Breaking News

ကိုသန်းလွင် - သရက်ပင်များကြားမှ သရက်ပင်လူသားဘဝ


ကိုသန်းလွင် - သရက်ပင်များကြားမှ သရက်ပင်လူသားဘဝ

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၂


( ၁ )

အနှစ် ၅၀ ခန့် ကြာခဲ့ပြီဖြစ်သော ခင်မင်ရင်းနှီးမှုတခု ရှိခဲ့သည်။ အဘိုးအိုနှင့် သူ၏သရက်ပင်များ ဖြစ်သည်။ သူ၏ ကုန်လွန်ရသော နေ့ရက်များသည် သူ့အတွက် နောက်ဆုံးရက် ဖြစ်သည်ဟူသော အယူအဆဖြင့် တင်းတိမ် ရောင့်ရဲစွာဖြင့် သစ်ပင်များကို ဂရုစိုက်ခဲ့သည်။ သူ၏သစ်ပင်များသည် အချို့ အသက် ၁၂၀ ခန့်ရှည်ကာ သူ့မတိုင်မီ ရက်များကတည်းက အိန္ဒိယပြည်မြောက်ပိုင်း ဥတာပရာဒက်ရှ (Uttar Pradesh) ပြည်နယ်ရှိ မာလာဟာဘတ်နယ်၌ရှ် ရှိပြီး သူ ကွယ်လွန်သောအခါ၌လည်း ထိုနေရာ၌ ရှိနေကြဦးမည်သာ ဖြစ်သည်။

( ၂ )

သူ့ဘဝတွင် သရက်ပင်မကြီးမှ မျိုးကွဲပေါင်းများစွာကို မွေးထုတ်ခဲ့ပြီး သူ့ဘဝသည် သရက်ပင်မျိုးကွဲများနှင့် အတူရှိနေခဲ့ပါသည်။ သူ၏ ကျေနပ်မှုမှာ သရက်ပင်၏ အခေါက်ကို ခွာပြီး အခြားသရက်ပင်မှ ကိုင်းကို ထိုးစိုက်ကာ မျိုးခွဲရသည့်အခါများမှာ ဖြစ်သည်။ သူသည် သရက်ပင်ပျိုများကြားတွင် လမ်းလျှောက်ရင်း အပင်များကို ထိခိုက်မှာ စိုးရိမ်သဖြင့် သတိကြီးစွာ ထားရသည်။ သရက်ပင်ပေါက်များကို အိန္ဒိယပြည်အနှံ့ ရောင်းချနေရပါ၏။ သူ၏ အိပ်ရာကို သရက်ပင်ပျိုကလေးများနှင့် နီးသည့်နေရာသို့ ပြောင်းရွေ့လာခဲ့ပြီး သရက်ပင်မှ သစ်သားကို နောင် သူ ကွယ်လွန်သည့်အခါ သူ့ရုပ်အလောင်းထည့်ရန် စုဆောင်းထားရှိပါသည်။

“ကြည့်လိုက်ရင်တော့  အသီးသီးနေတဲ့ သရက်ပင်ကြီးကို တွေ့ရမှာပါ။ ဒါပေမဲ့ ခင်ဗျား စိတ်ထဲမှာ မြင်အောင်ကြည့်ပါ။ ဒီသစ်ပင်ကြီးဟာ လူတွေအတွက် အာဟာရကို ပေးတယ်၊ ထူထပ်တဲ့ အကိုင်းအခက်တွေက အော်တိုပတ် တစ်ကောင်ရဲ့ လက်တွေလို ဖြာနေကြတယ်၊ ဒီသရက်သီးတွေက သရက်ပင်ကြီးက ပေးတဲ့ လက်ဆောင်တွေပါပဲ။”

သရက်သီးများသည် မစ္စတာခန်း (Kallem Ullah Khan) ၏ အသက်မွေးဝမ်းကျောင်းကို ဖြစ်စေသည်သာမက သူ့ကို နေစရာအိမ်လည်း ပေးပါသည်။ သူ့ကို သရက်သီးကြောင့် အိန္ဒိယပြည်မှာသာမက တကမ္ဘာလုံးမှ သိလာကြသည်။ ဆယ်စုနှစ်များစွာသော ဗဟုသုတကြောင့် သူ့ကို သရက်သီးလူသား (Mango Man) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

သူ မျိုးခွဲပေးခဲ့သော သရက်သီးများမှာ များပြားလှသောကြောင့် အားလုံးကို မမှတ်မိအောင် ဖြစ်ရသည်။ ၂၀၁၄ ခုနှစ်တွင် အာဏာရလာပြီး အိန္ဒိယပြည်ကြီးကို တိုးတက်မှုနှင့်ကြီးပွားလာစေရမည်ဟု ကတိပြုခဲ့သော ဝန်ကြီးချုပ်မိုဒီကို အစွဲပြု၍ နာမို (Namo) ဟု အမည်ပေးခဲ့သည်။ အိန္ဒိယ ခရစ်ကက် အသင်းကို ကပ္ပတိန် လုပ်ခဲ့သူ တင်ဒူကာ (Sachin Tendukar) ကို အစွဲပြုပြီး အမည်တစ်မျိုးပေးခဲ့ပြန်သည်။ ရုပ်ရှင်နယ်တွင် နာမည်ကျော်ကြားသော နိုင်ငံကျော်ရုပ်ရှင်မင်းသမီးကို အစွဲပြု၍လည်း နာမည်ပေးခဲ့ပါသည်။ ၎င်းအသီးတို့သည် ကွဲပြားသော အရောင်၊ အရသာနှင့် သင်းပျံ့သော အနံ့နှင့် အဆင်းသဏ္ဌာန်များရှိကြပါသည်။ 

သူ့သရက်သီးမျိုးကွဲတခု၏ နာမည်မှာ အက်ရှဝါရီယာရွိုင် (Aishwarya Rai) ဆိုသော မင်းသမီးကို ကိုယ်စားပြုပါသည်။ ၎င်းသည် ၁၉၉၄ ခုနှစ်က ကမ္ဘာ့အလှမယ်ဘွဲ့ ရခဲ့ပါသည်။ အိန္ဒိယအစိုးရက သူ့ကို ပြည်သူများထဲတွင် အမြင့်ဆုံးဖြစ်သည့် (Padma Shri) ဆုကို ၂၀၀၈ တွင် ချီးမြှင့်ခဲ့ပါသည်။ 

မစ္စတာခန်းသည် ဖီလိုဆိုဖီ ကို ဝါသနာပါပြီး သရက်သီးနှင့် ပတ်သက်၍လည်း အစွဲအလမ်းကြီးမားပါသည်။ သူသည် သရက်သီးများအတွက် ဘဝကို မြှုပ်နှံထားခဲ့ပြီး ထိုဘာသာရပ်၏ ကျယ်ပြန့်နက်ရှိုင်းသော လူတို့ လိုက်မမီသော အဆုံးအထိ မပြီးဆုံးနိုင်သည့်ခရီးကို လျှောက်လှမ်းရင်း အနားယူတော့မည့် လူတစ်ဦးနှင့်တူသည်။ သရက်သီး၏ ကြီးမားသောအဓိပ္ပာယ်ကို လူတိုင်း လူတိုင်း တွေ့သူတိုင်းကို ပြောပြမဆုံးနိုင်အောင် ရှိတော့သည်။

ဥတာပရာဒက်ရှ်ပြည်နယ်၏ ပြည်နယ်ဝန်ကြီးဖြစ်သော အာဒီယမ်နပ် (Yogi Atityanath) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ရန် ကြိုးစားခဲ့သည်။ သရက်သီးသည် လူကို အာဟာရဖြစ်စေပြီး နှလုံးရောဂါနှင့် ပန်းသေရောဂါကို ကုနိုင်ကြောင်း ကာမဆန္ဒများ တိုးတက်စေကြောင်းကို အခမ်းအနားတက်ရောက်လာသည့် ဝန်ကြီးချုပ် မိုဒီ ကို ကိုယ်တိုင်ပြောလိုခဲ့သော်လည်း မြို့၏ ရှုပ်ထွေးလှသော ကားများကြောင့် အစည်းအဝေးကို မတက်နိုင်ခဲ့ပေ။

သူက ကာမဆန္ဒမပြည့်ဝသည့် လူ ၅ ယောက်ကို သူ့ဆေးဖြင့် ကုနိုင်ခဲ့သည်ဟု ဆိုသည်။ သူက “ကျွန်တော်တို့ လူသားသည် ခေတ္တမျှသာ ကမ္ဘာမြေသို့လာ၍ ပျောက်သွားကြသော်လည်း သရက်သီး၏ အရသာမှာ ကမ္ဘာတည်သ၍ တည်တံ့လိမ့်မည်။” 

အိန္ဒိယ၏များစွာသော ဒေသများတွင် သရက်သီးကို စိုက်ပျိုးကြပြီး အိန္ဒိယသည် ကမ္ဘာပေါ်တွင် အထွက်အများဆုံးနိုင်ငံ ဖြစ်သည်။ များသောအားဖြင့် သရက်သီးကို ပြည်တွင်း၌သာ စားသုံးကြပြီး စားသုံးနည်းမှာ အမျိုးမျိုးကွဲပြားသည်။ မည်သည့်အရပ်က အကောင်းဆုံး သရက်သီး သီးသည်ကိုမှု ငြင်းခုံနေကြဆဲ ဖြစ်ပါသည်။ သရက်သီးကို အမြှောင်းလိုက် လှီး၍ စားမည်လား၊ အတုံးလေးများဖြစ်အောင် တုံး၍ စားမည်လား၊ လက်ထဲမှာပင် အသီးကို အရည်ဖြစ်အောင် ညှစ်ထုတ်ယူမည်လား၊ ချိုသော အာဟာရပြည့်နေသော အရည်မှာ အာနိသင်ထက်မြက်လှပါသည်။

လူသားသည် သရက်သီးကို စားသုံးပြီး ပျောက်ကွယ်သွားကြသည့်တိုင် သရက်သီး၏ ချိုမြိန်သော အရသာမှာ ကမ္ဘာတည်သ၍ တည်ရှိနေပါလိမ့်မည်။

သူ့ကို ၁၉၄၀ ခုနှစ်တွင် မာလီဟာဘတ် (Malihabad) တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင်သည် သရက်ပင် စိုက်ပျိုးရင်း ကလေး ၁၁ ယောက် မွေးခဲ့ပါသည်။ သူသည် ၇ တန်းစာမေးပွဲ ဒုတိယအကြိမ် ကျရှုံးသောအခါ သူ့ ဖခင် မသိအောင် သရက်သီးခြင်းတောင်းကို ဆွဲ၍ နံနက်မိုးမလင်းမီ အိမ်မှထွက်ပြေးခဲ့ပါသည်။ မိုင် ၂၀၀ ခန့်ဝေးသော သူ့အမေကြီး အိမ်သို့ ရောက်ခဲ့ပါသည်။ အမေကြီးမှာ ၁၇ ရက်နေပြီး အိမ်ပြန်လာသောအခါ သူ့ဖခင်၏ သရက်ခင်းမှာ အလုပ်ဝင်လုပ်ပါသည်။ ဖခင်က သူ့ကို ရိုက်လည်းမရိုက်၊ စာမေးပွဲနှင့် ပတ်သက်၍လည်း ဘာမျှ မပြောတော့ပါ။ 

ဤသို့ဖြင့် သရက်ပင်ကလေးများနှင့် နေရသောဘဝ စတင်ခဲ့ပါသည်။ သရက်ပင်များနှင့် ပတ်သက်၍ မျိုးကွဲနည်း၊ ပေါင်းစပ်နည်းကို အမျိုးမျိုးစမ်းသပ်ခဲ့ပါသည်။ ကိုင်းခွဲ၍ စိုက်ခြင်းမှာ လုပ်ရင်းကိုင်ရင်းနှင့် တတ်ရသော အတတ်ပညာ ဖြစ်ပါသည်။

ပထမသော သရက်ပင်ကလေးများသည် အသက်မရှင်ပါ။ စိတ်ဓာတ်မကျခဲ့ဘဲ ဆယ်နှစ်ခန့်ကြာသည်အထိ စိုက်ပျိုး စမ်းသပ်ခြင်းအလုပ်ကို လုပ်ခဲ့ရပါသည်။ မိသားစု စားဝတ်နေရေးမှာ သရက်ပင်များပေါ်တွင် မူတည်နေသောကြောင့် ကျရှုံးသွား၍ မဖြစ်ပါ။ 

၁၉၈၀ ပြည့်နှစ်များရောက်မှ သရက်သီးမျိုးစေ့အသစ်ကို စိုက်ပျိုးရန် အာရုံစိုက်မိသည်။ အထူးသဖြင့်အသက် ၁၂၀ ရှည်နေပြီဖြစ်သော သရက်ပင်ကြီးကို သံယောဇဉ်တွယ်မိရာမှ ကိုင်းကူး၍ မျိုးပွားခြင်းအတတ် ပညာကို တတ်မြောက်ခဲ့သည်။ မူလသရက်ပင်ကြီး၏ အမျိုးအစားမှာ “Asi-e-mukarar” ဖြစ်သည်။ အဓိပ္ပာယ်မှာ “မူလ” “ထပ်ဆင့်၍” ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုရာတွင် “ထပ်ဖတ်ပါဦး”ဟူသော အဓိပ္ပာယ်ဖြစ်သည်။

သူသည် ထိုသစ်ပင်ကြီးပေါ်မှ မျိုးကွဲ ၃၀၀ မျှရအောင် ထိုအမျိုး ၃၀၀ မှာ တခုနှင့်တခု အရောင်အဆင်း ပုံသဏ္ဌာန်၊ အရွယ်၊ အရသာ အသီး၏သိပ်သည်းဆနှင့် အနံ့တို့မှာ တခုနှင့်တခု မတူညီကြပါ။ ပထမ သစ်ကိုင်းတွင် အခွံကို ခွာလိုက်ရပါသည်။ ထို့နောက် အခြားအပင်မှ သစ်ကိုင်းစကိုဖြတ်၍ နှစ်ခု ချိတ်ဆက်ကာ တစ်စုံတခုနှင့် ဖုံးအုပ်ထားရပါသည်။ မကြာခင် ထိုသရက်ကိုင်းမှ တစ်ရှုးအသစ်များ ထွက်လာပါသည်။

ကိုင်းချင်းဆက်၍ သစ်ပင်ဖြစ်လာခြင်း သတင်းမှာ သမ္မတနန်းတော်မှ ကြား၍ သူတို့ကို အပင်နမှုနာပေးပါဟု တောင်းလာပါသည်။ လူသာမန် တစ်ယောက်က မာလီလာဘတ်မြို့ငယ်ကလေးမှ မြေသြဇာတွင် ပေါက်ပွားခဲ့သော အပင်များသည် နန်းတော်ထဲသို့ ရောက်ရပါသည်။ သူက ၅၉ မျိုး ကိုင်းခွဲ၍ စိုက်ပျိုးခဲ့သော အပင်ငယ် ကလေးကို ပေးလိုက်ပါသည်။ 

သုံးရက်လုံးလုံး သူ အိပ်မပျော်တော့ပါ။ ထိုသစ်ပင်ငယ်ကို ဘယ်လိုမြို့တော်ဆီသို့ ပို့ရမည်နည်း။ အိပ်ပျော်နေသော ကလေးလေးလို မနိုးရအောင် ညင်သာစွာ ကိုင်တွယ်၍ ပို့ပေးရပါမည်။ နန်းတော်၌ သစ်ပင် စိုက်ပျိုးခဲ့ရသည့်ဓာတ်ပုံကို ၁၉၉၉ ခု သြဂုတ်လတွင် ရောက်ရှိလာပါသည်။ သူ့အလုပ်အတွက် ဂုဏ်ယူနေသော မစ္စတာခန်းက သမ္မတနာရာရနန်း (Narayanan) က သစ်ပင်ကို အနီးအနားမှ မြေတွေကို သယ်၍ စိုက်ပျိုးနေပုံဖြစ်ပါသည်။ 

“ဒီလူဟာ စာမတတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ပါဘဲ” ဟု သမ္မတက ချီးကျူး ပြောဆိုသည် မစ္စတာခန်းက သူ့ကိုယ်သူ ပညာရှင်တစ်ယောက်ဟု မယူဆဘဲ သရက်ပင်၏ ကျေးကျွန်ဟုသာ သဘောထားပါသည်။

( ၃ )

မစ္စတာခန်းတို့ ကျေးရွာအနီးမှာ စိုက်ပျိုးရေးဌာန မှ ၁၉၇၀ ပြည့်နှစ်မှစ၍ သရက်သီးဆိုင်ရာ သုတေသနလုပ်နေသော  (Central Institute for Subtropical Horticulture) တခု ရှိရာ ၎င်းတို့က မစ္စတာခန်း ပြောသလို သရက်ပင်မှ မျိုးကွဲ ၃၀၀ ကျော်မျှရှိသည်ဆိုခြင်းကို သဘောမတူပါ။ သရက်သီးမျိုးကွဲတခု ရရန် နှစ်ပေါင်း အကြာကြီး အလုပ်လုပ်ရသည်ဟု ဆိုပါသည်။ သို့သော် သူတို့သည် သရက်သီးများတွင် သူ့ဘဝကို မြှုပ်နှံထားနိုင်ပုံကို သဘောကျနေကြပါသည်။


ကိုသန်းလွင်

Ref: I am just a servant of the tree, By Mujib Marshal N.Y. Times July 4 2022.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar