Breaking News

အောင်သူငြိမ်း - မားသျှူး (Malthus)၊ ယန်း (Young) နှင့် ပြင်သစ်တော်လှန်ရေး


အောင်သူငြိမ်း - မားသျှူး (Malthus)၊ ယန်း (Young) နှင့် ပြင်သစ်တော်လှန်ရေး

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 2)

၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစု အဆန်းပိုင်းတွင် အင်္ဂလန်နှင့် ပြင်သစ်၌ ကျမ်းရိုး နိုင်ငံရေးဘောဂဗေဒပညာ ပေါ်ထွန်းလာသည့်အခါ ဖြန့်ဝေမှုဆိုင်ရာ ပြဿနာသည် အရေးကြီးသည့် မေးခွန်းတခု ဖြစ်ခဲ့သည်။ လူတိုင်းက အခြေခံကျသည့် အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်နေသည်ကို သဘောပေါက် သိရှိခဲ့ကြပြီး၊ ယင်းမှာ ယခင်က သိရှိမထားသည့် သွင်ပြင်လက္ခဏာတရပ် ဖြစ်သော လူဦးရေတိုးပွားမှုကြောင့် ဖြစ်ပေါ်လာသည်ကို သိနေကြသည်။ တချိန်တည်းမှာပင် စက်မှုတော်လှန်ရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ကျေးလက်မှ လူများ မြို့ပေါ် စုပုံပြောင်းရွှေ့မှုက ထပ်ဆင့်ပေးလိုက်သည်။ ယင်းအချက်က ဓနဥစ္စာ ခွဲဝေဖြန့်ဖြူးမှု၊ လူမှုရေး ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဥရောပလူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအရမျှခြေတရပ်အပေါ် မည်သို့မည်ပုံ အကြီး အကျယ် အခက်အခဲသက်ရောက်မှု ဖြစ်စေပါသနည်း။ 

သောမတ် မားရှူး (Thomas Malthus) ကမူ ၁၇၉၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည့် “လူဦးရေဆိုင်ရာ အခြေခံမူများ အက်ဆေး” (Essay on the Principle of Population) တွင် ဖော်ပြရာ၌ “သံသယရှိစရာ မလိုပါ။ လူဦးရေ အဆမတန် များပြားလာခြင်းက ခြိမ်းခြောက်မှုတခု ဖြစ်သည်"  ဟု ဆိုခဲ့သည်။ သူ ကိုးကားသည့် ရင်းမြစ်များမှာ နည်းပါးသော်လည်း သူ တတ်စွမ်းသမျှ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ ယင်းအနက် အရေးပါသည့် ဩဇာလွှမ်းမိုးမှုတခုမှာ အင်္ဂလိပ်လူမျိုး သီးနှံစိုက်ပျိုးမှု နှင့် ပတ်ဝန်းကျင်ဆက်စပ်မှုကို လေ့လာသည့် ပညာရှင် အော်သာယန်း (Arthur Young) ပုံနှိပ်ထုတ်ဝေခဲ့သည့် ခရီးသွားဒိုင်ယာရီ ဖြစ်သည်။ ၎င်းက ပြင်သစ်တလွှား အနှံ့အပြား ခရီးထွက်ခဲ့ပြီး၊ Calais မှသည် Pyrenees ၊ Brittany မှသည် Franche- Comté စသည့်နေရာများသို့ တော်လှန်ရေးအကြိုကာလ ၁၇၈၇- ၁၇၈၈ တွင် သွားလာခဲ့သည်။ ယန်းက ပြင်သစ်ကျေးလက်ဒေသများရှိ ဆင်းရဲမွဲတေမှုအကြောင်းကို ရေးခဲ့သည်။ 

သူ၏ ထက်မြက်တောက်ပနေသည့် အက်ဆေးက လုံးဝ မတိကျပါဟု ဆို၍ မရနိုင်ပါ။ ထိုအချိန်က ပြင်သစ်သည် ဥရောပတွင် လူဦးရေ အထူထပ်ဆုံးနိုင်ငံတခု ဖြစ်ပြီး၊ လေ့လာစရာ အကောင်းဆုံးနေရာတခု ဖြစ်နေသည်။ ယင်းဘုရင့်နိုင်ငံက ၁၇၀၀ ခုနှစ်တွင် လူဦးရေ သန်း ၂၀ အထိ တိုးပွားခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က ဂရိတ်ဗြိတိန်တွင် လူဦးရေ ၈ သန်းသာ ရှိနေသေးသည်။ (အင်္ဂလန်တခုတည်းတွင် ၅ သန်းသာ ရှိသေးသည်) ပြင်သစ်နိုင်ငံ၏ လူဦးရေက ၁၈ ရာစုအတွင်း ဘုရင် လူဝီ ၁၆ အုပ်ချုပ်ချိန် အကုန်မှစ၍ ဘုရင်လူဝီ ၁၆ သေဆုံးရချိန်တိုင် တဖြည်းဖြည်းနှင့် မြင့်မားလာခဲ့ပြီး၊ သန်း ၃၀ နီးပါး ရှိလာခဲ့သည်။ မျှော်လင့်မထားသည့် လူဦးရေ တိုးပွားလာသည့် အကြောင်းအချက်ကြောင့် ၁၇၈၉ ခုနှစ် ပေါက်ကွဲအုံကြွမှုကြီးမတိုင်မီ ဆယ်စုနှစ်များတွင် လယ်ယာစိုက်ပျိုးရေးမှ လုပ်ခလစာများ ဆက်၍ မတိုးတက်နိုင်ဘဲ တန့်နေသည်၊ မြေငှားခများ မြင့်မားလာသည်ဟု ယုံကြည်ရရန် အကြောင်းများစွာ ရှိသည်။ လူဦးရေ အပြောင်းအလဲ အကြောင်းအချက်သည် ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်စေရန် တခုတည်းသော ပင်မအကြောင်းတရား မဟုတ်သော်လည်း၊ သေချာသည်မှာ လက်ရှိ နိုင်ငံရေးစနစ်နှင့် မှူးကြီးမတ်ရာ အရာရှိများအုပ်ချုပ်နေသော စနစ်အပေါ် လူထု၏ မကျေနပ်မှု တိုးပွားလာစေခဲ့သည်။ 

မည်သို့ပင်ဖြစ်စေ၊ ၁၇၉၂ ခုနှစ် ပုံနှိပ်ထုတ်ဝေခဲ့သော ယန်း၏ အဆိုတွင် အမျိုးသားရေးဆိုင်ရာ တင်ကူးစိတ်ဆုံးဖြတ်ချက်များနှင့် တလွဲသုံးသပ်မိစေနိုင်သော နှိုင်းယှဉ်ချက်များကို ခြေရာကောက်၍ ရနိုင်ပါသည်။ လူတော်တဦးဖြစ်သည့် စိုက်ပျိုးရေးနှင့် ဝန်းကျင်ပညာရှင်က သူ တည်းခိုနေရာ တည်းခိုခန်းနှင့် သဘောမတွေ့နိုင်သည့် အချက်များ၊ သူ့ကို စားပွဲထိုးသည့် မိန်းမများ ကို မနှစ်မြို့နိုင်သည့် အချက်များ ပါဝင်နေသည်။ သူ၏ လေ့လာတွေ့ရှိချက်အများစုမှာ အသစ်အဆန်း မပါသည့်သဘော၊ ပုံပြင်ဇာတ်လမ်း ဖော်ပြမှုသဘော ဖြစ်ပြီး၊ သူက သူ့အပေါ် ကျရောက်နေသည့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုအကျိုးဆက်များကို ခံစားနေရသည်ဟု ယုံကြည်နေပါသည်။ သူတွေ့ကြုံနေရသည့် လူထုအများ ဆင်းရဲမွဲတေမှုကြီးက နိုင်ငံရေးအရ အုံကြွမှုကြီးတရပ် ဖြစ်လာမည်ကို သူက အဓိက စိုးရိမ်ပူပန်နေသည်။ အထူးသဖြင့် သူက အင်္ဂလိပ်နိုင်ငံရေးစနစ်ကို သဘောကျ လက်ခံထားပြီး၊ မင်းစိုးရာဇာ အရာရှိကြီးများ၏ လွှတ်တော်နှင့် လူသာမန်တို့၏ လွှတ်တော် ခွဲခြားထားပုံကို သဘောကျနေသည်။ သူက အထက်တန်းလွှာ မင်းစိုးရာဇာတို့က ဗီတိုအာဏာ ကိုင်ထားခွင့်ရှိသည်ကို သဘောကျသည်။ သို့မှသာ တာဝန်သိသူတို့ က ဦးဆောင်သော ငြိမ်းချမ်းသည့် သဟဇာတဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုမျိုး ရနိုင်မည်ဟု သူက မြင်ပါသည်။ ပြင်သစ်နိုင်ငံအနေဖြင့် ၁၇၈၉-၁၇၉၀ ခုနှစ်တွင် မင်းစိုးရာဇာတို့နှင့် လူသာမန်တို့ ဥပဒေပြုလွှတ်တော်တခုတည်းတွင် အတူတကွ ထိုင်ရပြီ ဆိုကတည်းက အပျက်တရားသို့ ဦးတည်နေပြီဟု သူက လက်ခံထားသည်။ ပြင်သစ်တွင် တော်လှန်ရေးဖြစ်လာမည်ကို သူ၏ အကြောက်တရားက သူ၏ တွေးခေါ်မှုများအပေါ် အကြီးအကျယ်လွှမ်းမိုးနေသည်ဟုဆိုလျှင် အလွန်ချဲ့ကားပြောနေသည်ဟု မဆိုတန်ရာ။ 

ဓနဥစ္စာခွဲဝေမှုနှင့် ပတ်သက်၍ လူတဦးက ပြောဆိုသည့်အခါတိုင်း နိုင်ငံရေးက နောက်ပါးမှ သိပ်မကွာဘဲ လိုက်ပါလာလေ့ ရှိပါသည်။ လူတဦး၏ လက်ငင်း လူတန်းစားဆိုင်ရာ တင်ကူးစိတ်အစွဲများနှင့် ကိုယ်ကျိုးစီးပွားများထံမှလည်း လွတ်မြောက် ကင်းလွတ်နေရန် ခက်ခဲပါသည်။ 

၁၇၉၈ ခုနှစ်တွင် ဘုန်းတော်ကြီး မားသျှူးက သူ၏နာမည်ကျော် အက်ဆေးကို ပုံနှိပ်ထုတ်ဝေသည့်အခါ သူ၏နိဂုံးချုပ် သုံးသပ်ချက်က ယန်းထက်ပို၍ ပြင်းထန်ရဲရင့်ပါသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်ကဲ့သို့ပင် သူက ပြင်သစ်မှ စတင်ပေါက်ဖွားလာသည့် နိုင်ငံရေးအိုင်ဒီယာအသစ်များကို ကြောက်ရွံ့နေပြီး ဂရိတ်ဗြိတိန်တွင် အလားတူအုံကြွမှုများ ဖြစ်မလာနိုင်ဟု သူ့ကိုယ်သူ အာမခံချက် ပေးပါသည်။ သူက လူဆင်းရဲများထံသို့ ပေးနေသည့် လူမှုဖူလုံရေး ထောက်ပံ့ကြေး အကူအညီများကို ချက်ချင်း ရပ်ပစ်ရမည်ဟု ပြောသည်။ လူဆင်းရဲများ၏ မျိုးပွားမှုနှုန်းကို သေချာစောင့်ကြည့် ကြီးကြပ်နေသင့်ပြီး ကမ္ဘာကြီး အလွန်အမင်း လူဦးရေပေါက်ဖွားမှုမဖြစ်စေရအောင်၊ ဖရိုဖရဲဖြစ်ရမှုနှင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များ မဖြစ်လေရအောင် လုပ်ဆောင်ရမည်ဟု ဆိုခဲ့သည်။ 

အကယ်၍ ၁၇၉၀ ပြည့်နှစ်များက ဥရောပတိုက်ရှိ ထိပ်သီးရေပေါ်ဆီ လူတန်းစားတို့၏ အကြောက် တရားကို မဆုပ်ကိုင်မိပါလျှင်၊ မားသျှူး၏ အလွန်အမင်း ချဲ့ကားဖော်ပြထားသော မှုန်မှိုင်းမဲမှောင်နေသည့် ကြိုတင်နိမိတ်ဖတ်ချက်မျိုးကို နားလည်ဖို့ရာ မဖြစ်နိုင်လောက်အောင် ရှိပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar