အောင်သူငြိမ်း - ၂၁ ရာစုမှာ အရင်းအနှီး (Capital in the 21st Century)
အောင်သူငြိမ်း - ၂၁ ရာစုမှာ အရင်းအနှီး (Capital in the 21st Century)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၂
သောမတ် ပစ်ကက်တီ (Thomas Piketty) ရေးတဲ့ ၂၁ ရာစုမှာ အရင်းအနှီး (Capital in the 21st Century) စာအုပ်က အရေးကြီးတယ်။ အလေးထားဖတ်ကြတယ်။ တချိန်တုန်းက “အရင်းကျမ်း”လိုပဲ၊ ကမ္ဘာကြီးရဲ့ လူတန်းစားမညီမမျှမှု၊ ဆင်းရဲ ချမ်းသာကွာဟမှုတွေကို မွှေနှောက်ထားတာ။ စာတအုပ်လုံးက ၆၉၆ မျက်နှာရှိတယ်။ ဘာသာပြန်ဖို့ မလွယ်ဘူး။ ကျနော် စဉ်းစားတာက စာအုပ်နိဒါန်းကို ဘာသာပြန်ပေးမယ်။ ဒီစာအုပ်ကို ခြုံငုံသုံးသပ်တဲ့ ဖိလစ်ပိုင်ပညာရှင် ဒေါက်တာ ဝေါလ်ဒင် ဘဲလို သုံးသပ်ချက်ကို ဘာသာပြန်ပေးမယ်။ ပြီးတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယှဉ်ပြီး ရေးကြည့်မယ် စိတ်ကူးထား တယ်။ တချိန်က ဥရောပမှာ ကွန်မြူနစ်ကြေညာစာတမ်းထွက်ပေါ်နေချိန်မှာ ဗမာမှာတော့ “စိန်ခြူးရယ်တဲ့ ကြာညောင်” ဘောလယ် ရေးနေကြတုန်းဆိုတဲ့ ဆရာမောင်သာနိုး သုံးသပ်ချက်လိုမျိုး။ ဒါပေမယ့် လူပျင်းလုံ့လ ဘယ်လိုရှိမယ် မသိသေးဘူး။ ကနဦး နိဒါန်း ၃၆ မျက်နှာလောက်ကို ဘာသာပြန်ပေးမယ် စဉ်းစားတယ်။
နိဒါန်း
“လူမှုရေးအရ ကွဲပြားခြားနားမှုဆိုသည်မှာ လူအများအတွက် အသုံးကျမှုအပေါ်တွင်သာ အခြေခံရမည်”
— လူသားနှင့် နိုင်ငံသားတို့၏ အခွင့်အရေးကြေညာစာတမ်း Declaration of the Rights of Man and the Citizen, ပုဒ်မ ၁၊ ၁၇၈၉။
ဓနဥစ္စာ ခွဲဝေမှုသည် ယနေ့ကာလ လူအများအကြား အကျယ်အပြန့်ဆုံး ဆွေးနွေးနေကြသည့် ခေါင်းစဉ်ဖြစ်သကဲ့သို့၊ အငြင်း ပွားဖွယ်ကိစ္စလည်း ဖြစ်ပါသည်။ သို့သော် မိမိတို့ တိတိကျကျသိသော ကိစ္စမှာ ဤကိစ္စသည် ကာလကြာရှည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါသလားဟု မေးခွန်း ထုတ်စရာ ရှိပါသည်။ ပုဂ္ဂလိက အရင်းအနှီးစုဆောင်းမိလာမှု၏ ဖြစ်ပေါ်တိုး တက်ပုံကြောင့် မလွဲမရှောင်သာ လူနည်းစု၏ လက်ထဲတွင် သိပ်သည်းစုပုံမှု အဖြစ်သို့ ရောက်ရှိစေခဲ့ပါသလား။ ကားလ်မာ့စ် (Karl Marx) က ၁၉ ရာစုတွင် ဤသို့ ယုံကြည်ထားခဲ့သည်။ သို့မဟုတ် စီးပွားဖွံ့ဖြိုးမှုအတွက် အင်အားစုများ၊ ပြိုင်ဆိုင်မှု နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့၏ အပြန်အလှန် ထိန်းကြောင်းမှုများမှနေ၍ ဖွံ့ဖြိုးမှု၏ နောက်ပိုင်းအဆင့်များတွင် ဆင်းရဲ ချမ်းသာ ကွာဟမှု လူတန်းစားမညီမျှမှုကို လျှော့ကျလာစေရန် အကြောင်းဖြစ်နိုင်ပါသလား။ ဆိုင်မွန် ကုဇနက် (Simon Kuznets) ယူဆသလို လူတန်းစားများအကြား ညီမျှ ပို၍သဟဇာတဖြစ်မှုသို့ ရောက်စေနိုင်ပါသလား။ ဓနဥစ္စာနှင့် ဝင်ငွေက ၁၈ ရာစုမှ စတင်၍ မည်သို့မည်ပုံ တဆင့်ချင်း ဖွံ့ဖြိုးတိုးတက်လာပုံကို မိမိတို့သေချာဂန သိပါသလား။ ရာစုနှစ်များမှ နေ၍ ခင်းလာသည့် လမ်းကြောင်းတလျှောက် မည်သို့သော သင်ခန်းစာများကို မိမိတို့ ထုတ်ယူနိုင်ကြပါမည်နည်း။
ဤမေးခွန်းများကို ယခုစာအုပ်တွင် ဖြေဆိုနိုင်ဖို့ ကြိုးစားထားပါသည်။ မိမိက တဆက်တည်းစ၍ ပြောထားလိုသည်မှာ ဤ အဖြေများသည် မပြည့်စုံသလို၊ ကုံလုံမှု မရှိနိုင်ပါ။ သို့သော် ယင်းတို့ကို ယခင်ရှိထားသည့် သုတေသနများ၏ သမိုင်းကြောင်း နှင့် နှိုင်းယှဉ်၍ ရနိုင်သောဒေတာများကို အခြေပြု၍ ပြောထားခြင်း ဖြစ်ပါသည်။ နိုင်ငံ ၂၀ ကျော်၏ ရာစုနှစ်များနှင့်ချီသည့် ဒေတာများကို သုံးထားပါသည်။ ဖြစ်ပေါ်နေသည့် စနစ်ယန္တယားများကို နားလည်နိုင်ရန် အသစ်သော သီအိုရီ မူဘောင်များကို လည်း သုံးထားပါသည်။
ခေတ်သစ် စီးပွားဖွံ့ဖြိုးမှုနှင့် ဗဟုသုတတို့၏ ပျံ့နှံ့ပုံကြောင့် မာ့စ်ဝါဒီတို့၏ ကမ္ဘာပျက်ကိန်း ဟောပြောချက်ကို ရှောင်လွှဲနိုင်သကဲ့သို့၊ အရင်းအနှီးနှင့် လူတန်းစားမညီမျှမှုတို့၏ ပို၍ နက်နဲသော ဖွဲ့စည်းထားပုံကိုလည်း ပြန်၍ဆန်းသစ် ဖော်ပြနိုင်ခဲ့ပါသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီး အကောင်းမြင်ခဲ့ကြသည့် ဆယ်စုနှစ်များက ထင်ထား မျှော် လင့်ထားသလောက်တော့ များများစားစား မဖော်ပြနိုင်ခဲ့ပါ။
၁၉ ရာစုတွင် ဖြစ်ပေါ်ခဲ့သကဲ့သို့ အရင်းအနှီးအပေါ် အခြေပြု၍ ပြန်ရလာနိုင်သည့် အမြတ်အစွန်းနှုန်းက၊ ထုတ်လုပ်မှု နှင့် ဝင်ငွေ ဖွံ့ဖြိုးမှုနှုန်းထက် ပိုများသည့်အခါမျိုး၊ ၂၁ ရာစုတွင်လည်း နောက်ထပ် ဖြစ်နိုင်ဦးမည်ဟု မျှော်လင့်ရပြီး၊ အရင်းရှင်စနစ်က အလိုအလျောက် ဖွံ့ဖြိုးမှုကို ရေရှည်တည်တံ့အောင် ထိန်းထား နိုင်ခြင်း မရှိသည့် လူတန်းစားမညီမျှမှုကို မဖြစ်မနေ ထပ်၍ ဖန်တီးနိုင်ပါသည်။ သို့ဆိုလျှင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းက အခြေပြုထားသည့် အရည်အချင်းအလိုက် တန်ဖိုးဖြစ်ပေါ်မှုများကိုလည်း အခြေခံကျကျ လှိုက်စားဦးတော့မည် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ ဒီမိုကရေစီက အရင်းရှင်စနစ်အပေါ် ပြန်၍ထိန်းချုပ်နိုင်မှု နည်းလမ်းများ ရှိရမည်ပင် ဖြစ်သည်။ ပုဂ္ဂလိက အကျိုးစီးပွားထက်စာလျှင် အထွေထွေ အကျိုးစီးပွားကို သေချာအောင် ဆောင်ရွက်ရမည်ပင် ဖြစ်သည်။ စီးပွားရေးအရ ပွင့် လင်းမှုကို ထိန်းသိမ်းထားသည်နှင့်တပြိုင်နက်တည်းတွင် ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒ (protectionist) နှင့် အမျိုးသား ရေးအရ တုံ့ပြန်မှုများကို ရှောင်ရှားကြရမည် ဖြစ်သည်။ ယခုစာအုပ်နောက်ပိုင်းတွင် မိမိအဆိုပြုထားသည့် မူဝါဒအကြံပြုချက် များသည် ဤလမ်းကြောင်းကို ဦးတည်ထားပါသည်။ ယင်းတို့သည် သမိုင်းကြောင်းအရ ရရှိလာသည့် သင်ခန်းစာများအပေါ် တွင် အခြေပြုထားပါသည်၊ မရှိမဖြစ် အရေးကြီးသည့် ဇာတ်ကြောင်းအတိုင်း လိုက်နာဖော်ပြထားခြင်း ဖြစ်ပါသည်။
ဒေတာမပါသော ဆွေးနွေးငြင်းခုံမှုလား ?
ဓနဥစ္စာခွဲဝေဖြန့်ဖြူးမှုနှင့် ပတ်သက်၍ ပညာရပ်ဆိုင်ရာ နှင့် နိုင်ငံရေးဆွေးနွေး ငြင်းခုံမှုများသည် ကာလကြာရှည်စွာကပင် တင်ကူးယူဆထားချက်များနှင့် အချက်အလက်များ ရှားပါးသည့်အပေါ် အခြေခံ၍ အနှံ့အပြား ဆောင်ရွက်ခဲ့ကြပါသည်။
သေချာသည်မှာ ယနေ့ကာလ ဓနဥစ္စာ အခြေအနေနှင့် ဝင်ငွေအဆင့်အတန်းများနှင့် ပတ်သက်၍ လူတိုင်းက သိရှိထားကြသည့် အလိုလိုဖြစ်နေသော ဗဟုသုတများ (ပြောရလျှင် သီအိုရီ အခြေခံမူဘောင် မရှိဘဲနှင့် သို့မဟုတ် စာရင်းအင်းဆိုင်ရာ တွက် ချက် အကဲဖြတ်မှုများ မရှိပါဘဲနှင့်) ၏ အရေးပါပုံကို လျှော့ပေါ့တွက်ပါက မှားယွင်းပါလိမ့်မည်။ ရုပ်ရှင်များနှင့် စာပေများ၊ အထူးသဖြင့် ၁၉ ရာစုက ဝတ္ထုများတွင် မတူခြားနားသော လူမှုအုပ်စုများ၏ နှိုင်းယှဉ်မှုသဘော ဓနဥစ္စာပိုင်ဆိုင်မှုနှင့် လူနေမှု အဆင့်အတန်းများကို အသေးစိတ် ပြည့်စုံကုံလုံစွာ ဖော်ပြခဲ့ကြပါသည်။
ထို့အပြင် လူတန်းစားမညီမျှမှု၏ နက်ရှိုင်းသော ဖွဲ့ စည်းထားပုံကို အထူးဖော်ပြခဲ့ကြပါသည်။ ၎င်းတို့က ကျိုးကြောင်းဆင်ခြင်ထားကြသည့်အတိုင်း၊ လူတဦးချင်းစီ၏ ဘဝများအပေါ် သက်ရောက်မှု ဖြစ်စေပါသည်။ အမှန်ဆိုရလျှင် ဂျိန်းအော်စတင် (Jane Austen) ၏ ဝတ္ထုများနှင့် အွန်းနိုးဟေး ဒီ ဘိုးလ်ဇက် (Honoré de Balzac) ၏ ဝတ္ထုများသည် ဗြိတိန်နိုင်ငံတွင် ဓနဥစ္စာ ခွဲဝေမှုနှင့် ပြင်သစ်နိုင်ငံတွင် ၁၇၉၀ နှင့် ၁၈၃၀ ခုနှစ်များ အခြေအနေကို လုံးဝကွက်ကွက်ကွင်းကွင်း ပုံဖော်ထားကြပါသည်။ ယင်းစာရေးဆရာနှစ်ဦးလုံးက သူတို့သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရှိ ဓနဥစ္စာ ထက်-အောက်ကွာခြားပုံကို အနီးကပ်ဆုံး ကျွမ်းဝင်သိရှိခဲ့ကြပါသည်။
၎င်းတို့က ဓနဥစ္စာ၏ ဖုံးကွယ်ထားသော ကောက်ကြောင်းသွင်ပြင်ကို ဖမ်းဆုပ်ကိုင်နိုင်ခဲ့ပြီး၊ လူယောက်ျား-မိန်းမတို့၏ မလွှဲမရှောင်သာသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ပြထားရာ၊ ထိုသူတို့၏ အိမ်ထောင်ပြုရေး မဟာဗျူဟာ စဉ်းစားပုံများ၊ ပုဂ္ဂလိက မျှော်လင့်ချက်များနှင့် စိတ်ပျက်အားငယ်ရမှုများ အပါအဝင် ဖြစ်ပါသည်။ ဤဝတ္ထုများနှင့် အခြားဝတ္ထုရေးဆရာများက လူတန်းစားမညီမျှမှု၏ သက်ရောက်မှုများကို ပုံဖော်ခဲ့ကြရာ သဏ္ဌာန်လုပ် သရုပ်တူ ဟူသည့်အတိုင်း၊ စိတ်အာရုံကို နှိုးဆွစေသော အစွမ်းက စာရင်းအင်းပညာနှင့် သီအိုရီပိုင်းဆိုင်ရာ အကဲဖြတ်သုံးသပ်ချက်များက ယှဉ်၍မရနိုင်လောက်အောင် ဖြစ်ပါသည်။
အမှန်ဆိုရလျှင် ဓနဥစ္စာခွဲဝေမှုသည် အလွန်အရေးကြီးသည့် အရေးကိစ္စဖြစ်ပြီး၊ စီးပွားရေးပညာရှင်များ၊ လူမှုရေးပညာရှင်များ၊ သမိုင်းပညာရှင်များ၊ တွေးခေါ်ပညာရှင်များ လက်ထဲ၌သာ မထားရှိသင့်ပါ။ လူတိုင်းအတွက် အရေးကိစ္စဖြစ်ပြီး ကောင်းမြတ်သော အရေးကိစ္စလည်း ဖြစ်ပါသည်။ လူတန်းစားမညီမျှမှု ခိုင်မာစွာ၊ ရုပ်ပိုင်းဆိုင်ရာအရ လက်တွေ့တည်ရှိနေမှုသည် သာမန် မျက်စိဖြင့်ပင် မြင်သာပြီး၊ သဘာဝအားဖြင့် ထက်မြက်စူးရှသည့်၊ အငြင်းထွက်ဖွယ်ဖြစ်သော နိုင်ငံရေးအရ ကျိုးကြောင်း ဆင်ခြင် ဆုံးဖြတ်မှုများ ရှိနေကြပါသည်။
လယ်သမားများနှင့် ဆွေကြီးမျိုးကြီး အထက်တန်းဇာတိများ၊ အလုပ်သမားများနှင့် စက်ရုံပိုင်ရှင်များ စားပွဲထိုးများနှင့် ဘဏ်ပိုင်ရှင်များ… စသည်ဖြင့် သူတို့အုပ်စု၏သီးသန့် ကိုယ်ပိုင်ထူးခြားသည့် အမြင်များ ရှိနေနိုင်ပြီး၊ အခြားသူများ မည်သို့နေထိုင်နေကြသည်ကို အရေးပါသည့် ရှုမြင်ချက်များဖြင့် ကြည့်မြင်ကြပါသည်။
လူမှုအုပ်စုများအကြား အာဏာအရ ဆက်ဆံရေးနှင့် တည်ရှိနေသည့် လွှမ်းမိုးချယ်လှယ်မှုများလည်း ရှိနေကြသည်။ ဤသို့ လေ့လာ သုံးသပ်မှုအမြင်များအရ လူတဦးက မည်သည့်ကိစ္စက တရားမှုရှိသည်- မည်သည့်ကိစ္စက မတရားဟူသည်ကို ဆုံးဖြတ်ကြပါသည်။ သို့အတွက်ကြောင့် လူတန်းစားမညီမျှမှုနှင့် ပတ်သက်၍ အမြဲတစေလိုလို အခြေခံကျကျ ဓမ္မဓိဋ္ဌာန် အမြင်များနှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်များ ရှိနေတတ်ကြပါသည်။ ဤအချက်ကြောင့်ပင် မလွဲမရှောင်သာ နိုင်ငံရေး ပဋိပက္ခများကို ပေါ် ပေါက်စေပြီး၊ ယင်းတို့ကို သိပ္ပံနည်းကျဟူသည့် သုံးသပ်မှုများနှင့် ပြောဆိုဖြေရှင်းရုံမျှဖြင့် ပြေပျောက်နိုင်ကြမည် မဟုတ်ပါ။
ဒီမိုကရေစီကို ကျွမ်းကျင်ပညာရှင်များ၏ သမ္မတနိုင်ငံတရပ်ဖြင့် (ဖြစ်နိုင်လျှင်တော့ ကောင်းပါသည်) သို့သော် မည်သည့်အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပါ။
မည်သို့ပင်ဖြစ်စေ၊ ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ ပြဿနာကို စနစ်တကျ နည်းလမ်းတကျ လေ့လာဖို့ရာတော့ ထိုက်တန်ပါသည်။ ရင်း မြစ်များ၊ နည်းနာများ၊ အယူအကောက်များ စသည်တို့ကို တိကျစွာ ဖွင့်ဆိုမှုမရှိဘဲဆိုလျှင် ကိစ္စတိုင်းကို ရှုမြင်ဖို့ဖြစ်နိုင်ပြီး၊ ယင်း နှင့် ဆန့်ကျင်ဖက်လည်း ဖြစ်နိုင်ပါသည်။ အချို့သော သူများက ယုံကြည်ထားကြသည်မှာ လူတန်းစာမညီမျှမှုက အစဉ်သဖြင့် တိုးမြင့်လာနေပြီး၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကမ္ဘာကြီးက ပို၍ပို၍ မတရား ဖြစ်လာနေပါသည်။ အချို့သော သူများကမူ သဘာဝအလျောက် လူတန်းစား မညီမျှမှုက လျော့နည်းကျဆင်းလာနေသည်ဟု မြင်ပါသည်။ သို့မဟုတ် အလိုအလျောက် လူတန်းစားချင် သဟဇာတဖြစ်မှု ပေါ်ထွန်းလာနေပါသည်။ ဤသို့ဖြစ်ရာ ပျော်ရွှင်ဖွယ် မျှခြေတရပ်ကို ပျက်စီးသွားစေမည့် မည်သို့သော ကိစ္စမျိုးကိုမျှ ဝင်၍ မဆောင်ရွက်သင့်ပါ။
နားမကြားသူများ အချင်းချင်း ညှိနှိုင်းပြောဆိုမှုတွင် ဘက်တိုင်းက သူတို့၏ ဉာဏ်အားစိုက်မှုဆိုင်ရာ ပျင်းရိမှုကို အခြားတဖက်ကိုပုံချ၍ ဉာဏ်အားမစိုက် ပျင်းရိသည်ဟု စွပ်စွဲပြောဆိုနိုင်ပါသည်။ ဤနေရာတွင် သုတေသနလုပ်ငန်း၏ အခန်းကဏ္ဍတခု ရှိပါသည်။ အပြည့်အဝ သိပ္ပံနည်းကျဟု မဟုတ်လျှင်သော်မှ အနည်းဆုံး သိပ္ပံနည်းကျ၊ နည်းလမ်းတကျ လေ့လာကြည့်နိုင်ပါ သေးသည်။ ကျွမ်းကျင်သူများက လူတန်းစားမညီမျှမှုကြောင့် ဖြစ်လာမည့်၊ မလွှဲမရှောင်သာ လှုံ့ဆော်မှုမျိုးဖြစ်စေမည့် နိုင်ငံရေး အကြမ်းဖက်ပဋိပက္ခမျိုးကို မည်သည့်အခါမျှ နိဂုံးချုပ်အဖြစ် သုံးသပ်ပြောဆိုကြမည် မဟုတ်ပါ။ လူမှုရေးဆိုင်ရာ သိပ္ပံ သုတေသနများသည် အစဉ်သဖြင့် အစမ်းသဘောဆန်ပြီး၊ ပြည့်စုံကုံလုံမှု မရှိတတ်ကြပါ။
ယင်းသုတေသနများက စီးပွားရေးပညာ၊ လူမှုရေးဘာသာရပ်နှင့် သမိုင်းတို့ကျ အသွင်ပြောင်းပစ်မည်ဟု ဆိုလေ့ မရှိကြပါ။ သမိုင်းကို အတိအကျသိပ္ပံဖြင့် သွပ်သွင်း အစားထိုးပစ်မည်ဟု မဆိုကြပါ။ သို့သော် သည်းခံစိတ်ရှည်စွာ အချက်အလက်များနှင့် ဖြစ်စဉ်လားရာများကို ရှာဖွေရင်း၊ သူတို့ကို ရှင်းပြပေးနိုင်မည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စနစ်များကိုတည်ငြိမ်စွာ သုံးသပ်ရင်း ရှိနေကြပါသည်။ ဤသို့ဖြင့် ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုံမှုများအတွက် သတင်းပေးနိုင်ပြီး၊ မှန်ကန်သည့် မေးခွန်းများအပေါ်တွင်လည်း အာရုံစူးစိုက်မှု ဖြစ်စေပါလိမ့်မည်။
ဤသုတေသနများဖြင့် ဆွေးနွေးငြင်းခုန်မှုဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ဖွင့်ဆိုနိုင်ပါလိမ့်မည်။ အချို့သော တင်ကူးထင် မြင်ထားချက်များ၊ လိမ်လည်ထားသည့် အယူအဆ သဘောထားများကို မျက်နှာဖုံးကွာချပေးနိုင်ပါလိမ့်မည်။ ရပ်တည်ချက်များ အားလုံးကို အစဉ်သဖြင့် သံသယကြီးစွာ စောင့်ကြည့်နေနိုင်အောင် ချပြပေးပါလိမ့်မည်။ မိမိ၏ အမြင်တွင် ဤသည်မှာ လူမှုသိပ္ပံပညာရှင်များ အပါအဝင်၊ ပညာရှင်တို့၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ ဤအတိုင်းလည်း ဆောင်ရွက်သင့်ပါသည်။
နိုင်ငံသားများသည် အခြားသူများကဲ့သို့ပင်။ အခြားသူများထက်ပို၍ ကံကောင်းကြွယ်ဝလိုကြပြီး၊ ဤအတွက်လည်း အချိန်ပေး၍ လေ့လာလိုကြပါသည်။ (အချို့သောသူများဆိုလျှင် အထူးအခွင့်အရေးတရပ် အနေဖြင့် ငွေပေး၍ပင် သိရှိလိုကြပါသည်။)
အချက်အလက်များမှ ကင်းလွတ်၍ တည်ရှိမနေနိုင်ပါ။ သို့သော်လည်း ဓနဥစ္စာခွဲဝေမှုနှင့် ပတ်သက်၍ လူမှုသိပ္ပံ သုတေသနများသည် ကာလကြာရှည်စွာ ရှိနေသော အကန့်အသတ်ဖြင့် အချက်များ၊ ခိုင်မြဲစွာ ထူထောင်ထားသည့် ယုံကြည်ချက်အစု များနှင့်အတူ လုံးဝသီအိုရီသက်သက် မှန်းဆချက် အထွေထွေအပေါ်တွင် အခြေပြု၍ တည်ရှိနေကြခြင်း ဖြစ်ပါသည်။
ဤအရင်းအမြစ်များအကြောင်း အသေးစိတ်မသွားခင် မိမိက ယခုစာအုပ် စီစဉ်ရေးသားထားပုံကို ရှင်းပြလိုပါသည်။ ဤအရေးနှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်ခဲ့ကြပုံ သမိုင်းတလျှောက် တစုံလုံးခြုံငုံသုံးသပ်ချက်ကို အကျဉ်းရှင်းပြလိုပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar