Breaking News

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ မြန်မာတိုက်လေယာဥ် ဖြတ်ကျော်ဝင်ရောက်ခဲ့၊ မြန်မာ့အရေးက ဒေသန္တရပြဿနာလား


မြန်မာ့နွေဦးခရော်နီကယ် - စက်တင်ဘာ ၄ မြင်ကွင်း

မိုးမခ - စက်တင်ဘာ ၅၊ ၂၀၂၂ 


ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ မြန်မာတိုက်လေယာဥ် ဖြတ်ကျော်ဝင်ရောက်ခဲ့၊ မြန်မာ့အရေးက ဒေသန္တရပြဿနာလား 

AA လို့ခေါ်တဲ့ ရခိုင့်တပ်တော် နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတဲ့ မိုင်တိုင် ၄၀ လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြားမျဥ်းအနီးက နယ်ခြားစောင့်ရဲ ကင်းစခန်းကို ပြန်ရရှိဖို့ စစ်ကောင်စီတပ်တွေက လေကြောင်းအကူအညီပါယူပြီး တိုက်ခိုက်ရာမှာ တိုက်လေယာဥ်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်နိမိတ်ထဲထိ ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စစ်ကောင်စီသံအမတ်ကို ခေါ်ယူကန့်ကွက်ကြောင်း အသိပေးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က AA တပ်တွေက အဲဒီမိုင်တိုင် ၄၀ စခန်းလို့ခေါ်တဲ့ နယ်ခြားစောင့်ရဲစခန်းကို တိုက်ခိုက်ခဲ့ရာမှာ စခန်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၉ သေဆုံးပြီး တဦးဒဏ်ရာနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး စခန်းကို AA ဘက်က သိမ်းယူထားတာ ဖြစ်ပါတယ်။ ဒီစခန်းကို ပြန်လည်ရယူဖို့ရာ စစ်ကောင်စီတပ်တွေက မြေပြင်ရော လေကြောင်းက ပါတိုက်ခိုက်နေပြီး အခုလို တဖက်နိုင်ငံ လေပိုင်နက်ထဲကို စစ်ကောင်စီ တိုက်လေယာဥ်တွေ ဖြတ်ကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာစစ်ကောင်စီတပ်တွေဟာ မကြာသေးခင်က ကေအန်ဒီအို တပ်ရင်းတွေနဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေတုန်းကလည်း ထိုင်းလေပိုင်နက်ထဲကို တိုက်လေယာဥ်တွေ ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ ထိုင်းဘက်က ကန့်ကွက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ထိုင်းစစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ အစိုးရအနေနဲ့ မြန်မာအာဏာသိမ်း စစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် မြန်မာစစ်ကောင်စီဘက်က ဒိလောက်အလေးထားစရာ မဟုတ်တဲ့သဘောမျိုး တွေ့ရပါတယ်။ 

ခု အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဆက်ဆံရေးက ထိုင်းနိုင်ငံနဲ့မတူဘဲ ခပ်တန်းတန်းဆက်ဆံရေးမျိုးသာ ရှိတာဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြားဆက်ဆံရေး အေးစက်နေတာလည်း ဖြစ်ပါတယ်။ ၂၀၁၇ နှစ် စက်တင်ဘာလကတည်းက သိန်း သန်းချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုလှုံခဲ့ကြပြီး ဒီလို ၇ သိန်းက နေ ၁ သန်းအကြားရှိတဲ့ ဒုက္ခသည်တွေရဲ့ အရေးကိစ္စဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးကို အေးစက်စေတဲ့အကြောင်း တရပ်လည်း ဖြစ်ပါတယ်။ ဒီဒုက္ခသည်ပြဿနာဟာ ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ ကယ်တင်ရေးလက်နက်ကိုင်အဖွဲ့က ဒါဇင်နဲ့ချီတဲ့ နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားအပြီး စစ်တပ်က ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကြောင့် လူသိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်ခဲ့တဲ့ အကျိုးဆက် အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်က ရွေးကောက်ခံ NLD အစိုးရက ပြန်လည်နေရာချထားရေး အတွက် အစီအစဥ်တွေ ရေးဆွဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်အထိ အကောင်အထည် ပေါ်ခြင်းမရှိခဲ့ပါဘူး။ ရှင်းလင်းရေး လုပ်ဆောင်တဲ့ အချိန်က စစ်တပ်က ကလေးတွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားတွေကိုပါ ARSA  အဖွဲ့ဝင်၊ ထောက်ခံအားပေးသူ ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး အစစ်အမေးမရှိ သတ်ဖြတ်ကာ ရွာတွေကို မီးရှို့ပြီး ကျေးရွာနေရာတွေပါ မကျန်အောင် မြေထိုးစက်တွေနဲ့ ရှင်းလင်းခဲ့တဲ့ အဖြစ်အပျက်တွေက လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဥ်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို အမှုစွဲဆိုဖို့ ဂမ်ဘီယာနိုင်ငံက လျှောက်ထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးက နိုင်ငံရေးပြဿနာ တရပ်အဖြစ် ဖြစ်ပေါ်လာကာ NLD အစိုးရလက်ထက်မှာ အကောင်အထည်မပေါ်နိုင်ခဲ့တဲ့ အပြင် စစ်တပ်အာဏာသိမ်းမှု ပါ ထပ်မံဖြစ်ပွားလာတာကြောင့် အခုဆိုရင် ၅နှစ်ကြာမြင့်ခဲ့တဲ့ ဒုက္ခသည်ပြဿနာ ဖြစ်လာခဲ့ပါပြီ။ 

အဆိုပါ ဒုက္ခသည်ပြဿနာကလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆက်ဆံရေးကို ပိုအေးစက်စေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အခုအခါ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည် ပြဿနာတင်မကတော့ပဲ AA  လက်နက်ကိုင် အဖွဲ့ရဲ့ နယ်မြေစိုးမိုးမှု စင်ပြိုင် အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို တားဆီးဖို့ စစ်ကောင်စီရဲ့ ထိုးစစ်တွေ ပြန်လည်ဖြစ်ပွားလာ နေတဲ့ လက်နက်ကိုင် ပဋိပက္ခပါ ကျယ်ပြန့်လာနေတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ မြန်မာနိင်ငံ နိုင်ငံရေး ပြဿနာဟာ ဒေသန္တရပြဿနာ မဟုတ်ဘူး ပြည်တွင်းရေး ပြဿနာသာဖြစ်တယ်လို့ အစဥ်ပြောဆိုနေပေမယ့် ထိုင်းနယ်စပ်က တိုက်ပွဲတွေနဲ့ အိမ်နီးချင်းနိုင်ငံ လေပိုင်နက်ထဲ ဖြတ်ကျော်မှု လက်နက်ကြီးကျည် ကျတာ၊  ခုတဖန် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတာက မြန်မာ့အရေးဟာ ဒေသန္တရ ပြဿနာ ဖြစ်လာနေပြီဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၅ နှစ်အထိ ကြာရှည်လာပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် နေရပ်ပြန်ရေးကိစ္စမှာ အကူအညီပေးဖို့ တရုတ်နိုင်ငံကို အကူအညီတောင်းခံထားကြောင်း တရုတ်နိုင်ငံက ကူညီမယ်လို့ ကတိပြုထားတယ်လို့ မကြာမီ သီတင်းပတ်တွေက သတင်းတွေထဲ ပါရှိခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကို စည်းရုံးပြောဆိုဖို့ ဒေသတွင်း အတိုင်းအတာတခုထိ သြဇာရှိတဲ့ တရုတ်နိုင်ငံကို အကူအညီတောင်းခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေရုံသာမက အိမ်နီးချင်းနိုင်ငံတချို့ရဲ့ နယ်နိမိတ်တွေကိုပါ လေးစားမှုမရှိတဲ့ သဘော အရေးမစိုက်တဲ့ သဘောတွေပြသနေပြီး ပြည်တွင်းရေး ပြဿာနာကနေ ဒေသန္တရပြဿနာ အဖြစ်ကိုအသွင်ကူးပြောင်းလာနေတဲ့ လမ်းကြောင်းပေါ်ရောက်လာနေတဲ့ အထိ လုပ်ဆောင်လာနေပြီဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar