Breaking News

ညိုထွန်းလူ - သူငယ်ပြန်စ

သူငယ်ပြန်စ
ညိုထွန်းလူ
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၂

အံမယ်- -ဘာလိုလိုနဲ့ ကျုပ်လည်း အသက် ၇၀ ထဲရောက်လာခဲ့ပါပကော။ ဒီအသက်ဒီအရွယ်ဆိုတာ အိုခြင်းကိုမချစ်သော်လည်းအောင့်ကာနမ်းနေရတဲ့အရွယ်ပေါ့လေ။ ကျုပ်ကတော့ အဲလိုမတွေးပါဘူး။ ဇာတိရှိလို့အချိန် တန်ရင်ရောက်လာခဲ့တဲ့ဇရာကိုဖက်လှဲတကင်းပါပဲ။ ဇရာကိုမလာပါနဲ့လို့တားလို့မှမရတာ။ နို့ပြီး ဇာတိ ဇရာ ဗျာဓိ မရဏတဲ့။ တခုနောက်ကတခုက တောက်လျှောက်ကပ်ပါလာတဲ့ဘဝရဲ့ဖြစ်စဥ်ကို မသိဘဲနေပါ့မလား။ သိပေမယ့်လည်း မသိချင်ယောင်နေရတယ်။
ဇရာနွံအတွင်းမှာသက်ဆင်းစပြုနေတဲ့အဘိုးအိုပေါက်စကျုပ်ကတော့ အဲသဟာတွေကိုနောက်များကျမှစဉ်းစားတော့မယ်။ အခုတော့အချိန်မတန်သေးလို့ ကျန်တဲ့နှစ်ခုကခဏနေကြဦး။

အိုခြင်းဟာအသက် ၆၀ အရွယ်ကတည်းက ကျုပ်ဆီကိုတစိမ့်စိမ့်တိုးဝင်လာနေမှန်းသိပါရဲ့။စာပေဟောပြောပွဲတွေသွား။ သတင်းစာတွေမှာအပတ်စဉ်ပင်တိုင်ဆောင်းပါးတွေရေးနဲ့ကိုယ့်အလုပ်နဲ့ကိုယ်ပျော်နေသမို့သူ့ကိုဂရုစိုက်ဖို့အချိန်မရဘူး။

ဒါပေတဲ့ကိုဗစ်ဖြစ်ပွားတော့ဒုက္ခရောက်ကရော။ ဘယ်မှမသွားရမလာရ။ ကိုယ့်ဆီကိုလည်းဘယ်သူမှမလာ။ ကိုယ်ကလည်းဘယ်သူ့ဆီမှမသွားနိုင် အိမ်ထဲမှာပဲအောင်းနေရတော့ခွကျလိုက်ပါဘိသနဲ့။
အရင်တုန်းကသွေးတိုးပဲရှိပေမယ့် အခုတော့ ဆီးချိုကမပင့်မဖိတ်ဘဲနဲ့ ရောက်လာတယ်။ ခက်-ခက်ရချည့်။ ကျုပ်ဖြင့် တခါတလေတော့ ငါဘယ်မှမသွားရလို့များ ဒီရောဂါဖြစ်လာသလားလို့တောင်တွေးမိလိုက်တယ်။ အမှန်တော့ အိုခြင်းနောက်ကနေပြီးနာခြင်းကလည်း ကပ်ပါလာနေတာကလား။ ထားပါလေ နာနာ-နက်နက်ပေါ့။ စောစောက‌ပြောထားပြီးပြီဥစ္စာ။ ဗျာဓိတို့မရဏတို့ကိုနောက်များကျမှစဉ်းစားမယ်ဆိုတာ။
အိုပြီဆိုမှဖြင့် မလိုချင်တာတွေကရလာစမြဲပေကိုး။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကတည်းက တပ်ထားတဲ့မျက်မှန်က ပါဝါတွေတိုးလာခဲ့တယ်။သွ ားကအပေါ်ရော အောက်ရော အံကပ်တွေတပ်ထားရတယ်။ နားတဖက်လေးတော့ နားကြားကရိယာတပ်ထားရပြန်တယ်။ ဟောဗျာ အပြင်ထွက်ရင် mask လည်းတပ်ထားလိုက်ရသေး။ စဉ်းစားကြည့်ဗျာ။ မျက်နှာတခုတည်းနဲ့တင်တော်တော့်ကိုအလုပ်ရှုပ်နေတာဗျ။

လွန်ခဲ့တဲ့ ၆ လလောက်တုန်းက ကျုပ်တို့အနားမှာဖုန်းဖုန်းဖောင်းဖောင်းဒုန်းဒုန်းဒေါင်းဒေါင်းနဲ့ရယ်။ အဘွားကြီးကနားပါးတော့ မျက်လုံးမျက်ဆန်တွေပြူးပြီးကျုပ်ကို အသံတွေကြားရတဲ့အကြောင်းတိုးတိုးလေးကပ်ပြောတယ်။ ဘာရယ် -ကျုပ်ကမကြားလို့ထပ်မေး။ တခါမကနှစ်ခါမကပြောနေရတော့ သူဒေါပွသွားတယ်။ ဟ-ဘယ်တတ်နိုင်မှာတုန်း။ ဟိုအဝေးကဖုန်းဖုန်းဖောင်းဖောင်းအသံတွေတောင်မကြားရ မင့်ဟာ သမီးရီးစားတုန်းကစတိုင်မျိုးချိုးပြီး အနားကပ်ပြောလည်း ဘယ်ကြားမှာတုန်းဗျ။ အဲတော့ သူ့ဘာသာဖုန်းဖေါင်းဒုန်းဒေါင်းလုပ်ကြလည်း မကြားရလို့ကြောက်လန့်မနေတော့ဘူး။ အေးကရော။

ကိုယ့်အသက်ကိုယ့်အရွယ် ဘာမှလုပ်နိုင်ကိုင်နိုင်တော့တာမှဟုတ်ဘဲ။ သမီးနှစ်ယောက်က လစဉ်ကန်တော့ကြလို့သာ ဟန်မပျက်နေနိုင်တာပါ။ ကိုယ့်အကြောင်းကိုပြန်ပြီးတွေးကြည့်တော့ တော်တော့်ကိုမနိပ်တာဗျ။ မိဘနှစ်ပါးကတဦးတည်းသောသားကလေးမို့ ပညာရေးမှာမျှော်
လင့်ချက်တွေကြီးမားခဲ့ကြတယ်။ မိဘအားကိုးလောက်ချင်စရာကောင်းအောင် ကျုပ်ကလည်းပေါ့သေးသေးမှတ်လို့။

လေးတန်းမှာတခါကျတယ်။ ရှစ်တန်းသုံးနှစ်။ ဆယ်တန်းမှာနှစ်နှစ်။ ၆ နှစ်တက်ရတဲ့တိမွေးကုတက္ကသိုလ်မှာတစ်နှစ် အပိုဆောင်းပြီးထပ်နေပစ်လိုက်တယ်။ ဆိုတော့ ကျုပ်ရဲ့ပညာရည်မှတ်တမ်းကိုကြည့်လိုက်ရင် မူ လယ် ထက် တက္ကသိုလ်မှာမကျဘူးတဲ့အတန်းမရှိလို့ပြောရတော့မှာပ။ မူလတန်းမှာလည်းလေးတန်းကျသဗျာ။ အလယ်တန်းဆိုလည်း ရှစ်တန်းမှာသုံးနှစ်နေလိုက်ရသေးဗျာ။ တောက်မည့်မီးခဲ တရဲရဲလို့ဆိုသကိုး‌နော။

ဒါပေတဲ့ ဘယ်အချိန်မှတောက်မယ်မှန်းမသိလို့ခက်သပေါ့။ ဟံမာ အဲလိုချည်းတော့ဘယ်ဟုတ်ပါ့မတုန်း။ ဆယ်တန်းတုန်းကဂုဏ်ထူးသုံးဘာသာထွက်လို့ ကျောင်းကဆုချီးမြှင့်တဲ့အောက်စဖို့ဒစ်ရှင်နရီလေးတော့ရဖူးတယ်။ လူကိုများဘာမှတ်နေလဲ။ ဟွန်း ...။

နို့ပေမယ့်ဟိုစဉ်းစားဒီစဉ်းစားနဲ့ဂုဏ်ယူရင်ကော့စရာလေးကိုတွေးမိပြန်တယ်။ ကျုပ်တို့မျိုး ဆက်က အမိမြန်မာ နိုင်ငံတော်ကြီးလွတ်လပ်ရေးရပြီးမှမွေးဖွားလာတဲ့မျိုးဆက်ဆိုတော့ အမိနိုင်ငံတော်ကြီးနဲ့အတူ သာတူ ညီမျှ အီစလံဝေအောင်ခံခဲ့ကြရတယ်။ ခေတ်တွေကိုတခေတ်ပြီးတခေတ် ဖြတ်သန်းရင်းနဲ့ အခုကိုသာဆိုးခေတ်ကြီးထဲဖြတ်သန်းနေရပြန်တယ်။

အဆိုးနဲ့အကောင်းဆိုတာနှိုင်းယှဉ်ချက်ဖြစ်ပေမယ့် နှိုင်းယှဉ်စရာအကောင်းကလည်းမရှိတော့ကျုပ်ဖြတ်သန်းလာသမျှခေတ်တွေကလည်း ရှေ့ကဟာထက် နောက်ကဟာက ပိုဆိုးနေလို့နိုင်ငံရေးစကားလုံးတွေနဲ့ ဘာခေတ်ညာခေတ်ရယ်လို့ မသတ်မှတ်တော့ပဲ ကိုသာဆိုးခေတ်လို့ပဲပြောလိုက်တော့မယ်။ အခုထက်ပိုဆိုးတဲ့ခေတ်များကြုံတွေ့ရရင် ကိုကိုသာဆိုးပေါ့လေ။

အလိုလေးဖွဟဲ့လွဲပါစေ။ နိမိတ်မရှိနမာမရှိနဲ့။ ဒီတော့စဉ်းစားကြည့်ဗျာ။ ကျုပ်တို့မျိုးဆက်ဟာကိုသာဆိုးခေတ်ကြီးထဲရောက်သည်အထိ ခေတ်ပေါင်းစုံကပေးလိုက်တဲ့ဒုက္ခသုက္ခမျိုးစုံကိုကြံ့ ကြံ့ခံပြီ းဖြတ်သန်းနိုင်ခဲ့တာမဟုတ်လား။ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ။

အသက်အရွယ်ရလာတော့ကိုယ့်ပတ်ဝန်းကျင်ကကျဉ်းကိုမျှော်နေမိတယ်။ အထူးသဖြင့် ကိုယ့်အောက်ကမျိုးဆက်တွေပေါ့။ သူတို့တတွေနဲ့ လက်ဖက်ရည်ဆိုင်မှာဟေးလားဝါးလားနဲ့ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နေလိုက်ရရင် လူလည်းလန်းဆန်းသွားပြီး ဘက်ထရီချာဂျင်ပြည့်သွားတယ်။ သူရို့က နေ့တိုင်းအပြင်ထွက်နေကြလို့အထင်ကြီးပြီး ခေတ်အကြောင်းကိုမေးမြန်းသင်ယူချင်မိတယ်။ ဒါပေသိ ဒီကောင်တွေကလည်းမစွံပါဘူး။

ဒီကောင်တွေဆိုတဲ့အသုံးအနှုန်းက ချစ်လို့ရယ်။ ရဲနွေတို့ နောင်ရူပတို့ သျှိုင်းရဲဝံ့တို့ ကျော်ကျော်တို့ မင်းထက်ငြိမ်းချမ်းတို့တတွေ။ ဟ-လာကြပါဦး။ ငါလက်ဖက်ရည်တိုက်ပါ့မယ်ပြောလည်း မသိချင်ယောင်ဆောင်နေကြတယ်။ အဲ စာပေကထိန်အတွက်တို့ ဘာတို့အတွက် အလှူငွေထည့်မယ်ဆိုရင်တော့ ချက်ချင်းဒုန်းစိုင်းလာကြမှာဗျ။ ကောင်းကြသေးရဲ့လား။ အမှန်တော့ ပြောလို့သာပြောရတာပါ။ ကိုယ့်ထက်ငယ်သေးလို့သာ သူတို့ရဲ့အသိ အမြင်တွေကိုနားထောင်ချင်နေပေမယ့် သူတို့အသက်ကလည်း ငါးဆယ်တန်းထဲရောက်နေကြတော့ လူကြီးတွေဖြစ်နေကြပြီ။ အားမနာတန်းပြောရရင် သူတို့လည်းခေတ်နဲ့ နည်းနည်းဝေးနေကြပြီ။

နေစမ်းပါဦး အသက်ခြောက်ဆယ်ကျော်ခွန်နှစ်ဆယ်တွင်းရောက်လာရင် သူငယ်ပြန်တတ်တယ်လို့ပြောတာဟုတ်သလား။ ဆိုတော့ကာ လူငယ်တွေနဲ့ပဲပေါင်းသင်းမိတ်ဆွေဖွဲ့ချင်တဲ့ကျုပ်ကပဲသူငယ်ပြန်နေပြီလား။ ခေတ်ကိုလူငယ်တွေက ဖန်တီးကြတယ်။ ခေတ်အကြောင်းသိချင် ရင် လူငယ်တွေနဲ့ပေါင်းမှပဲသိနိုင်တယ်။ ကျုပ်ကခေတ်အကြောင်းကို သိချင်နေတဲ့သူလေ။
အဲသမှာပဲ ကိုယ့်နောက်ကမျိုးဆက် x နဲ့ y ကိုကျော်ပြီး z မျိုးဆက်နဲ့သိအောင်ကြိုးစားလိုက်မိတယ်။ မျိုးဆက်ကကွာဟနေတော့ သူတို့နဲ့ခင်မင်ရင်းနှီးဖို့တယ်ပြီးမလွယ်လှဘူး။ အမှန်တိုင်းဝန်ခံရရင် သူငယ်ပြန်တယ်ပဲပြောပြော GZ မျိုးဆက်တွေဆီက အတွေးအကြံတွေအင်အား
သတ္တိတွေကို ကိုင်းဆက်ကူးချင်နေမိတာပါ။

ငယ်ငယ်တုန်းကရွှေဘရုပ်ရှင်ကားတွေကြည့်ခဲ့ရတယ်။ ရွှေဘနှိပ်စက်ခံရရင် မခံမရပ်နိုင်အောင်ဒေါသဖြစ်ပြီး ပိတ်ကားကိုတွေ့ရာနဲ့ကောက်ထုချင်နေမိတယ်။ နောက်ဆုံးတော့ ရွှေဘကပြန်ချရင် ကျွန်တော်တို့အားလုံး လက်ခုတ်သံတဖြောင်းဖြောင်းပေါ့။ ရွှေဘဟာဟီးရိုးပေါ့။ အခုကျတော့လည်း GZ ဟာသူငယ်ပြန်စကျုပ်အတွက် ရွှေဘပဲ။ ဒီလူငယ်ကလေးတွေနဲ့အလှမ်းဝေးနေပေမယ့် သူတို့ရဲ့ကောင်းသတင်းတွေကြားရရင် အဘိုးအိုပေါက်စကျုပ်ဟာ အင်အားတွေပြည့်သွားပြီး ကိုယ့်ကိုယ်ကိုလူငယ်လေးတယောက်လို ခံစားလိုက်ရတယ်။ ဒါကိုပဲ သူငယ်ပြန်
နေပြီပြောလည်းပြောကြပေါ့လေ။ ဘယ်တတ်နိုင်မလဲ။

ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar