Breaking News

လင်းလက်နွေဦး - သရဲမွေးတဲ့ ဘုန်းကြီး

သရဲမွေးတဲ့ ဘုန်းကြီး
လင်းလက်နွေဦး
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၂
 

ဖြူးဆရာတော် ထင်တာပါပဲ၊ ဟောပြခဲ့တာပါ။ ဆရာတော်ကတော့ ရွာအမည်တွေ လူအမည်တွေ မပါဘဲ ဟောခဲ့တော့ ပုံပြင်လား၊ ဖြစ်ရပ်မှန်လားတော့ မသိပါဘူး။ ရှေးက ကုန်သည်လှေကြီးတွေ မြစ်ဧရာတ ကြော စုန်ဆန်မျောနေကြတယ် မဟုတ်လား။ အောက်ပြည်အောက်ရွာက ငါးပိငါးခြောက်တွေ အညာအကြေ တင်၊ အညာအကြေက ပဲဆီ နှမ်းဆီ အညာစောင် ပဲပြောင်းတွေ အောက်ပြည်ပို့၊ ယက်ကန်းခတ်သလို ခေါက် တုန့်လူးလားပေါ့လေ။ အဲလိုလှေသူကြီးတစ်ယောက်၊ အောက်ကနေ အထက် ဆန်တက်နေရင်း၊ လေပြင်းတွေ ကျလို့ နီးရာကမ်းကပ်လိုက်ရသတဲ့။ ဖြစ်ချင်တော့ ပတ်မိုးဆိုတော့ ပါလာတဲ့ ထင်းခြောက်တွေက စိုရွှဲ၊ မီးဖိုဖို့ မဖြစ်နိုင်တော့လို့၊ ကမ်းတက် ထင်းခြောက်ရှာရတာပေါ့။

အဲဒီကမ်းတက်အဖွဲ့ထဲမှာ လှေသူကြီးလည်း ပါတယ်။ ခေါင်းဆောင်ကောင်း ထင်ပါရဲ့။ မြန်မြန်ရ မြန်မြန်နွေး လှေပေါ်မှာ ဇိမ်နဲ့ကွေးချင်တာမို့၊ လူခွဲပြီး ထင်းရှာထွက်ကြပါတယ်။ ကံကောင်းတော့၊ လှေသူကြီး တစ်ယောက် ရှေ့ခရီးမှာ မီးတဝင်းဝင်းတွေ့တော့တာပဲ။ ဝမ်းသာအားရနဲ့ မီးရောင်မြင်ရာ အပြေးတပိုင်း သွားလိုက်တော့၊ လား… လား… သရဲကြီးတစ်ကောင် မီးပုံ ပေါ် ကားယားခွကြီး၊ တဂျိုးဂျိုး တဂျွတ်ဂျွတ်နဲ့ ဘာတွေ ဝါးနေမှန်း မသိဘူးတဲ့။ မရဲတရဲနဲ့ သေချာကြည့်လိုက်တော့ သင်္ကန်းဝတ် ကတုံးပြောင်ပြောင်နဲ့မို့၊ ဘုန်းကြီးသရဲ ထင်ပါရဲ့။ နောက်ဆုတ် နောက်ဆုတ်နဲ့ အသာ နောက်ကြောင်းပြန်နေတုံး၊ ကံမကောင်းစွာ နောက်ပြန်လဲတော့ သရဲကြီး သိသွားတာပေါ့။

သရဲကြီး သွားဖြီးကြီးနဲ့ လာတော့၊ ဘုန်းကြီးလူထွက် လှေသူကြီးမို့ ဘုရားစာတွေ အားကိုး တကြီး ရွတ်တော့တာပဲ။ ဒါပေမယ့် ဟိုကလည်း ဘုန်းကြီးသရဲလေ၊ ဒါကြောင့် လှေသူကြီးက ‘ဣတိပိသော…’ ဆိုလိုက်ရင် သရဲက ‘ဘဂဝါ…’လို့ ရှေ့ကပြေးနေတယ်။ ကိုယ်က ‘ယဿာနုဘာဝါတောယက္ခာ’… သူက ‘နေဝ ဒဿေန္တိ ဘီသနံ’ ရုံတင်မကတော့ဘူး ‘ကာမေသု ဝိနေယျဂေဓံ၊ နဟိဇတုဂ္ဂဗ္ဘသေယျ ပုနရေတိ’ထိ ဆိုပစ်လိုက်တယ်။ … နောက်ဆုံး ‘သံဗုဒ္ဓေ’နဲ့ကျမှ ထွက်ပြေးသွားတယ် ပြောတာပါပဲ။ ငယ်ကြောက်ကလေး က ရှိအုံးမှပေါ့နော။

ခုထိ သက်တော်ထင်ရှား ဆရာတော်တပါးဖြစ်တဲ့ ‘နွားဦးတိုက်ဆရာတော်’ကလည်း ဘုန်းကြီးသရဲ အကြောင်း ထည့်ဟောဖူးတယ်။ ကျောင်းကြီးဘုန်းကြီးတပါးပေါ့၊ ဘုရားတည် ဌာပနာဖို့ ရွှေဒင်္ဂါးလေးတွေ စုထားသတဲ့။ ပျံလွန်တော်မူခါနီး ဒါတွေ စိတ်စွဲတော့ ပျံတော်မမူ လျှိုးတော်မူရတယ်ပေါ့။ အစွဲဆိုတာ မျက်နှာမလိုက်ဘူး၊ ဘုန်းကြီးစွဲ ဘုန်းကြီးခံ၊ မယ်သီလစွဲ မယ်သီလခံရမယ်တဲ့။ ရွှေဒင်္ဂါးစွဲတော့ သရဲသွားဖြစ်တဲ့ ဘုန်းကြီး၊  ယောက်ျားဂေါပကတွေမပူးဘဲ၊ အမျို းသမီးတယောက်ကို ဝင်ပူးတယ်တဲ့။ အဲလို ပူးပြီးပြောမှ ဒို့ ဘုန်းကြီး နတ်ပြည်မလားဘဲ ပြိတ္တာသွားဖြစ်မှန်း သိရတာကိုး။ 

အဲဒီ သရဲတို့ တစ္ဆေတို့ဆိုတာ ပြိတ္တာမျိုးရင်းတွေကိုးဗျ။  Zoology လိုပဲ၊ မျိုးရင်းတွေ မျိုးစိတ်တွေနဲ့ ရှင်းပြရမယ် ထင်တယ်။ ပြိတ္တာတွေရဲ့ သိပ္ပံအမည်က ‘ဝေမာနိကပြိတ္တာ’လို့ ခေါ်ပါတယ်။ အုပ်စုကြီးပေါ့။ အဲထဲကနေ သရဲတို့တစ္ဆေတို့က အုပ်စုခွဲကလေးတွေ။ တစ္ဆေဆိုတာ ခြောက်လှန့်တတ်သူတွေ။ ဒါကြောင့် ‘အတိတ်တစ္ဆေက အရိပ်လို ချည်နှောင်မြဲပါလေ…’လို့ ဆိုကြတာပေါ့။ သရဲကျတော့ ဖမ်းစားတတ်သူတွေလို့ အဓိပ္ပာယ်ရပါတယ်။ နေဝင်ရိုးရီ ပြင်မထွက်နဲ့ သရဲသဘက် စွဲတတ်တယ်…။ သဘက်က သရဲထက် အကောင် ကြီးတယ်၊ မျက်လုံးတွေက သပိတ်လုံးကြီးလောက်၊ လျှာကြီးက ဖျာကြီးလောက်၊ နားရွက်တွေက လင်းကွင်း ခြမ်းလောက် ရှိတယ်လို့ ခြောက်ကြတာလေ။ အဲဒါ ‘သဘက်’ကို ပြောနေတာပါ။ ‘ဖုတ်’ဆိုတာ ဝင်ပူးပြီး အစာ တောင်းတတ်တဲ့ ကောင်မျိုး၊ ဖုတ်ဝင်တယ်ပေါ့။ မှင်စာဆိုတာ နောက်တတ် ပြောင်တတ်တဲ့ ကောင်ကလေး၊ ဦးထုပ်နီကလေးနဲ့ မမောတမ်း နပန်းလုံးချင်တယ် ဆိုတာမျိုးပေါ့။ ဒါတွေက ကိုယ်တိုင်မြင်ဖူးလို့ မှတ်တမ်း တင်ထားတာ မဟုတ်ပါဘူး။ ဖတ်ဖူးထားတာပါ။

အပေါ်က ဇာတ်လမ်းတွေကတော့ သရဲဖြစ်နေတဲ့ ဘုန်းကြီးတွေ အကြောင်း။

ငယ်ငယ်က ကိုရင်ဝတ်တုန်းက ပြောကြတယ်၊ ဦးဇင်းတွေ ကိုရင်ကြီးတွေကပေါ့၊ သရဲများ ကြောက်စရာမလိုဘူး၊ သင်္ကန်းရှိနေတာပဲတဲ့။ ဟုတ်မှာပေါ့၊ ကိုယ်က သရဲကြောက်သူလေ၊ မမြင်ရလို့ကို ကြောက်နေတာထင်ပါရဲ့။ ယူနီဖောင်းချိန်းထားတော့ ကိုယ်ကလည်း မြှောက်ကြွကြွနဲ့ သရဲမကြောက်တော့ဘူး။ ဒါပေ မယ့် အိပ်ရေးကြမ်းတော့ သင်္ကန်းတခြား ကိုယ်တခြား ဖြစ်တတ်တာ သိပြန်တော့ သင်္ကန်းစုတ်ကလေး ကြိုးကျစ်ပြီး လက် မောင်းမှာ ချည်ထားလိုက်တယ်။ သင်္ကန်းမလွတ်တော့ဘူးလေ။ မဟုတ်ရင် ကန်ထဲရေခိုး ဆင်းကူးတိုင်း သင်း ပိုင်ကို တင်း တင်းဝတ်နေရတဲ့ ဒုက္ခလည်း ငြိမ်း၊ သရဲကြောက်ရတဲ့ စိတ်လည်း ချမ်းသွား တော့တယ်။ ငြိမ်းရင် ချမ်းတယ်ပေါ့။ နို့ပေမယ့် နည်းနည်းအရွယ်ရောက်လာတော့ ဖြူးဆရာတော်ကြီး ဟော တာ နာယူပြီးနောက်၊ တမျိုးတွေးမိပြန်တယ်။ ‘သင်္ကန်းနဲ့ ဘုန်းကြီး သရဲဖြစ်နေတယ်တဲ့’။ ဒီတော့ သရဲဟာ သင်္ကန်းကို မကြောက်တာ သေချာပြီ။ အဲနောက်၊ လက်မောင်းမှာ သင်္ကန်းစလက်ဖွဲ့ မရှိတော့တာပဲ။ ကိုယ်က ကိုရင်မှမဟုတ်တော့တာ၊ သင်္ကန်းလွတ်လို့ လူဖြစ်မှာ စိုးတာမျိုး မရှိတော့ဘူးလေ။ ထမင်းစားပြီး လူမဖြစ်မှာ ပဲ စိုးတာကိုး။ ‘လူကြီးမင်းများခင်ဗျား၊ ထမင်း စားတိုင်း လူမဖြစ်နိုင်ပါ။’

နောက်တခါ ကိုရင်ဝတ်တော့ တမျိုးကြားရပြန်တယ်။ ဝိနည်းမလေးစားသူတွေ သေလွန်တော့ ငရဲ ကျကုန်တယ်။ ငရဲအိုးကြီးထဲ ငရဲခံရတော့ သင်္ကန်းကြီးနဲ့ဆို ကြည့်မကောင်းလို့ ထင်ပါရဲ့၊ ဘေးနားက ထန်းလုံးလောက်ရှိတဲ့ သံတန်းကြီးပေါ် တင် တင်ထားတာ၊ ဘုန်းကြီးတပါးလာလိုက် သင်္ကန်းတွေ ချွတ်လိုက် တန်းပေါ်ပစ်တင်လိုက်နဲ့ဆိုတော့ အဲဒီသံလုံးတန်းကြီး ညွတ်တယ်တဲ့။ အဆင်ပြေမနေဘူးနော်၊ ဘုန်းဘုန်းတို့။ ဒုလ္လဘတွေ သင်္ကန်းငရဲမကြီးအောင် ကြိုဟောထားတာ ထင်ပါရဲ့။ သန္ဓေကိုယ်တော်တို့အတွက်တော့ မထူး လို့လား၊ သိပြီး လိုက်နာမြဲမို့လို့လား မသိပါဘူး။

ကျောင်းဂျိုးကပ်ဆရာတော်တွေနဲ့ ပတ်သက်လို့ တခါကြုံဖူးတယ်။ ကိုယ်က ကျန်းမာရေးဗဟု သုတလေးတွေ ဝေငှမယ်ဆိုပြီး ဘုန်းကြီးကျောင်းတကျောင်း ရောက်သွားတော့၊ ပရိသတ်က ကိုရင်လေးတွေ ကျောင်းသားလေးတွေချည်းပဲ။ ဒါကြောင့် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်တယ်၊ ‘ဦးဇင်းတွေ မပါဘူးလား ဘုရာ့’ ဆိုတော့ ‘အဲဒီ ဂျိုးကပ်တွေတော့ ထားလိုက်တော့’တဲ့၊ မိန့်ရှာတယ်။ ဖရက်ရှာတွေပဲ လမ်းမှားမရောက် အောင် ဟောခဲ့ပြောခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဟိုကိုယ်တော်တွေက ကွမ်းနဲ့ ဆေးလိပ်နဲ့ ဂိမ်းနဲ့ရယ်။ ဒါတောင် ပြောသေးတာ၊ ‘ဘုန်း ကြီး ဝတ်ဖူးလို့လား’တဲ့။ ဝတ်ဖူးပါ့၊ မိန်းမက အတင်းထွက်ခိုင်းလို့ ထွက်လိုက်ရတာ၊ ဆွမ်းလေးခံလိုက် ဖုန်းလေးပွတ်လိုက် မမြင်မတော်မှ တံမြက်စည်း ထလှည်းလိုက် မဟုတ်လား။ ဝိနည်းဆိုတာ ‘ရေ အိမ်ထဲက ရေခွက်ကို မှောက်ရမလား လှန်ရမလား’တောင် စိတ်မဝင်စားဘူးလေ။

ကိုယ့်ဆရာတော်တို့ကတော့ ကျင်ငယ်စွန့်လို့ မြေပြင်မှာ ချိုင့်ထင်ရင်တောင် အာပတ်သင့်တယ်တဲ့၊ နေ့လွဲသွားရင် လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးတောင် မဘုန်းပေးရဘူးတဲ့။ ခုတော့ ကွမ်းစားတာနဲ့ ညနေစာစားတာအတူတူပဲဆိုပြီး ကွမ်းမဝါးတဲ့ကိုယ်တော်က ဆွမ်းထစားတယ်။ စာဝါလိုက်ရတော့ ဗိုက်ဆာ မှာပေါ့တဲ့၊ ဖာတဲ့သူက ဖာတယ်။ စာတတ်တဲ့သူက ‘ဟ ဆွမ်းစား ကွမ်းစား’လို့တောင် ရှိတာပဲ၊ ကွမ်းစားတာ ရှေးဆရာတော်ကြီးများ လက်ထက်ကပဲတဲ့လေ။ မင်းကွန်းဆရာတော်ကြီးက ဆေးလိပ်သောက်တယ် ဆိုလား ပဲ။ ကွမ်းစား ဆေးသောက် ထမင်းခိုးစားတာ အာပတ်ဖြေလို့ ရတယ်တဲ့လေ။

စာတတ်ဦးဇင်းတပါးပါပဲ၊ ပါရာဇိကတွေကပဲ အဓိကရှောင်ရမှာ၊ လူသတ်တာတို့ မေထုန်ပြုတာတို့ပေါ့။ မိန်းမကိုတောင် ပွေ့လို့ဖက်လို့ ရသေးတယ်တဲ့လေ။ ကန်တော့ပါရဲ့ လက်နဲ့သုံးသပ်တော်မူလို့ ရတယ်တဲ့။ ထားပါတော့၊ နောက်တော့ အဲဦးဇင်းပဲ၊ အရက်တွေ မူးလာပါလေရော၊ ဓမ္မာရုံထဲ သီချင်းတွေ အကျယ်ကြီး ဖွင့်တာပေါ့။ ကျောင်းထိုင်ဘုန်းကြီး သိသွားတော့ နှင်ထုတ်ပစ်လိုက်တယ်။ ပါရာဇိက မကျဘူး၊ သိက္ခာ မကျဘူး၊ ကျစရာလည်း မရှိတော့လောက်ပါဘူး။ ကျွန်တော် သိသွားတယ်၊ ဒီဦးဇင်းတော့ ‘သရဲမွေးမိသွားပြီ’လို့။

ခေတ်ကာလမှ မကောင်းပါဘူးဆိုရတဲ့အထဲ တချို့ဘုန်းကြီးတွေ အတော်သာသနာပြုနိုင်ကြတယ်။ ပြည်တော်အေးဘုရားတည်လို့မှ မကြာသေးဘူး၊ ကမ္ဘာအေးစေတီ တည်ရအောင်တဲ့ နိဗ္ဗာန်ဆော်နေကြတယ်။ ‘ကုသိုလ်ကို များအောင် စု၊ ကောင်းမှုကို များအောင် ကျင့်’တဲ့လေ။ ဆရာတော်ဦးဗုဓ်က အိမ်မီးလောင်သွားတဲ့ မယ် တော်ကြီးဆီကနေ ‘တဘက်’အလှူခံသလို ထင်ပါရဲ့။ ဟိုမိဖုရားကြီးက ကောင်းတယ်လေ။ ဒီမှာက မင်းမဲ့ တိုင်းပြည်။ မီးလောင်ပြင်ထဲက ယက်ယူလာတဲ့ အလှူငွေတွေနဲ့ ဟော… ပါကစ္စတန်ရေဘေး ပြေးလှူလိုက်ရ သေးတယ်။ မေတ္တာဆိုတာ တလောကလုံးကို လွှမ်းခြုံနိုင်ရမယ် မဟုတ်လား။ ဟိုမှာ ဘုရားတောင် လောကတ္ထစရိယာ၊ ဉာတတ္ထစရိယာ၊ ဗုဒ္ဓတ္ထစရိယာတွေ ဖြည့်ကျင့်ရသေးတယ်နော်။ ဆွေမျိုးညာတိတို့ အကျိုး ကိုလည်း ဆောင်တော်မူကြပါဘုရား။

ကျွန်တော်တွေးကြည့်တယ်၊ ဘာမှ မဟုတ်ဘူး၊ ဒါတွေဟာ ‘သရဲမွေးမိလို့ပဲ’။ သရဲဆိုတာ ဖမ်း စားတတ် တယ်လေ။ စားစရာမရှိရင် သခင်ကိုတောင် မချန်ဘူး မဟုတ်လား။ ဒီလိုဇာတ်လမ်းတွေလည်း အများကြီး။

လင်းလက်နွေဦး
၁၂.၉.၂၀၂၂ ညနေ ၄နာရီ ၀၃မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar