏာသိမ်းစစ်တပ်ကို မဆက်ဆံသင့်ကြောင်း SAC-M အဖွဲ့က ဆော်ဩထားတာ တွေ့ရတယ်။
SAC-M အဖွဲ့ အဓိက တိုက်တွန်းတဲ့ အချက်ထဲမှာ ဥပဒေကြောင်းနဲ့ လျော်ညီတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဟာ NUG ဖြစ်တဲ့ အတွက် NUG အပေါ် ဒီမိုကရေစီ နိုင်ငံတွေမှာ အဓိက အတိုက်အခံပါတီက အစိုးရအဖွဲ့ပုံစံအတိုင်း လိုက်လံ ဖွဲ့ထားတဲ့ ရှဲဒိုးအစိုးရအဖွဲ့ ပုံစံမျိုး၊ သို့မဟုတ် စင်ပြိုင်အစိုးရ ၊ အဝေးရောက် အစိုးရ စသဖြင့် ရည်ညွှန်းသုံးစွဲတာမျိုးတွေ မလုပ်သင့်ကြောင်း ဆိုတဲ့ အချက်လည်း ပါဝင်တယ်။ အချုပ်အားဖြင့် လက်ငင်း မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းလက်ထဲ Effective Control ရှိနေသလဲ ဆိုရင် NUG နဲ့ NUG ရဲ့ မဟာမိတ် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ ရှိနေတယ်လို့ SAC-M အဖွဲ့က ဆိုပါတယ်။
"မြန်မာနိုင်ငံတော်သစ်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ ပေါ်လွင် ထင်ရှားလာနှင့်ပြီး ဖြစ်တယ် ဆိုတဲ့ အခြေအနေမှန်ကို သဘောပေါက် နိုင်ဖို့ရာ ကမ္ဘာကြီး အိပ်ရာက နိုးထဖို့ အချိန်တန်ပြီ" လို့ SAC-M အဖွဲ့ကို ဦးဆောင်ထူထောင်သူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ဆိုထားတယ်။
ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဒီနေ့မြန်မာနိုင်ငံပြည်သူလူထု ၉၀ ရာနှုန်းကျော် ထောက်ခံထားတဲ့ နွေဦးတော်လှန်ရေးဟာ သမိုင်းအောင်ပွဲအသစ် ဖန်တီးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုနိုင်တယ်။ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ မင်းအောင်လှိုင်က ပူတင်ထံမှာ တပည့်ခံယူလိုက်ခြင်းဟာလည်း နွေဦးတော်လှန်ရေးကို ပိုမိုအားကောင်းလာဖို့ လုပ်ပေးလိုက်သလိုပါပဲ။ သမ္မတပူတင်ရဲ့ ခေါင်းဆောင်မှုကြောင့် ရုရှားဟာ ထိပ်တန်းနိုင်ငံဖြစ်လာတယ်လို့ မင်းအောင်လှိုင်က ချီးကျူးပြောဆိုသွား တာတွေ့ရတယ်။
ဒေါ်လာကို လက်နက်သဖွယ် အသုံးချပြီး နိုင်ငံငယ်တွေဟာ ဒေါ်လာအနိုင်ကျင့်မှုကို ခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေ မှာ နိုင်ငံကြီးတွေကို မလွန်ဆန်နိုင်တဲ့ အခြေအနေရောက်နေတယ်လို့လည်း မင်းအောင်လှိုင်က အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ရည်ညွှန်း ပြောဆိုခဲ့တာတွေ့ရတယ်။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံလုံး ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် အထီးကျန် နှစ်နိုင်ငံဆက်ဆံရေး အဖြစ် ပိုမိုနီးကပ်သွားပြီလို့ သုံးသပ်ပြောဆိုကြတယ်။ ဒါကြောင့် မြန်မာကို အာဏာရှင်စနစ်ခေါင်းဆောင် ရုရှားထီးရိပ်အောက် ရောက်ရှိမသွားစေလိုတဲ့ အနောက်အုပ်စုနိုင်ငံ တွေကို တပ်လှန့်လိုက်ရာရောက်ပါတယ်။ အာဏာရှင်အုပ်စုရဲ့ လက်ဆုပ်အတွင်း မြန်မာနိုင်ငံကျရောက်မသွားစေလိုရင် ဒီမိုကရေစီ စည်းဝိုင်းအတွင်း ပြန်ရောက်လာအောင် လုပ်ကြဖို့အတွက် အမေရိကန်နဲ့အီးယူနိုင်ငံများမှာ တာဝန်ရှိပါတယ်။
ဒီအခြေအနေအရ ဒီမိုကရေစီလိုလားတဲ့ အာဆီယံနိုင်ငံများနဲ့ အမေရိကန်၊ အီးယူအဖွဲ့ဝင်နိုင်ငံများအနေနဲ့မြန်မာ့အရေးမှာ ပြတ်ပြတ်သာသား ဘက်ရွေးကြချိန်ရောက်ပါပြီ။ မင်းအောင်လှိုင်စစ်အုပ်စုနဲ့ အာဏာရှင်ပူတင်တို့ကို ဒီထက်ပိုပြီး အချိန်ပေး က်ရင် မြန်မာဟာ ဒုတိယဆီးရီးယားဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Effective Control ရှိနေပြီဖြစ်တဲ့ NUG နဲ့ NUG ရဲ့ မဟာမိတ် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေဘက်ကို အမေရိကန်၊ အီးယူအဖွဲ့ဝင် နိုင်ငံများအနေနဲ့ ထောက်ခံကြဖို့လိုပါတယ်။ NUG အစိုးရကို အသိအမှတ်ပြုကြဖို့ တိုက်တွန်းလိုပါတယ်။
ဒီမိုကရေစီလိုလားတဲ့ အာဆီယံနိုင်ငံများအနေနဲ့ဒီမိုကရေစီကို အပြည့်အဝယုံကြည်ကြရင် မြန်မာ့အရေးမှာ NUG အစိုးရကို အသိအမှတ်ပြုကြောင်း ရှေ့ဆောင်ရှေ့ရွက်ပြု ကြေညာကြချိန်တန်ပြီဖြစ်တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar