Breaking News

ဆင်တူယိုးမှားဖြစ်နေကျ နေ့စဥ်သတင်းခေါင်းစဥ်များနဲ့ တရက်တာသတင်း



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၂


ဆင်တူယိုးမှားဖြစ်နေကျ နေ့စဥ်သတင်းခေါင်းစဥ်များနဲ့ တရက်တာသတင်း 

နေ့စဥ် သတင်းခေါင်းစဥ်တွေ ဖတ်ကြည့်လိုက်တဲ့အခါ သတင်းအကြောင်းအရာတွေက ဖြစ်နေကျ အဖြစ်အပျက်တွေချည်း နေ့စဥ် ဖြစ်ပျက်နေတာမျိုးဖြစ်ပြီး နေရာ ဒေသ၊ မြို့/ ရွာ ကွဲပြားတာ နာမည်ကွဲပြားတာ အဖွဲ့ကွဲပြားတာမျိုးတွေသာ ရှိတာဖြစ်လာနေပြီး သတင်းပါအကြောင်းအရာတွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းခံတွေ ၊ လက်သည်တရားခံ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာမျိုးတွေလည်း သတင်းတွေထဲ မဖော်ပြနိုင်ကြတော့သလို ပရိသတ်ကလည်း မိမိအစွဲ၊ မိမိဆန္ဒ၊ မိမိမျှော်လင့်ချက်နဲ့ ဖြည့်တွေး ဖြည့်နားလည်ကြတာမျိုး ဖြစ်လာနေတာပါ။ 

နေ့စဥ် သတင်းခေါင်းစဥ်တွေကို အုပ်စုခွဲကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် သို့မဟုတ် ဒေသအလိုက် ပေါ်ထွက်လာတဲ့ PDF တွေနဲ့ တိုက်ပွဲဖြစ်တဲ့သတင်း၊ စစ်ကောင်စီ စစ်သားနဲ့ ရဲတွေကို ချောင်းမြောင်းပစ်ခတ်တာ သို့မဟုတ် ဗုံးခွဲတာ ချိန်ကိုက်မိုင်းခွဲ ပစ်ခတ်တဲ့ သတင်း၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ရာအိမ်မှူး၊ သတင်းပေးလို့ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်း၊ မြို့ပေါ်မှာ လျှပ်တပြက် ဆန္ဒပြတဲ့ သတင်းတွေနဲ့ တခါတရံ ဖမ်းဆီးခံရတဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာတွေ ဝင်ပြီး နေအိမ်မီးရှို့ တာ၊ ပစ္စည်းယူဆောင်သွားတဲ့ သတင်း၊ မြို့နယ်တွေနဲ့ ကျေးရွာက အရပ်သားတွေကို စစ်ကောင်စီတပ်က မသင်္ကာလို့ ဖမ်းဆီးတဲ့ သတင်း၊ မြို့ပေါ်မှာ ဘဏ်လို ရွှေဆိုင်လို ဓားပြတိုက်တဲ့ သတင်း၊ ဒေါ်လာဈေး ၊ ရွှေဈေး မြင့်တက်ပြီး ကျန်တဲ့ ပြည်ပတင်သွင်းတဲ့ ကုန်စည်တွေ စျေးတက်တဲ့ သတင်း၊ အလုပ်အကိုင်ရဖို့အတွက် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံကို ကုန်းလမ်းမှ ခိုးဝင်ရာမှာ ဖမ်းဆီးခံရတဲ့သတင်း၊ ထိုင်းနိုင်ငံမှာ အလုပ်သမားအခွင့်အရေး နစ်နာမှုတွေနဲ့ ပတ်သက်လို့ တိုင်တန်းမှု၊ ဆန္ဒပြမှု စတဲ့ သတင်းတွေ အပြင် သဘာဝပတ်ဝန်းကျင် သယံဇာတ အဆမတန် ခိုးထုတ် ခိုးခုတ်နေကြတဲ့ သတင်းတွေ က နေ့စဥ် သတင်းတွေရဲ့ ၉၀ ရာနှုန်းမျှ နေရာယူထားတာ ဖြစ်ပါတယ်။ 

ဒီသတင်းတွေရဲ့ ၉၀ ရာနှုန်းက သတင်းဆိုးတွေ လို့ဆိုနိုင်ပါတယ်။ အကောင်းဘက်က ရေးဖို့ ဖော်ပြဖို့ မလွယ်ကူတဲ့ လူ့အသက်ဆုံးရှုံးမှု၊ သတ်ဖြတ်မှု၊ အနိုင်ယူမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ ကျေးရွာတွေကို မြေလှန်ဖျက်ဆီးမှု၊ ဓားပြမှု၊ လုယက်မှု၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ စီးပွားရေး ကျဆင်းမှု၊ အသက်ရှင်နေထိုင်ရေးအတွက် အစားအသောက် နေစရာ  အကူအညီ လိုအပ်ချက် စတဲ့အကြောင်းအရာတွေ အများစု ဖြစ်တာကြောင့် အဲဒီအကြောင်းအရာတွေထဲက ငွေရောင် အနားသတ်ရှာဖို့ ခက်ခဲလွန်းလှတာ ဖြစ်ပါတယ်။ နေအိမ်မီးရှို့သူတွေ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်သူတွေ၊ လုပ်ကြံသတ်ဖြတ်သူတွေ၊ လုယက်သတ်ဖြတ်သူတွေက လက်နက်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အခုလိုကာလမှာ အပြစ်ကျူးလွန်သူကို စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်နိုင်တာ မရှိသလောက် ရှားပါးလှတာ ဖြစ်ပါတယ်။ 

သတင်းတွေ ဖတ်ရှုပြီးနောက်မှာ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ထက် အန္တရာယ်ကို တိမ်းရှောင်နိုင်ဖို့ကိုသာ အလေးထားကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဘယ်မြို့မှာ ဘယ်ကျေးရွာမှာ လုယက်သတ်ဖြတ်မှု သို့မဟုတ် အရပ်သားကို သတ်ဖြတ်တဲ့ အမှုအခင်းဖြစ်ပွားတဲ့နောက် ကျူးလွန်သူကို ဖမ်းဆီးနိုင်တယ်ဆိုတာမျိုး အမှုဆယ်မှုမှာ တမှုတောင် မသေချာတော့ဘဲ ရဲတပ်ဖွဲ့တွေက စောင့်ရှောက်ရမယ်ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာကို မယုံကြည်နိုင်တော့တာကြောင့်လည်း ရဲစခန်းတွေကို မတိုင်ကြားကြတော့တာ ဖြစ်ပါတယ်။ 

စစ်ပွဲရဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်တဲ့ အရပ်သားတွေ မိုင်းနင်းမိလို့ အသက်ဆုံးရှုံးကြရတာမျိုး နေအိမ်မှာနေရင်း လက်နက်ကြီးကျည်ကျလို့ အသက်ဆုံးရှုံးကြရတဲ့ သတင်းတွေလည်း နေ့စဥ်လိုလိုသတင်းတွေထဲ ဖတ်ရှုကြရတာပါ။ 

ဒီနေ့ သတင်းမှာ ရှမ်းပြည်နယ် လဲချားမှာ လမ်းလုပ်သားတယောက် မိုင်းနင်းမိပြီး အသက်ဆုံးရှုံးသွားတဲ့ သတင်း၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့စွန်နဲ့ ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမှာ အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံထားရပြီး အနီးမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး အသက်ရှင်လျက်တွေ့ရတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ မိုင်းနင်းမိတဲ့ လဲချားမြို့နယ်ထဲက လမ်းလုပ်သားအဖို့လည်း ဘယ်လက်နက်ကိုင် အဖွဲ့က ထောင်ထားမှန်းမသိတာကြောင့် လူ့အသက်တချောင်းသေဆုံးမှုအတွက် ဘယ်သူ့မှ အပြစ်တင်လို့မရသလို စစ်ကိုင်းနဲ့ ရွှေဘို ခရိုင်ချင်းဆက်လမ်းက အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့လည်း လက်နက်ကိုင် အဖွဲ့ရဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတ်ဖြတ်မှုလား ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေက သတ်ဖြတ်တာလားဆိုတာ မသိရှိနိုင်သလို ဖော်ထုတ်ဖို့လည်း ခက်ခဲမယ့် အနေအထားဖြစ်ပါတယ်။ အသတ်ခံရသူအမျိုးသမီးတဦးရဲ့ ရင်သွေးလို့ ယူဆရ အသက် ၂ နှစ် အရွယ် မိန်းကလေးငယ်က အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း မိခင်ဖြစ်သူ မရှိတော့တဲ့အဖြစ်က လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက်သို့မဟုတ် တရားဥပဒေ မစိုးမိုးမှုရဲ့ အကျိုးရလဒ် တခုအဖြစ်နဲ့သာ မှတ်ယူကြရမယ့် အနေအထားဖြစ်ပါတယ်။ 

ဒီလို လူ့အဖွဲ့အစည်းအချင်းချင်း အကြားက ပဋိပက္ခ၊ သတ်ဖြတ်မှု၊ အနိုင်ယူဖို့ တိုက်ခိုက်မှု ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေစဥ်မှာပဲ စီးပွားရေး နယ်ပယ်မှာလည်း ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတာ အလုပ်အကိုင်တွေ ဆုံးရှုံးတာ လုပ်ခမရတဲ့ အနိုင်ကျင့်ခံရမှုတွေ လူကုန်ကူးခံရမှုသတင်းတွေ က နေ့စဥ် ဖတ်ရှုနေရတဲ့ သတင်းတွေ ဖြစ်နေပါတယ်။ 

မကြာခင်ရက်ပိုင်းက လူကုန်ကူးခံရတဲ့ အမျိုးသမီး ၇ ဦးကို ဒူဘိုင်းက ပြန်ခေါ်လာနိုင်ခဲ့တဲ့ သတင်း၊ ထိုင်းနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရလို့ မြန်မာအလုပ်သမားတွေ ဆန္ဒပြတဲ့သတင်းတွေလည်း လတ်တလော သတင်းတွေ မှာပါရှိတာဖြစ်ပါတယ်။ 

နိုင်ငံရေး မတည်ငြိမ်မှု လက်နက်ကိုင် ပဋိပက္ခတွေကြားထဲ သဘာဝပတ်ဝန်းကျင် အရင်းအမြစ် ပျက်စီးဆုံးရှုံးမှုတွေ အလွန်အကျွံ ထုတ်ယူသုံးစွဲတာတွေ သစ်ခိုးခုတ်တာတွေ တောတွေ ပျက်စီးတာ သယံဇာတတွေ လျင်မြန်စွာပြုန်းတီးလာနေတဲ့ သတင်းတွေလည်း မကြာမကြာ ကြားသိနေရတာ ဖြစ်ပါတယ်။ 

နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်ရင် ကျန်တဲ့ တရားဥပဒေစိုးမိုးရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်သမားအခွင့်အရေးလို ကိစ္စတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်ရှိတာမှန်ပေမယ့် နှစ်ရှည်လာတာနဲ့အမျှ ပျက်စီး ပြုန်းတီးမှုတွေက နောက်ပြန်ဆယ်ယူဖို့ ခက်ခဲတဲ့ အနေအထားရောက်လာနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar