မြင့်အေး - ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယာဝါလာဘတ်လူသတ်ပွဲ (၃)နိဂုံး
ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယာဝါလာဘတ်လူသတ်ပွဲ (၃)နိဂုံး
မြင့်အေး
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၂
ဒီလူသတ်ပွဲကိုကြားရတဲ့ ဗြိတိန်ပါလီမန်က အဲဒီတုန်းက စစ်ဘက်ဆိုင်ရာဝန်ကြီး ဝန်စတန်ချာချီနဲ့ ဝန်ကြီးချုပ် H.H Asquith တို့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ ဝန်ကြီးချုပ်က ” ဒီအဖြစ်အပျက်ဟာ ကျုပ်တို့သမိုင်းမှာ အဆိုးဆုံး တုန်လှုပ်ဒေါသဖြစ်စရာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
၁၉၂၀ ဂျူလိုင်လမှာကျင်းပတဲ့ အောက်လွှတ်တော်အစည်းအဝေးကျင်းပတဲ့အချိန်မှာ ဝန်စတန်ချာချီက ...
” အဲဒီလူအုပ်မှာ ဘာလက်နက်မှမရှိဘူး၊ သူတို့ကိုသေနတ်နဲ့ပစ်တဲ့အချိန်မှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ တိုက် ခိုက်နေတာမဟုတ်ဘူး၊ ဘာကိုမှဖျက်ဆီးနေတာလည်းမဟုတ်ဘူး၊ သူတို့ထွက်ပြေးဘို့ ကြိုးစားနေခဲ့ကြတာပဲဖြစ်တယ်။ စဉ်းစားကြည့်ပါ၊ ကျုပ်တို့ရဲ့ ထရာဖော်လ်ဂါစကွဲယားလောက်တောင်မကျယ်တဲ့ကွင်းထဲ ပြေးပေါက်မရှိ အလုအယက်ပြေးလွှားနေကြသူတွေကို ပစ်လိုက်တဲ့ကျည်ဆန်တစ်တောင့်က လူသုံးလေးယောက်ကို ဖောက်ထွင်းသွားမှာအမှန်ပဲ။ လူတွေက အရူးတွေလိုပြေးနေကြတယ်။ အလယ်ကို သေနတ်တွေစုပြုံပစ်တော့ ဘေးကိုပတ်ပြေးကြတယ်။ သေနတ်က ဘေးကိုလိုက်ပစ်တယ်။ လူတွေက ကြောက်လန့်ပြီး မြေမှာဝပ်ကြ ပြန်တော့ ဝပ်တဲ့နေရာကိုပစ်ပြန်တယ်။ ဒါဟာ (၈)မိနစ်ကနေ (၁၀) မိနစ်လောက်ကြာတယ်။
ဘယ်လောက်တောင်ပစ်သလဲဆိုရင် သေနတ်ထဲမှာ ကျည်ကုန်တဲ့အထိပဲ” ချာချီရဲ့မိန့်ခွန်းအပြီး မဲခွဲတော့ ၂၄၃မဲ ၃၇ မဲနဲ့ Dyerကိုကန့်ကွက်တဲ့အဆိုနိုင်တယ်။ ဒါဟာ ဗြိတိန်အစိုးရက ကန့်ကွက်ခဲ့တဲ့မှတ်တမ်းပါပဲ။ ဝန်စတန်ချာချီက Dyer ကို ရာထူးကထုတ်ပယ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ သို့ပေမဲ့ စစ်စည်းမျဉ်းအရလုပ်ဘို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အောက်လွှတ်တော်ကနေ စစ်တပ်ရဲ့အခန်းကဏ္ဍကိုပြန်လည်သုံးသပ်ခဲ့ကြပြီး လူအစုအဝေးကိုထိန်း သိမ်းရာမှာ သင့်လျော်တဲ့နည်းကျင့်သုံးမဲ့ နည်းလမ်းရှာဖို့ ဆောင်ရွက်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့တိုး တက်တဲ့နည်းလမ်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီကော်မရှင်က Dyer ကိုခေါ်စစ်မယ်ဆိုတော့ အစောပိုင်းမှာစစ်တပ်က သူ့ကိုယ်စားဖြေကြားမဲ့ အဖွဲ့တခုစေ လွှတ်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အသိအမှတ်ပြုရမလား၊ ကျွန်တွေကို သတ်တာ တရားတယ်ဆိုတဲ့ နယ်ချဲ့ဇာတိကို ပြခဲ့တာလားတော့မသိပါဘူး ဒိုင်ယာက ကိုယ် တိုင်လာရောက်အစစ်ခံခဲ့ပါတယ်။ သူပြောတာကတော့ ” ဟုတ်တယ် ဒီအစည်းအဝေးလုပ်မယ်ဆိုတာကို ကျုပ်နေ့လည် ၁၂:၄၀ မှာသိတယ်။ မတားခဲ့ပါဘူး။ ကျုပ်အဲဒီမှာ လူအစုအဝေးတွေ့တာနဲ့ပစ်သတ်ဘို့သွားခဲ့တာပဲ။” သူ့ကို လူစုခွဲဖို့ ဘာကြောင့်မလုပ်ခဲ့တာလဲလို့မေးတဲ့အခါ ” လူစုခွဲရင်တော့ ရမှာပါ ဒါပေမဲ့ လူတွေကပြန်လာကြဦးမှာပဲ ပြီးရင် ပျက်ရယ်ပြုကြမယ်။ ကျုပ်စဉ်းစားတာကတော့ ဒီလိုလုပ်တာဟာ ကျုပ်ကိုကျုပ် အရူးလုပ်ရာကျသလိုဖြစ်မှာပဲ ” ပြီးတော့လည်း ဒါဟာသူပုန်တွေက ကျုပ်တို့ကို တခြားအထောက်အပံ့တွေနဲ့ပြတ်တောက်အောင်လုပ်နေတာလို့ပဲ မြင်တယ်။ ဒါကြောင့်ဒီကောင်တွေကို ပစ်သတ်ဖို့က ကျုပ်ရဲ့တာဝန်ပဲလို့ ခံယူလို့ ပစ်ခဲ့တာပဲ” ကော်မရှင်က ” ဒါဆိုရင် တကယ်လို့များ ခင်ဗျားက Armoured car ( စက်သေ နတ်တပ်ထားတဲ့ယဉ်) သာအထဲဝင်လို့ရရင် အဲဒါနဲ့ပစ်မှာပဲလား” လို့ မေးတဲ့အခါ ” ပစ်မှာပဲ” ” ဒါဆိုအသေအပျောက် ပိုများမှာပေါ့”၊ ” ဟုတ်တယ်လေ” ဒါက သူပုန်တွေစိတ်ဓာတ်ရေးရာပျက် ပြားအောင်လုပ်တာပဲပေါ့။ ” ဒဏ်ရာရသူတွေကို မကောက်ဘူးလား” ” ဒါကျုပ်အလုပ်မဟုတ်ဘူး သူတို့ဘာသာဆေးရုံသွားပေါ့ ဆေးရုံဖွင့်ထားတာပဲ”
Dyer ရဲ့ကော်မရှင်မှာထွက်ဆိုချက်တွေက လူအများကို ပိုပြီးဒေါသထွက်စေခဲ့ပါတယ်။ လူအများကတော့ ဒီလောက်မညှာမတာသတ်ဖြတ်စရာမလိုဘူးလို့ မြင်ခဲ့ကြတယ်။ ဒါပေမဲ့ Dyer နဲ့ Michael O`Dwer ( ပန်ဂျပ်ဒုတိယ ဘုရင်ခံချုပ်) က ဒါဟာ သူပုန်တွေကို ချေမှုန်းတာလို့ အစီ ရင်ခံခဲ့ပါတယ်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ ကော်မရှင်က ချေမှုန်းစရာသူပုန်မရှိပါဘူးလို့ မှတ် ချက်ပြုပြီး Dyer တို့အစီရင်ခံစာကို ပယ်ဖျက်ခဲ့ပါတယ်။
ကော်မရှင်ရဲ့သုံးသပ်ချက်နိဂုံးကတော့ ...
အစကတည်းက လူစုခွဲဖို့ သတိပေးတာအားနည်းခဲ့တယ်၊
အချိန်အကြာကြီးပစ်ခတ်မှုက အကြီးအကျယ်အမှားဖြစ်တယ်၊
Dyer ရဲ့ စိတ်စေတနာသဘောထားဟာ ပြစ်တင်ရှုတ်ချစရာဖြစ်တယ်၊
Dyer က လုပ်ပိုင်ခွင့်ကို ကျော်ပြီးအာဏာသုံးခဲ့တယ်၊
ပန်ချပ်ကို သူပုန်တွေလုပ်ကြံပြီး ဗြိတိသျှတွေကို မောင်းထုတ်ဖို့ဆိုတဲ့ Dyer တို့ရဲ့ပြောဆိုချက်တွေဟာ အခြေ အမြစ်မရှိဘူးလို့ နိဂုံးချုပ်ခဲ့ပါတယ်။ ကော်မရှင်က Dyer နဲ့ပတ်သက်ပြီး အရေး ယူမှုမလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်ခဲ့တာကလည်း အထက်လူကြီးအတော်များများက သူ့အပေါ်စာနာမှုရှိနေတာတကြောင်း စစ်တပ်အတွင်း အရေးယူဖို့ လွှဲပြောင်းပေးခဲ့ရတာတို့ကြောင့်ပါ။ ဒါပေမဲ့ သူ့မှာအပြစ်ရှိတယ်ဆိုတာနဲ့ တာဝန်က ရပ်ဆဲတာကိုတော့ လုပ်နိုင်ခဲ့ပါတယ်။
သူ့ကို ကြီးမားတဲ့အပြစ်မပေးနိုင်တဲ့အပြင် အာဖဂန်စစ်ပွဲမှာ ထူးချွန်ပြောင်မြောက်စွာတိုက်ခိုက်ခဲ့သူဆိုပြီး ဗြိတိန်ရဲ့ တတိယအကြီးဆုံးဆုလို့ဆိုနိုင်တဲ့ Commander of the Order of the British Empirer ( CBE) ဆုကိုပေးဖို့ အဆိုပြုခဲ့ကြပေမဲ့ နောက်ပိုင်းကျမှ ပယ်ဖျက်လိုက်ကြတာပါ။ သူဟာအသားဝါရောဂါနဲ့ပဲ ၁၉၂၇ မှာသေဆုံးသွားခဲ့ပါတယ်။
လက်စားချေခြင်း
၁၉၄၀မတ်လ (၁၃) ရက်နေ့ လန်ဒန်မြို့ Caxton Hall မှာ ဂျာလီယာဝါလာဘတ်လူသတ်ပွဲမှာ အဓိက တာဝန်ရှိခဲ့သူတဦးဖြစ်တဲ့ အဲဒီလူသတ်ပွဲတုန်းက ပန်ချပ်ပြည်နယ် ဒုတိယဘုရင်ခံချုပ်ဖြစ်ခဲ့တဲ့ Michael O`Dwer သေ နတ်နဲ့ပစ်သတ်ခံရပါတယ်။ သူ့ကို သတ်ဖြတ်သူကတော့ Udham Singh ပဲဖြစ်ပါတယ်။ Udham Singh အိန္ဒိယလွတ်မြောက်ရေးတော်လှန်ရေးသမားတဦးလည်းဖြစ်ပြီး လူသတ်ပွဲတုန်းက ကိုယ်တိုင်ရှိနေယုံမက ဒဏ်ရာရခဲ့သူလည်းဖြစ်ပါတယ်။
Udham Singh က တရားရုံးတော်မှာ ဖြောင့်ချက်ပေးခဲ့ရာမှ ...
” ဟုတ်တယ် ငါ သူ့ကို အညိုးနဲ့ကိုသတ်ခဲ့တယ်။ သူဟာသေဖို့ ထိုက်တန်တဲ့သူပဲ။ သူဟာတကဲ့လက်သည် တရားခံဖြစ်တယ်။ သူဟာ ငါတို့ပြည်သူတွေရဲ့ ဝိညာဉ်ကို ကြိတ်ချေချင်ခဲ့သူပဲ ဖြစ်တယ်၊ ဒါကြောင့်ငါသူကို ကြိတ်ချေလိုက်တာပဲ။ လွန်ခဲ့တဲ့ (၂၁) နှစ်လုံးလုံး သူ့ကိုလက်စားချေဘို့ ငါကြိုးပမ်းခဲ့တယ်။ ဒီအလုပ်ပြီးမြောက်လို့ဝမ်းသာတယ်။ ငါသေရမှာမကြောက်ပါဘူး။ ငါဟာ ငါ့တိုင်းပြည်အတွက်သေတယ်လို့ပဲ မှတ်ယူတယ်။ ငါ့တိုင်းပြည်ဟာ ဗြိတိသျှတွေရဲ့ အုပ် ချုပ်မှုအောက်မှာ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့တာကို ငါမြင်ခဲ့ရပြီ။ ဒါကို ငါကန့်ကွက်တယ်၊ ဒါဟာငါ့တာဝန်ပဲဖြစ်တယ်။ ငါ့တိုင်းပြည်အကျိုးအတွက် သေရတာလောက် မွန်မြတ်တဲ့ဂုဏ်ဘယ်မှာရှိတော့မလဲ”
Singh ကို ၁၉၄၀ ဂျူလိုင် ၃၁ ရက် Pentonville Prison မှာ သေဒဏ်ပေးခံခဲ့ရပါတယ်။
မိုက်ကယ်အိုဒွေယာ သတ်ဖြတ်ခံတဲ့သတင်းထွက်ပေါ်လာတာနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ဂျာလီယန်ဝါလာဘတ်လူသတ်ပွဲက ကမ္ဘာ့စာမျက်နှာမှာ တခါပြန်ပေါ်ခဲ့ရပြန်ပါတယ်။
The Times သတင်းစာကြီးက Singh ကို ”Fighter for freedom“ အဖြစ်ဖော်ပြခဲ့ပါတယ်။ ဂျာမန်သတင်း စာကြီးဖြစ်တဲ့ Zeitung ကတော့ ” The torch of Indian reedom ” လို့ဆိုခဲ့ပါတယ်။ အိန္ဒိယတလွှားမှာတော့ Singh ကို ဂုဏ်ပြုချီးကျူးမှုတွေ အမြောက်အမြားလုပ်ခဲ့ကြပါတယ်။
ဒီလူသတ်မှုဖြစ်တာနဲ့ အိန္ဒိယခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ မဟတ္တမဂန္ဒီကြီးနဲ့ ဂျဝါဟာလာနေရူးတို့က Singh ကို မိုက်ရူးရဲဆန်တဲ့လုပ်ရပ်လို့ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ သို့ပေမဲလို့ ၁၉ ၅၂ ဂျဝါဟာလာနေရူးက ဆင်းကို ချီး ကျူးဂုဏ်ပြုဂုဏ်ပြုခဲ့ပါတယ်။ Shaheed -i-Azam Ud- ham Singh လို့ခေါ်ခဲ့ပါတယ်။ Shaheed ဆိုတာက တော့ တိုင်းပြည်နဲ့လူမျိုးအတွက် သူရဲကောင်းပီသစွာပေးဆပ်ခဲ့တဲ့ အာဇာနည်ဘွဲ့ပဲ ဖြစ်ပါတယ်။
အမှားကို တာ၀န်ခံနေကြရခြင်း
ဗြိတိသျှဘုရင်မကြီး အယ်လီဇဘက်က အိန္ဒိယလွတ်လပ်ရေးရပြီး ၁၉၆၁, ၁၉၈၃ အိန္ဒိယကိုလည်ပတ်စဉ်က တော့ ဂျာလီယာဝါလာဘတ် လူသတ်ပွဲနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ပေမဲ့ ၁၉၉၇ မှာတော့ သမိုင်းမှာခက်ခဲတဲ့ ကာလတွေရှိခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ ဂျာလီယာဝါလာဘတ်ကိုသွားခဲ့ပြီး ကျဆုံးခဲ့သူတွေကို လေးစားတဲ့အနေနဲ့စက္ကန့် (၃၀) ငြိမ်သက်ခြင်းပြုခဲ့ပါတယ်။ သူ့ရဲ့ဖိနပ်ကိုလည်း ချွတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံသားတချို့ကတော့ ဒါဟာတောင်းပန်တဲ့အဆင့်မဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။
၂၀၁၃ခုနှစ် ဗြိတိန်၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန် အိန္ဒိယကိုရောက်လာခဲ့ပါတယ်။ သူဟာ လူ သတ်ပွဲဖြစ်ခဲ့တဲ့ ဂျာလီယာဝါလာဘတ်ပန်းခြံကို ပထမဆုံးလည်ပတ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ ကျဆုံးသူတွေအတွက် ပန်းစည်းချခဲ့ပြီး ...
”ဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ဗြိတိသျှရာဇဝင်မှာ ရှက်စရာအကောင်းဆုံးအဖြစ်ပါပဲ။ ဝန်စတန်ချာချီပြောခဲ့သလို အလွန်တုန်လှုပ်ဖွယ် အဖြစ်ပါပဲ၊ ကျွန်တော်တို့ဒီမှာဖြစ်ခဲ့တာကို ဘယ်တော့မှမမေ့သလို ကျွန်တော်အသေအချာပြောနိုင်တာကတော့ ဗြိတိန်အနေနဲ့ငြိမ်းချမ်းစွာဆန္ဒပြသူတွေဘက်မှာ အမြဲရပ်တည်မယ်ဆိုတာပါပဲ”
ဒီလိုပြောပေမဲ့ ကင်မရွန်ဟာတရားဝင်တောင်းပန်မှု မလုပ်ခဲ့ပါဘူး။
နှစ်တွေဘယ်လောက်ပဲကြာပေမဲ့ မတရားအနိုင်ကျင့်သတ်ဖြတ်ခဲ့မှုဆိုတာတွေကတော့ ဘယ်တော့မှတိမ်မြှပ်ပျောက်ကွယ်မှာမဟုတ်ဘူးဆိုတာ ဂျာလီယာဝါလာဘတ်လူသတ်ပွဲက သက်သေထူနေပါတယ်။
မြင့်အေး
ကိုးကား/en.wikipedia.org/wiki/Jallianwala_Bagh_massacre
en.wikipedia.org/wiki/Chambers_of_parliament
n.wikipedia.org/wiki/Rowlatt_Committee နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပန်းခြံတွင်းမှစာတမ်းများ၊ လူပုဂ္ဂိုလ်များရဲ့ပြောဆိုချက်များကိုလည်း ဖြည့်စွက်ရေးသားပါသည်။
* ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယန်ဝါလာဘတ်လူသတ်ပွဲ ( ၁ )
https://www.moemaka.com/2022/10/blog-post_44.html
* ရာစုတိုင်ခဲ့ပြီဖြစ်သော ဂျာလီယာဝါလာဘတ်လူသတ်ပွဲ (၂)
https://www.moemaka.com/2022/10/blog-post_12.html
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar