Fact Check, Fake News ဝါဒဖြန့်ချိရေး လှိုင်းလုံးအောက် ပျောက်ဆုံးပျက်စီးသွားတဲ့ အတတ်ပညာကျွမ်းကျင်မှုများ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၂
Fact Check, Fake News ဝါဒဖြန့်ချိရေး လှိုင်းလုံးအောက် ပျောက်ဆုံးပျက်စီးသွားတဲ့ အတတ်ပညာကျွမ်းကျင်မှုများ
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရပြီး တာဝန်ယူခဲ့သူ ဒေါ်နယ်ထရန့်က ၄င်းကို အကောင်းမပြောသည့် သတင်းဖေါ်ပြချက်များ သတင်းဝေဖန်မှုများ ပြောဆိုမှုများကို သတင်းမှား အဖြစ် လွယ်လွယ် ခေါ်ဝေါ် သမုတ်လိုက်ပြီး ၄င်း၏ သက်တမ်းတလျှောက် နာမည်ကြီး သတင်းဌာနအချို့ကို ဝေဖန်တိုက်ခိုက်လာပါတယ်။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားကို ဆက်မမေးတော့ရန် တားမြစ်သည်ကို မလိုက်နာလို့ အိမ်ဖြူတော် ဝန်ထမ်းကိုယ်တိုင်က သတင်းထောက်လက်ထဲက မိုက် ဆွဲယူသည်ကို သတင်းထောက်က ပြန်မပေးတဲ့အထိ ရုပ်ဆိုးသည့် ဖြစ်ရပ်အထိ မြင်ကြရပါတယ်။ အဲသည်ကို အကြောင်းပြပြီး အိမ်ဖြူသတင်းလိုက်ခွင့် ရုပ်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
အထူးသဖြင့် ၄င်း၏ သက်တမ်းတလျှောက်တွင် လုပ်ကြံသတင်းဟု အဓိပ္ပာယရသည့် Fake News ဆိုသည့် စကားလုံးကို အကြိမ်ပေါင်းများစွာ သုံးနှုန်းပြီး သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုများကို တုံ့ပြန်ချေဖျက်ခဲ့သည်။ လုပ်ကြံသတင်း ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထရန့် သေချာစွာနားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း ဝါဒဖြန့်ချိရေး တိုက်ပွဲတွင် တွင်တွင်ကျယ်ကျယ် သုံးပြီး ပရိသတ်ကို နဝေတိမ်တောင်ဖြစ်အောင် တဖက်က ဝေဖန်ထောက်ပြမှုများကို လမ်းလွဲအောင် အသုံးချခဲ့တာ ဖြစ်ပါတယ်။
“လုပ်ကြံသတင်း” ဆိုသည်မှာ ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုး ရှိခဲ့ကြသော်လည်း အင်တာနက်ခေတ် ဆိုရှယ်မီဒီယာခေတ် တနည်းအားဖြင့် ပျားအုံခံစားမှု ဟု စာပေအနုပညာတွင် သုံးစွဲဖူးသည့် စကားလုံးနှင့် တင်စားလျင် အချိန်စက္ကန့်လပ်မရှိသည့် ဆက်သွယ်ရေးနည်းပညာကြောင့် စုဖွဲ့ကာ ခံစားကြသည့် ခေတ်တွင် မှန်ကန်သည့်သတင်းသာမက လုပ်ကြံသတင်းများကိုလည်း စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ကမ္ဘာအနှံ့ရောက်ရှိ ခံစားတုံ့ပြန်ကြသည့် ခေတ်တွင် အရင်ခေတ်တွေထက် လုပ်ကြံသတင်းက အဆပေါင်းများစွာ သက်ရောက်မှု ရှိကြသည့် ကာလဖြစ်ပါတယ်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လုပ်ကြံသတင်း ၏ သဘောသဘာဝကို ဖွင့်ဆိုရှင်းလင်းမှုများ၊ လုပ်ကြံသတင်းနှင့် အင်တာနက်၊ လုပ်ကြံသတင်းနှင့် ဆိုရှယ်မီဒီယာ၊ လုပ်ကြံသတင်းနှင့် သမရိုးကျ သတင်းမီဒီယာ အသိုက်အဝန်း စသည့် ဆက်စပ်အကြောင်းအရာများ သဘောသဘာဝများ ၊ သက်ရောက်မှုများ တုံ့ပြန်ချေဖျက်ရေး ပညာပေးမှုများ၊ နည်းဗျူဟာများ စသဖြင့် ပညာရေးနယ်ပယ် သတင်းမီဒီယာနယ်ပယ် စသည့်နယ်ပယ် အသီးသီးတွင် ပေါ်လစီချမှတ်မှုများ စီမံချက်များ စသဖြင့် အသီးသီးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
သို့သော် သမ္မတ ထရန့်လက်ထက်တွင် လုပ်ကြံသတင်းဆိုသည့် စကားလုံးကို အလွဲသုံးစားလုပ်ကာ မိမိနှင့် မတည့်သည့် သတင်းမီဒီယာများကို တိုက်ခိုက်ခဲ့သလို လုပ်ကြံသတင်းဆိုသည့် စကားလုံး၏ လေးနက်မှုကို လျော့ပါးစေခဲ့တာ ဖြစ်ပါတယ် ။ တနည်းအားဖြင့် လုပ်ကြံသတင်းကို ဝါဒဖြန့်ချိရေး လက်နက်တခု အဖြစ်အသုံးချခဲ့တဲ့ သဘောပါ။
အခု မြန်မာနိုင်ငံတွင်လည်း စစ်ကောင်စီက ၄င်းတို့ မနှစ်သက်သည့် သတင်းဖော်ပြမှုများကို လုပ်ကြံသတင်းအဖြစ် လွယ်လွယ် ယိုးစွပ်ကာ လှည့်စားဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအေးချမ်းက အရှေ့တီမောလ် နိုင်ငံ ဒီလီမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့က သတင်းမီဒီယာကောင်စီများရဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ရဲ့ ပြဿနာကို တခွန်းတည်း ပြောရင် လုပ်ကြံသတင်းတွေကြောင့် လို့ ပြဿနာရဲ့ အဓိက ကျောရိုး၊ အကြောင်းရင်း စတာတွေကို ဖုံးကွယ်ပြီး လုပ်ကြံသတင်းကြောင့် နိုင်ငံရဲ့ အဖြစ်မှန်တွေကို နားမလည်ကြဘူး လုပ်ကြံသတင်းကြောင့် ပြဿနာကို နားလည်မှုလွဲနေကြတယ်၊ လုပ်ကြံသတင်းကြောင့် ပြဿနာ ပိုမိုကြီးထွားလာတယ်ဆိုတာမျိုး ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ကြည့်ရင် ၄င်းတို့ကို နာမည်ပျက်စေတဲ့ ၊ ထိခိုက်တဲ့သတင်းဖော်ပြမှုအားလုံးကို လုပ်ကြံသတင်းလို့ စွပ်စွဲချက်နဲ့ အဖြစ်အပျက်မှန် အချက်အလက်မှန်တွေကို ဖုံးကွယ်ဖို့ ကြိုးစားမှု တခုသာဖြစ်တာတွေ့ရပါလိမ့်မယ်။
လုပ်ကြံသတင်းဆိုတာကို အတတ်ပညာရပ် ဆန်တဲ့ ရှင်းလင်းပြောဆိုမှုတွေ ပညာပေးမှုတွေထက်ကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချကြရာက လုပ်ကြံသတင်း ဆိုတဲ့ စကားလုံးအဓိပ္ပာယ်ရဲ့ မူရင်း အဓိပ္ပာယ်ဖွင့်ဆိုချက် ပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ တိမ်မြုပ်သွားကြရမယ့် သဘောဖြစ်ကာ ဝါဒဖြန့် တိုက်ပွဲရဲ့ လက်နက် တခုသဖွယ် ဖြစ်လာနေတာ တွေ့မြင်နေရပါပြီ။
လုပ်ကြံသတင်းလိုပဲ ဒီအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ စကားလုံးတလုံးဖြစ်တဲ့ Fact-Check ဆိုတဲ့ စကားလုံးကလည်း မကြာသေးတဲ့ နှစ်ပိုင်းကမှ သတင်းမီဒီယာ နဲ့ ဆက်စပ်လို့ လူထုဆက်သွယ်ရေးပညာရပ်နဲ့ ဆက်စပ်လို့ အသုံးပြုလာကြတာ ဖြစ်ပါတယ်။
Fact-Check ဆိုတာဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်က အကြောင်းအရာတွေ ကို မှန်၊ မမှန် နည်းလမ်းတကျ စိစစ်ပြီး အများသိအောင် ထုတ်ပြန်ပေးကြတဲ့ အတတ်ပညာတရပ် ဖြစ်ပါတယ်။ သမားရိုးကျ ဆက်သွယ်ရေး နည်းပညာတွေသာ ရှိတဲ့ခေတ်က Fact-Check ဆိုတဲ့ စကားလုံးက မလိုအပ်ခဲ့ပေမယ့် အင်တာနက်၊ အိုင်တီနည်းပညာကို လူတိုင်းလက်လှမ်းမီလာချိန် ဆိုရှယ်မီဒီယာ ပလက်ဖောင်း ထွန်းကားလာတဲ့နောက် သတင်းဌာနတွေ၊ သတင်းဌာန အမည်ခံထားတဲ့ ဝက်ဆိုက်တွေ ပေ့ချ်တွေ၊ တွစ်တာ ပို့စ်တွေက တင်ပြတဲ့ သတင်းတွေကို လိုအပ်တဲ့အခါ စိစစ်အတည်ပြုဖို့ ကိစ္စက အရေးပါလာပါတယ်။
သတင်းပါ အချက်အလက်တွေကို စိစစ်ဖို့၊ ဓါတ်ပုံတွေကို စိစစ်ဖို့၊ ဗီဒီယိုကလစ်တွေကို စိစစ်ဖို့ သက်ဆိုင်ရာ ဒေသ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို စုံစမ်းအတည်ပြုဖို့ လိုသလို၊ အိုင်တီနည်းပညာနဲ့ အင်တာနက် အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို ဖေါ်ထုတ် အသိပေးတဲ့ လုပ်ဆောင်မှုကို Fact-Check လို့ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီစကားလုံး ပေါ်ထွက်လာတာ ဆယ်စုနှစ် တခုသာသာ အတွင်း အခုအခါမှာ Fact-Check ဆိုတဲ့ စကားလုံးကိုလည်း အလွဲသုံးစားလုပ်တဲ့ လုပ်ဆောင်မှုတွေ အများအပြားတွေ့လာရပါပြီ။
Fact-Check လို့ဆိုတိုင်း ယုံကြည်လို့မရတော့တဲ့အနေအထားလို့ ဆိုရမှာပါ။ ဝါဒဖြန့် အဖွဲ့အစည်းတွေက Fact-Check အဖွဲ့လို့ နာမည်တပ်ပြီး ပရိသတ်ကို လှည့်ဖျားနေတဲ့ မိမိတို့နဲ့ မူဝါဒမတူတဲ့ ၊ မိမိတို့နဲ့ ရည်ရွယ်ချက်မတူတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက် သတင်းတွေကို Fact-Check လုပ်တယ်ဆိုကာ တန်ပြန် ဝါဒဖြန့် လှုံ့ဆော်မှုတွေ လုပ်လာကြတဲ့ ခေတ်ကို ရောက်နေကြပြီလို့ ဆိုရမှာပါ။
အလားတူပဲ Fact-Check ကို နိုင်ငံရေး အကျိုးအမြတ်အတွက် သော်လည်းကောင်း စီးပွားရေး အကျိုးအမြတ်တွက်သော်လည်းကောင်း အသုံးချကြပြီး ပရိသတ်ကို လူထုကို လှည့်ဖျားဖို့ လုပ်ဆောင်ကြတာတွေ တဖြည်းဖြည်း ပိုများလာတဲ့နောက်မှာ Fact-Check ဆိုတဲ့ စကားလုံးဟာ သူ့မူရင်း ရည်ရွယ်ချက်ရဲ့ အဓိပ္ပာယ်တွေနဲ့ လွဲပြီး လူထုက ဝါဒဖြန့်တိုက်ပွဲထဲက အသုံးအနှုန်းတခု လက်နက် ကိရိယာတခုလို့သာ မှတ်ယူကြတော့မယ့် အန္တရာယ်လည်း ရှိနေပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar