Breaking News

ဆောင်းဝေ (နတ်မောက်) - “ဘာလဲဟဲ့ မောင်စွမ်းရည်” ကို ဖတ်ခြင်း

“ဘာလဲဟဲ့ မောင်စွမ်းရည်” ကို ဖတ်ခြင်း
ဆောင်းဝေ (နတ်မောက်)
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၂

ခေတ်တွေဟာ စီးဆင်းနေကြတယ်။ မြစ်ထဲမှာရေတွေစီးနေသလိုမျိုးလူတွေနဲ့အတူ အဲဒီလူတွေရဲ့အဖြစ်အပျက်တွေ၊ လူတွေလုပ်ခဲ့တဲ့သမိုင်းတွေ၊သမိုင်းထဲက ဇာတ်လမ်းတွေဟာ ခေတ်တွေထဲ တဖျပ်ဖျပ်စီးဆင်းနေကြတယ်။ တယောက်နဲ့တယောက်ဖြတ်သန်းနေရ၊ ဖြတ်သန်းခဲ့ရတဲ့ခေတ်ချင်းတူကြတာလည်းရှိနိုင်သလို မတူကြတာလည်းရှိနိုင်တယ်။ ကိုယ်ဖြတ်သန်းနေ၊ ဖြတ်သန်းခဲ့ရတဲ့ခေတ်ကိုကိုယ်သိနိုင်ပေမယ့် ကိုယ်မသိမမှီ လိုက်ရတဲ့ခေတ်ကိုလည်း စာအုပ်တွေ၊ သီချင်းနဲ့ရုပ်ရှင်တွေ၊ ကိုယ့်ထက်အသက်ကြီးသူ သိမီခဲ့ရသူတွေရဲ့ ပြောပြချက်တွေကနေတဆင့် ပြန်လည်လေ့လာဆန်းစစ်ရင်း သိအောင်လုပ်လို့ရပါတယ်။
ဒီနည်းနဲ့ပဲ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ကမ္ဘာကို တည်ဆောက်ခဲ့ကြတာမဟုတ်လား။

ကမ္ဘာဦးလူသားတွေဟာ အစမှာ အဝတ်တွေမပါပဲ ဝတ်လစ်စလစ်နေခဲ့ကြ။ နောက်တေ့ာ သစ်ရွက်တွေနဲ့ ဖုံးအုပ်လာကြ။ တဖြည်းဖြည်း အဝတ် အစားတွေ တီထွင်ဝတ်ဆင်လာ။
နောက်တေ့ာ အသားငါးအစိမ်းတွေကို မီးနဲ့ကင်စားလာ။ ကျောက်ခဲတွေနဲ့ပစ်ပေါက်ရန်ဖြစ်လာရာကနေ ဓားနဲ့သံတွေနဲ့ တိုက်ခိုက်တတ်လာ။ လယ်စပါးတွေကို ကျွဲနွားတွေနဲ့ထွန်ယက်လာရာကနေ စက်တွေနဲ့ပြောင်းလဲတပ်ဆင်လာ။
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တွေကနေ ခေတ်ပေါင်းများစွာဟာ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာရာကနေ ဒီနေ့ခေတ်မှာတေ့ာ နိုင်ငံတခုကနေ အခြားနိုင်ငံတခုဆီ အဝေးကနေဒုံးကျည်နဲ့ပစ်လို့ရတဲ့ခေတ်အထိ
တိုးတက်လာခဲ့ပါပြီ။ ကျွန်တော်တို့လူသားတွေဟာ မျိုးဆက်တခုကနေနောက်ထပ်မျိုးဆက်တခုဆီ အသိပညာဖြန့်ဝေရင်း၊ ခေတ်တခုကနေ ခေတ်တခုဆီ လှမ်းကြည့်သင်ယူရင်း၊ ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်ဆောင်လာခဲ့ကြတာမဟုတ်လား။

မြန်မာပြည်ရဲ့ “ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်” လို့အတို ကောက်ခေါ်တဲ့ ပုဂံခေတ်ကနေ ကုန်း ဘောင်ခေတ်အထိ ခေတ်ကြီး ၇ ခေတ်ရဲ့အဖြစ်အပျက်တွေ၊ သမိုင်းတွေကို စာအုပ်တွေထဲကနေ ပြန်လေ့လာကြတယ်။
ပုဂံခေတ်က ကျန်စစ်သားမင်းရဲ့ပြည်သူတွေအပေါ်ကောင်းမွန်စွာဆက်ဆံပုံ၊ အများအကျိုး လုပ်ဆောင်နိုင်ခဲ့ပုံတွေသိရတဲ့အခါ စိတ်ကြည်နူးကြရသလို ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက် သီပေါဘုရင် ပါတော်မူခန်းကြားရတဲ့အခါ စိတ်မသက်မသာဖြစ်ကြရတယ်။ ၁၈၈၅ ခုနှစ် မြန်မာဘုရင်ပါတော်မူပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့နှစ်အတွင်းတွေထဲက အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်နေထိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အရင်မျိုးဆက်ပညာရှင်တွေက စာအုပ်၊ ပန်းချီ၊ ပန်းပု၊ သီချင်း၊ ကဗျာ၊ ရုပ်ရှင်စတဲ့ အနုပညာလက်ရာတွေနဲ့ မှတ် တမ်းတင်ထားခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးနှစ်နောက်ပိုင်း ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်ခွင့်ရပြီးချိန်မှာလည်း ၁၉၆၂ နှစ်မှာ ကိုယ့်နိုင်ငံ သား၊ လူမျိုးအချင်းချင်း အာဏာ သိမ်းခဲ့ကြပုံတွေကို မှတ်တမ်းမှတ်ရာထားခဲ့ကြသလို ၁၉၇၄ ခုနှစ်မှာ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ်မှာ အလုပ်သမားအရေးအခင်း၊ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုနဲ့ ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်တော်လှန်ရေး အစရှိတဲ့ အဖြစ်အပျက်တွေကိုလည်း သမိုင်းထဲမှာ ထည့်သွင်းရေးမှတ်ထားခဲ့ကြတယ်။ အမိမြန်မာပြည်ရဲ့ ၂၀၂၁  ခုနှစ်အထိ ဒီမိုကရေစီခရီးကို လျှောက်လှမ်းခဲ့ရပုံတွေ၊ ကြမ်းတမ်းခဲ့ပုံတွေ၊ သစ္စာ ဖောက်ခံရမှုတွေ၊ သွေးထွက် သံယိုကိစ္စတွေနဲ့အတူ အကောင်းအဆိုးအားလုံးကို ခေတ်တိုင်းခေတ်တိုင်းမှာ မှတ်တမ်းအသီးအသီးနဲ့ အနုပညာပုံစံအမျိုးမျိုးနဲ့ ထားရစ်ခဲ့ကြတယ်။ နောက်မျိုးဆက်တွေဟာ ကိုယ်မသိမမှီလိုက်တဲ့ ရှေ့မျိုးဆက်တွေရဲ့အဖြစ် အပျက်တွေကိုပြန်လေ့လာမှတ်သားရင်း ပိုကောင်းတဲ့အနာဂတ်ကိုမျှော် လင့်ခဲ့ကြတယ်။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ကမ္ဘာကိုတည် ဆောက်ခဲ့ကြတာ မဟုတ်လား။

“ဘာလဲဟဲ့ မောင်စွမ်းရည်” စာအုပ်ကိုဖတ်ရင်း ကိုယ်လက်လှမ်းမမှီတဲ့အဖြစ်အပျက်တွေ၊ သမိုင်းထဲကအချက် အလက်တွေကို အများကြီးသိခွင့်ရခဲ့တယ်။ ကျွန်တော်ကတေ့ာ ၂၀၀၇ ခုနှစ်မှာ မဲဆောက်မှာ ထုတ်ခဲ့တဲ့မူကို ဖတ်ခဲ့ရတာမဟုတ်ပဲ ငါတို့စာပေကနေ ၂၀၁၃ ခုနှစ်မှာထွက်ခဲ့တဲ့  အဲဒီစာအုပ်ကို ၂၀၂၁ ခုနှစ်မှ ဖတ်ဖြစ်ခဲ့တာပါ။
အချိန်နောက်ကျပြီးဖတ်ခဲ့ရပေမယ့် သမိုင်းဟာ အိုဟောင်းမသွားခဲ့ပါဘူး။

အဲဒီစာအုပ်ထဲမှာ “ဘာလဲဟဲ့ မောင်စွမ်းရည်၊ ဘာလဲဟဲ့ နိုင်ငံရေးသမား၊ ဘာလဲဟဲ့ ပါတီနိုင်ငံရေး၊ ဘာလဲဟဲ့ ဒီမိုကရေစီ” စတဲ့ ဆောင်းပါးအပုဒ်ပေါင်း ၃၃ ပုဒ်ပါဝင်ပြီး အပုဒ်အားလုံးရဲ့ခေါင်းစဉ်တိုင်းကို “ဘာလဲဟဲ့” အစ ချီပြီး ခေါင်းစဉ်တပ်ထားတာပါ။ စာမျက်နှာ ၂၀၀ ကျော်ပါပြီး ပုံမှန်စာအုပ်ဆိုဒ်(၁၀ ချိုးဆိုဒ်) ပါပဲ။ စာရေးသူကိုယ်တိုင် ရေးထားတဲ့အမှာစာအရဆိုရင် ဒီဆောင်းပါးတွေကိုစတင်ရေးဖြစ်ခဲ့တာက ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ “အာဟာရ စာစောင်”အတွက် လို့ဆိုပါတယ်။ ရေးရင်းရေးရင်းနဲ့ များလာလို့ နောက်ပိုင်းမှာ “ယနေ့ မြန်မာမီဒီယာ၊ မိုးမခ၊ ခေတ်ပြိုင်၊ ဟစ်တိုင်၊ ပြည်သူ့အမြင်၊ သစ္စာတော်လှန်ရေး” စတဲ့ မဂ္ဂဇင်းနဲ့စာစောင်တွေဆီကိုလည်း ပေးလိုက်တယ်လို့ ရေးထားပါသေးတယ်။ စာရေးသူဟာ အမျိုးသားစာပေဆုရ နိုင်ငံကျော်ကဗျာဆရာ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာတယောက်ဖြစ်တဲ့ ဆရာမောင်စွမ်းရည်ဖြစ်ပါတယ်။ ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်ပြုစုရေးအဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးသလို မြန်မာစာသင်ရိုးလက်ထောက်နဲ့အမျိုး သားစာကြည့် တိုက်ဌာနခွဲမှူးအဖြစ်လည်း မြန်မာ့ပညာရေးလောကမှာ တာဝန်ထမ်းဆောင်ခဲ့သူဆိုတာကို စာအုပ်နောက်ကျောဖုံးမှာထည့်သွင်းထားတဲ့ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားလို့ သိရပါတယ်။

“ဘာလဲဟဲ့ မောင်စွမ်းရည်”ခေါင်းစဉ်အောက်မှာ ဒီစာအုပ်ဟာ နိုင်ငံရေးအကြောင်းတွေဆိုပေမယ့် အရပ်သွားအတွေး၊ အရပ်သားဆင်ခြေနဲ့ရေး ထားတာလို့ ဆိုပါတယ်။ ကဗျာဆရာ၊ စာရေးဆရာတယောက်အနေနဲ့
အရပ်သား(ပြည်သူ) တွေဘက်က တွေးပေးတာကိုပဲ အရပ်သားတွေက လိုချင်ခဲ့တာပါ။
အရပ်သားတွေဘက်က ရည်တည်ပေးမယ့် အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုပဲ အရပ် သားတွေက သမိုင်းတလျှောက်လိုချင်ခဲ့တာပါ။
ဒီဆောင်းပါးတွေဟာ အရပ်သားလိုတွေးပြီး အရပ်သားလို ဆင်ခြေတက်ကြည့်တာပါလို ဆိုပါတယ်။ ဆရာဇော်ဂျီက “ပလေတိုနိဒါန်း”စာအုပ်ကိုရေးရတာဟာ ငါတို့မြန်မာတွေမှာ ဆင်ခြေတက်တဲ့အလေ့မရှိကြလို့ပဲလို့ ပြောဖူးပါသတဲ့။ အခုလိုပြည်သူတွေဘက်က ဆင်ခြေတက်ပေးတဲ့အတွက် ပြည်သူတွေက ကျေးဇူးမေ့ကြမှာမဟုတ်ပါဘူး။ သူတို့ဘက်ကရပ်တည်ပေးခဲ့သူတွေကို နောင်တချိန်သမိုင်းကိုပြန်ရေးကြတဲ့အခါ ဆရာ့အတွက် သမိုင်းကောင်းကိုရေးပေးကြပါလိမ့်မယ်။

“ဘာလဲဟဲ့ နိုင်ငံရေးသမား” ခေါင်းစဉ်အောက်မှာ နိုင်ငံရေးသမားတွေအကြောင်းရေးထားပြီး အဖွဲ့အစည်းတွေဖွဲ့ဖို့၊ ညီညွတ်စည်းလုံးကြဖို့၊ စာ တမ်းဖတ်ပွဲ၊ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ဖော်ပြထားပါတယ်။ စာရေးသူ စံနမူနာထားတဲ့နိုင်ငံရေးသမားတွေက ဗိုလ်ချုပ်တင်ဦး၊ ဦးဝင်တင်၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေဖြစ်ပေမယ့် နိုင်ငံရေးသမားမှန်ရင် ဘယ်သူ့ကိုမဆို လေးစားစိတ်ရင်းစွဲရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံရေးလုပ်မယ့်သူဟာ ဒီမိုကရေစီရဲ့သမိုင်း၊ ဒီမိုကရေစီရဲ့အားသာချက်နဲ့ အားနည်းချက်တွေကိုလေ့လာဖို့ လိုတဲ့အကြောင်း တိုက်တွန်းထားပါတယ်။ ထို့အပြင် ကိုလိုနီ၊ အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်ဝါဒ စတာတွေကို လေ့လာဖို့လိုကြောင်း၊ ဒါမှသာ ဒီမိုကရေစီပန်းတိုင်ဆီ ဘယ်လိုသွားရမလဲဆိုတာကို သိမယ်ဆိုတဲ့အကြောင်း နှိုးဆော်ထားပါတယ်။
ကျွန်တော်တို့ဟာ လူကြီးတွေရဲ့ အကြံဉာဏ်၊ အသိဉာဏ်တွေကို ရလာတဲ့အခါ အဲဒါကိုတန်ဖိုးထားဖို့ လိုအပ်ပါတယ်။ သူတို့ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်တွေနဲ့ခက်ခဲကြမ်းတမ်းမှုတွေထဲက ရလာတဲ့ အသိအမြင်တွေကို တခါတရံ ကျွန်တော်တို့က လွယ်လွယ်လေးနဲ့ ရတတ်ပါတယ်။ လွယ်လွယ်လေးနဲ့ရလာပေမယ့် အဲဒီအပေါ်မှာ လေးနက်ဖို့တေ့ာ လိုပါလိမ့်မယ်။ အဲဒီဆောင် းပါးထဲမှာ ဒေါက်တာသန်းထွန်းရဲ့“သမိုင်းသင်တာ မအ,အောင်လို့”စကားကိုအခြေခံပြီး ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ သူ့ကျွန်ဘဝရောက်ခဲ့ရပုံ၊ လွတ် လပ်ရေးရပုံ၊ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဖဆပလ၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားအရေးတော်ပုံ စတဲ့အသင်းတွေနဲ့သမိုင်းတွေကို လေ့လာထားသင့်ကြောင်း ထောက်ပြထားပါတယ်။

“ဘာလဲဟဲ့ ဒီမိုကရေစီ” ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကွယ်လွန်သူသတင်းစာဆရာကြီး ဦးထင်ဖတ်(ခေါ်) ဝတ္ထုရေးဆရာကြီး မောင်ထင်က ” မြန်မာ့နိုင်ငံရေးသုခမိန်” လို့ ခေါ်ဝေါ်သမုတ်ခဲ့တာကို သူသဘောကျတဲ့အကြောင်း ဖော်ပြထားတေ့ာ ဝမ်းမြောက်စွာမှတ်သားမိပါတယ်။

ဒီလိုမျိုးဘွဲ့တွေကို တက္ကသိုလ်တခုခုက ပေးခဲ့တာမဟုတ်သလို စစ်တပ် (သို့) ပါတီတခုခုက ပေးတာလည်းမဟုတ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့လုပ်ဆောင်ချက်ကြောင့် ပြည်သူလူထုကပေးခဲ့တဲ့ ဘွဲ့ဖြစ်ကြောင်း၊ နောက်ထပ် စစ်ရေးသုခမိန်၊ ဒီမိုကရေစီဖခင် စတဲ့ဘွဲ့တွေကိုထပ်ဖြည့်လို့ ရသေးကြောင်းကိုလည်း ပြောထားပါသေးတယ်။ ဆောင်းပါးအများစုဟာ ပြည်သူအများစုတွေးသလိုတွေးထား၊ ပြည်သူတွေပြောချင်တဲ့စကားကို ကိုယ်စားပြောပေးထားတာလို့ ထင်မြင်မိပါတယ်။

“ဘာလဲဟဲ့ အေရှန်းဗဲလယူး” ဆောင်းပါးမှာ မြန်မာပြည်အနေနဲ့လူ့အခွင့် အရေးဆိုတဲ့စကားလုံးကို အရင်ကမရင်းနှီးခဲ့ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက “လူ့အခွင့်အရေး ကြေညာစာတမ်း” ကို ၁၉၄၈ ခုနှစ်မှာထုတ် ပြန်ကြေညာပြီးချိန်မှာ ရင်းနှီးကျွမ်းဝင်သုံးစွဲခဲ့ကြကြောင်း၊ အထက်ပါစာ တမ်းကို မြန်မာပြည်က အဲဒီနှစ်ထဲမှာပဲ “ဒီမိုကရေစီစာစောင်” မှာ ထည့် သွင်းဖော်ပြခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ
အဲဒီ စာတမ်းကြေညာခဲ့ပြီးပေမယ့် ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီစာတမ်းကို ပြည်သူတွေ မဖတ်ရတေ့ာသလို၊ အဲဒီစာတမ်းထဲမှာ ဘာတွေရေးထားသလဲဆိုတာကိုလည်း ပြည်သူတွေမသိကြတေ့ာဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတေ့ာ ဖတ်စရာစာအုပ်ကလည်း သိပ်မရှိသလို သတင်း စာဆိုတာကလည်း အစိုးရကထုတ်တဲ့ မြန်မာ့အလင်းနဲ့ကြေးမုံ နှစ်မျိုးပဲရှိပါတယ်။ သတင်းအချက် အလက်ရဖို့အတွက် တီဗွီလိုင်းကလည်း ဒီနေ့ခေတ်လိုမများသေးပဲ အစိုးရကထုတ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့မြဝတီ နှစ်မျိုးပဲရှိပါတယ်။ အဲဒီတီဗွီလိုင်းတွေကနေ ည ၈ နာရီမှာ ပုံမှန်ထုတ်လွှင့်တဲ့ တရုတ်ဇာတ်လမ်းတွဲတွေကိုသာ ကြည့်ရှုဖို့ ရှိပါတယ်။

ကျွန်တော်တို့မှာနားထောင်စရာဆိုလို့ ပြည်ပနိုင်ငံတွေကနေ မြန်မာဘာ သာနဲ့ထုတ်လွှင့်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေရေဒီယိုလိုင်းတွေပဲရှိပါတယ်။ လက်တစ်ဖဝါးလောက်ရှိပြီး အဖုံးအဖြူရောင်နဲ့ အဲဒီ “လူ့အခွင့် အရေး ကြေညာစာတမ်း” ဆိုတာကိုလည်း လူမြင်ကွင်းမှာဖတ်ခဲ့ရတာမဟုတ်ပဲ ဘယ်သူမှမသိအောင် ခိုး ကြောင်ခိုးဝှက်ဖတ်ခဲ့ရတာပါ။ “ဒီမိုကရေစီစာစောင် ဆိုတာ မြို့မဦးဘလွင်က ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးက ဦးသန့်၊ အဖွဲ့ဝင်အဖြစ် အင်ဒီပင်းဒင့်ဒေါ်စန်း ဆိုတဲ့ ခေတ်ဦးသတင်း စာဆရာမကြီးရယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ခေတ်စမ်းစာဆိုကြီးတွေရယ်၊ သတင်းစာဆရာကြီး ဦးညိုမြ စသဖြင့် လွတ်လပ်ရေးခေတ်ဦးက ပညာရှင်ကြီးတွေက ဒီမိုကရေစီအရေး ပညာပေးဖို့ဦးဆောင်ထုတ်ဝေခဲ့တာပါ” ဆိုတဲ့စာကိုဖတ်ရတေ့ာ အချက်အလက်တွေ အများကြီးရလာပါတယ်။ ကျွန်တော်တို့ မမီလိုက်တဲ့ခေတ်ကို လှမ်းမြင်ရတေ့ာ အဲဒီခေတ်ထဲကလူတွေ၊ အဲဒီလူတွေရဲ့ အပြုအမူတွေ၊ သမိုင်းဒီမိုကရေစီခရီးရဲ့တိုက်ပွဲဝင်တွေကို တွေ့လိုက်ရပါတယ်။
ဘယ်သူတွေပါဝင်ခဲ့သလဲ၊ ဘယ်သူတွေက ဘယ်လိုရပ်တည်ခဲ့သလဲ၊ ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတာကို လှမ်းမြင်ခွင့် ရလိုက်ပါတယ်။
“ဘာလဲဟဲ့ တရားဥပဒေ” ခေါင်းစဉ်အောက်မှာတေ့ာ  အရင်အစိုးရတွေရဲ့ တရားဥပဒေစိုးမိုးမှုမရှိတာတွေကို ဝေဖန်ထားပါတယ်။ အရင် နဝတ၊ နအဖ စစ်အစိုးရတွေဟာ “ဥပဒေ၊ တရားဥပဒေ၊ တည်ဆဲဥပဒေ၊ အခြေခံဥပဒေ” စတဲ့ဝေါဟာရတွေကို မကြာခဏသုံးလေ့ရှိပေမယ့် ပြည်သူလူထုအပေါ် ဥပဒေနဲ့အညီအုပ်ချုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ ဥပဒေကိုလိုက်နာခဲ့မှုမရှိတဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ ရန်ကုန်က ဝဂ္ဂီရပ်ကွက်ကို ကျူးကျော်လို့သတ်မှတ် ခံခဲ့ရဖူးကြောင်းကိုလည်း ဖောက်သည်ချထားပါသေးတယ်။ တစ်ခါမှမသုံးဖူးတဲ့ ၁၈၃၀ ခုနှစ်ကျော်က မြေဖျက်သိမ်းခွင့် အိန္ဒိယအက် ဥပဒေကိုသုံးပြီး ကျူးကျော်ရပ်ကွက်လို့သတ်မှတ်ခံခဲ့ရဖူးကြောင်း ဖော်ပြထားပါတယ်။ အဲဒါကိုဖတ်ရတေ့ာ သတင်းတွေထဲမှာ မကြာခဏမြင်နေကြားနေရတဲ့ လှည်းကူးနားကကျေးရွာအချို့ကို ရွာလုံးကျွတ်ဖျက်ခိုင်းတာတွေ၊ မန္တလေးကအိမ်အချို့ကို ဘူဒိုဇာနဲ့တိုက်ဖျက်ကြတာတွေ၊ အချို့အိမ်တွေကို ဥပဒေအရ မဟုတ်ပဲ ဖျက် သိမ်းခိုင်းတာတွေကို မျက်လုံးထဲ မြင်ယောင်မိလာပါတယ်။
“ဘာလဲဟဲ့ ဒိုင်ယာလေ့ာခ်” မှာတေ့ာ အချင်းချင်းတွေ့ဆုံဆွေးနွေးရေး၊ အတူတကွလက် တွဲနေထိုင်ရေးမူကို ညွှန်းဆိုထားပါတယ်။ “ဖက်ဒရယ်” ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ဗိုလ်နေဝင်းက လွဲမှားစွာ ဘာသာပြန်ထားတဲ့အတွက် ဒီနေ့ခေတ်မှာ အချို့က အဓိပ္ပာယ်ကောက် လွဲနေကြတာကိုလည်း ထောက်ပြထားပါတယ်။
ဖက်ဒရယ်ဆိုတာ “ပြည်ထောင်စုဖြိုခွဲဖို့ ပြည်မက ခွဲထွက်ရေး” မဟုတ်ပဲ ပြည်နယ်များစွာ အတူတကွ နေထိုင်ရေးဖြစ်ပြီး ပြည်နယ်အချင်းချင်းအကူအညီပေးကြရသလို ဗဟိုအစိုးရနဲ့ချိတ်ဆက်မှုရှိကြောင်း တင်ပြထားပါတယ်။ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့ကို ဥပမာပေးထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အတွေ့အကြုံကို ဖြတ်ပြောရရင် ကျွန်တော့်ရဲ့ယဉ်မောင်းလိုင်စင်က ဖလော်ရီဒါပြည်နယ်က ရခဲ့တာပါ။
နယူးယောက်ကိုပြန်ရောက်တေ့ာ နယူးယောက်ပြည်နယ်လိုင်စင်နဲ့ ပြန်လဲယူရပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ ပြည်နယ် ၅၀ ရှိပြီး  ပြည်နယ်တခုချင်းစီမှာ သူ့ဥပဒေနဲ့သူ ရှိနေကြပါတယ်။ ပြည်နယ်တခုကနေ အခြားပြည်နယ်တခုကိုပြောင်းလဲနေထိုင်တာ၊ အလုပ်လုပ်တာ စတာတွေလည်း အလွယ် တကူလုပ်လို့ရသလို အဲဒီအတွက်လည်း ပြည်နယ်တခုနဲ့တခု ချိတ်ဆက်အကူအညီ ပေးကြပါတယ်။
ဆောင်းပါးခေါင်းစဉ် “ဒိုင်ယာလေ့ာခ်” ဆိုတဲ့အတိုင်း အန်လယ်လ်ဒီပါတီနဲ့စစ်အစိုးရကြားထဲမှာ သံဃာ့နာယကဆရာတော်ကြီးတွေနဲ့အတူ သခင် ကိုယ်တော်မှိုင်းရဲ့သားတပည့်တွေဖြစ်တဲ့ အမေလူထုဒေါ်အမာ၊ ကဗျာ ဆရာ ကြီးဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဆရာနတ်မောက်ဘုန်းကျော်၊ ဒေါက်တာလှဖေ၊ ဆလိုင်းသန်းထွန်း၊ မြန်မာ့အလင်းဦးသန့်ညွန့် တို့လို ပြည်သူလေးစားတဲ့ပုဂ္ဂိုလ်တွေ စုပေါင်းကြားဝင်ပြောကြားပေးဖို့ တိုက်တွန်းထား ပါတယ်။ ဒီဆောင်းပါးက ၂၀၀၅ ခုနှစ်မှာရေးထားတာဆိုတေ့ာ အခု၂၀၂၁ မှာ ကျွန်တော်ဖတ်တဲ့အချိန် အထက်ပါပြည်သူလေးစားရတဲ့ပုဂ္ဂိုလ်အများစုက မရှိကြတေ့ာပါဘူး။ ဒီနေ့ဒီအချိန်မှာတေ့ာ တိုင်းပြည်က ဒီမိုကရေစီလမ်း ကြောင်းပေါ် စတင်ခြေချမိနေပြီလို့ ထင်မိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့စေတနာနဲ့အမြော် အမြင်ရှိမှုကို တွေ့မြင်ရပြီး အဲဒီအတွက်လည်း ဝမ်းသာကြည်နူးမိပါတယ်။ ဒိုင်ယာလေ့ာခ် နဲ့ပတ်သက်တဲ့
ဖေပုရှိန် (၁၉၁၉)၊ ဖေပုသိမ်း (၁၉၂၀)၊ မြန်မာပြည်ဆိုင်ရာလန်ဒန်မျက် နှာစုံညီအစည်းအဝေးပွဲ (၁၉၃၂)၊ ပင်လုံညီလာခံ (၁၉၄၇) စတဲ့ အစဉ်အလာတွေကို ဥပမာထုတ်ပြသွားတာ ဖတ်ရသူအတွက် များစွာဗဟုသုတရပါတယ်။
“ဘာလဲဟဲ့ ဒီဂျူးရီး” အပုဒ်ကတေ့ာ အခြားဆောင်းပါးတွေထက် နည်းနည်းပိုရှည်ပြီး အချက်အလက်လည်း နည်းနည်းစုံပါတယ်။ စစ်အစိုးရရဲ့တရားဥပဒေမဆန်တဲ့လုပ်ရပ်တွေနဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင် နေပုံတွေကို
ဝေဖန်ထောက်ပြထားသလို သူ့ကိုယ်တိုင်အတွေ့အကြုံတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ “စာအုပ်ထုတ်ရင် အဖုံးရော စာမူပါစာပေစိစစ်ရေးကိုတင်ရတာ၊ ကက်ဆက်ခွေအဖုံးကိုရော ကြော်ငြာကိုရော တင်ရတာမျိုးတွေဟာ ဘယ်နိုင်မှာများ ကြားဖူးသလဲ၊ ခွင့်ပြုပြီးသားစာကိုလဲ ပုံနှိပ်ပြီးမှ ထင်တင်ရသေးတယ်”။ စာကို မျက်လုံးနဲ့ဖတ်နေရင်းနဲ့ နားထဲမှာအသံကြားလာရသလိုတောင် ထင်မိတယ်။ သူကိုယ်တိုင်ဖြတ်သန်းလာ
ရတဲ့ခေတ်ကြီးကို အဝေးကနေ ဒေါသတကြီးလှမ်းအော်နေတဲ့အသံမျိုးပါ။ စိတ်ဆိုး၊ ဒေါသထွက်၊ မချိတင်ကဲဖြစ်နေတဲ့ အသံမျိုးပါ။ ဆရာက ဆက်ပြောပါသေးတယ်..“စာလုံးပေါင်းကိုတောင် အစိုးရမူနဲ့မကိုက်ရင် တစ်လုံးဆယ်ပြားတဲ့။
ပေးရဖူးတယ်။ ဘယ်နိုင်ငံမှာများကြားဖူးသလဲ။ ထောက်လှမ်းရေးအရာရှိတွေနဲ့သူတို့လူတွေရေးတဲ့ဆောင်းပါးတွေကိုစာနယ်ဇင်းတွေကကြော်ငြာခမရပဲထည့်ပေးရတဲ့အပြင် စာမူခတောင်ပေးရသေးသတဲ့။ ဒါနဲ့များ ဒီမိုကရေစီရှိတယ်လို့ တဖွဖွပြောနေသေးတယ်လေ ” တဲ့။ ဆရာမောင်စွမ်းရည်တို့ ဖြတ်သန်းခဲ့ရတဲ့ခေတ်က ပိုပြီးတင်းကျပ်ခဲ့ပါလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ ဖျက်လိုက်တာပါ။ အရင်က စာအုပ်မထွက်ခင် စာပေစိစစ်ရေးရုံးကို အရင်တင်၊ သူတို့ခွင့်ပြုမှထုတ်ခွင့်ရပါတယ်(တင်ထုတ်လို့အတိုကောက်ခေါ်ပါတယ်)။ အခုနောက်ပိုင်းတေ့ာ စာအုပ်ထွက်ပြီးမှ စိစစ်ရေးရုံးကို မှတ်တမ်းသဘောမျိုးသွားတင်ရပါတယ်။ (ထုတ်ပြီးမှတင်ရလို့ ထုတ်တင်လို့လည်း အတိုကောက်ခေါ်ကြပါတယ်)။ ၂၀၀၉ ခုနှစ်လောက်က ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး “ကဗျာအပြင်ဘက်က စာသား များ” ဆိုတဲ့ ကဗျာစာအုပ်လုပ်တုန်းက ကျွန်တော်လည်း ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းထဲက အဲဒီ ”စာပေ စိစစ်ရေးရုံး” ကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါတယ်။ ရုံးခန်းပေါင်းများစွာကို တခန်းဝင်တခန်းထွက်လုပ်ရပြီး ကိုယ့်စာအုပ်ကိုဖတ်ကြတာ၊ စိစစ်နေတာဘယ်အခန်းထဲရောက်နေပြီလဲဆိုတာ သွားမေးရပါတယ်။ ကိုယ်က သွားမမေးပဲ ဒီအတိုင်းထားလိုက်ရင် စာအုပ်ခွင့်ပြုချက်ကျဖို့ ကြာတတ်တယ်ဆိုလို့ လူကိုယ်တိုင်မကြာခဏ သွားမေးခဲ့ရပါတယ်။ ဒါတောင် ၂ လကျော်လောက်ကြာခဲ့ပြီး ခွင့်ပြုပေးလိုက်တဲ့စာအုပ်မှာလည်း မှင်နီ၊ မှင်နနက်ပေါင်းများစွာပေကျံလာခဲ့ပါတယ်။ ဖြုတ်ရမယ့်ကဗျာတွေနဲ့ အချို့ကဗျာတွေထဲက ဖျက်ပေးရမယ့်စာသားတွေကို မှင်နီတွေနဲ့ ရဲနေအောင် တို့ပေးလိုက်ကြပါတယ်။
၂၀၀၈/၉ ဝန်းကျင်လောက်ကလည်း မဂ္ဂဇင်းတခုမှာ ကျွန်တော့်ရဲ့အက်ဆေးတပုဒ်ကို အယ်ဒီတာအဖွဲ့က ရွေး ချယ်ထားပေမယ့် စိစစ်ရေးရုံးကခွင့်မပြုလို့ ထည့်ခွင့်မရခဲ့ပါဘူး။ အယ်ဒီတာကရင်းနှီးနေလို့ ကွန်ပျူတာစာစီပြီး အက်ဆေးစာမူကို မိတ္တူကူးပြီးပြန်ပေးလို့ ရခဲ့၊ သိခဲ့တာပါ။ မြန်မာစာ နယ်ဇင်းလောကမှာ စာပေစိစစ်ရုံးကခွင့်မပြုလို့ အသုံးပြုခွင့်မရတဲ့ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာတွေဟာ အများကြီးပါ။
အထူးသဖြင့် ကဗျာတွေဆိုရင် သတိထားစောင့်ကြည့်ပြီး ဖြတ်တောက်နေခဲ့ကြတာပါ။

အချို့ကလည်း စာပေစိစစ်ရေးရုံးကို “စာပေကင်ပေတိုင်ရုံး” လို့တောင် ခေါ်ခဲ့ကြပါသေးတယ်။

“ဘာလဲဟဲ့ ဟီးရိုးဝေါရှစ်”ခေါင်းစဉ်အောက်မှာ သူရဲကောင်းကိုးကွယ်မှုဝါဒနဲ့ပက်သက်ပြီး ရှင်းလင်းပြတ် သားတဲ့ သူ့အမြင်ကို တင်ပြထားပါတယ်။ သူရဲကောင်းဆိုတာ ရဲရင့်ပြီး အများအကျိုးကိုဆောင်ရွက်တဲ့သူလို့ ဖွင့်ဆိုပြပြီး ကိုးကွယ်တယ်ဆိုတာကတေ့ာ အားကိုးယုံကြည်လောက်တဲ့ သူ့ရဲ့အရည်အချင်းကို အားထားခိုလံှုချင်လို့ပါလို့ ဆိုပါတယ်။ သူရဲကောင်းဆိုတာ မိုးပေါ်ကကျလာတာလည်း မဟုတ်သလို ဥုံဖွမန်းလို့ဖြစ်ပေါ်လာတာမဟုတ်ဘူးတဲ့။ ပြည်သူလူထုရဲ့ နှစ်ရှည်လများသမိုင်းအတွေ့အကြုံဖြည့်ဆည်းမှုက ပင်ကိုယ်ရိုးသားရဲရင့်ကိုယ် ကျိုးစွန့်ရဲသူတဦးထံမှာ စုဝေးဖြစ်ပေါ်လာတဲ့ ဂုဏ်ရည်ပါတဲ့။
ဥပမာအနေနဲ့ “နေရှင်နယ်ဟီးရိုး(အမျိုးသားသူရဲကောင်း)”လို့ အခေါ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပြပါတယ်။ သူရဲကောင်းဆိုတာ လူတယောက်၊ နှစ်ယောက်က ကိုးကွယ်အားထားချင်လို့ ပေါ်လာတာမျိုးမဟုတ်ပဲ လူထုကြီးက လိုချင်တမ်းတမှပေါ်ထွက်လာတာမျိုးပါတဲ့။ “ ဟီးရိုးဝေါရှစ်-သူရဲ ကောင်းကိုးကွယ်မှု” စကားလုံးနဲ့ “ဟီးရိုး-သူရဲကောင်း” အသုံးအနှုန်းအပေါ်ပုတ်ခတ်စော်ကားလာသူတွေကို ဆရာက ဥပမာ၊ ဥပမေယျများစွာနဲ့ သေချာရှင်းလင်းပီသစွာ တုန့်ပြန့်ခဲ့ပါတယ်။

“ဘာလဲဟဲ့ ကွန်မြူနစ်”ဆောင်းပါးကတေ့ာ ကျွန်တော်အကြိုက်ဆုံးပါပဲ။ အဲဒီထဲကနေကိုယ်မသိရ သေးတာတွေ အများကြီးသိလိုက်ရလို့ပါ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကွန်မြူနစ်ဆိုတဲ့ စကားလုံးကို သိပ်မပြောကြတာ၊ ကွန်မြူနစ်ဆိုရင် မကောင်းတဲ့လူလို့ပဲ မြင်ထားကြတာတွေဟာ အရင်အစိုးရအဆက်ဆက်က ရိုက်သွင်းထားခဲ့လိုဆိုတာ သိလာရပါတယ်။ စစ်အစိုးရဟာ ပြည်သူလူထုလေးစားပြီး ကျော်ကြားတဲ့ အနုပညာရှင်တွေကို ကွန်မြူနစ်တံဆိပ်တပ်ပြီး ဖမ်းဆီးထောင်ချခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆရာမောင်စွမ်းရည် အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက်တက္ကသိုလ်ထဲကိုရောက်ခဲ့တုန်းက စာကြည့် တိုက်ထဲမှာ တွေ့မြင်ခဲ့ရတဲ့ မြန်မာစာအုပ်တွေထဲ စစ်အစိုးရရဲ့သတင်းစာရှင်းလင်းပွဲနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေလည်း ပါတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ စစ်အစိုးရက ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ သူ့မိတ်ဆွေအနုပညာရှင်အချို့ပါ ပါနေတာတွေ့ရတယ်တဲ့။ မောင်စူးစမ်း ခေါ် ဦးစမ်းအေး၊ ဟံသာဝတီဦးဝင်းတင်၊ ရှေ့နေဦးထွန်းတင်၊ မော်ကွန်းထိန်း ဦးတင်ထွတ်၊ တော်ဘုရားလေး ဦးအောင်ဇေ၊ ရှုဒေါင့် ဝင်းခက်၊ မုံရွာ ဦးတင်ရွှေ၊ ဗိသုကာ ဦးကျော်မင်း၊ တကသကိုညိုဝင်း၊ ပမညတ ဦးခင်မောင်မြင့်၊ ပြည်ပြေး ဦးထွေးမြင့်၊ ဒါရိုက်တာမောင်မိုးသူ၊ (ခွပ်) ဒေါင်းစာပေ မောင်ဝံသ၊ တကသ ကိုလှရွှေ၊ ကိုသိန်းတင်၊ ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ ဆိပ်ကမ်းအမတ် ဒေါ်စန်းစန်း စတဲ့သူတွေပါဝင်နေကြတယ်လို့ရေးထားပါတယ်။  ထူးခြားတာက အဲဒီစွပ်စွဲခံရသူအားလုံးဟာ လူလေးစားခံရတဲ့ အသိပညာ ရှင်၊ အတတ်ပညာရှင်တွေချည်းပါ။ ကျွန်တော်တို့ ကလေးဘဝကတည်းကနေ ဒီနေ့အချိန်ထိ သူတို့စာအုပ်တွေဖတ်၊ သူတို့ရုပ်ရှင်တွေ ကြည့်ပြီး အသိပညာဖြည့်တင်းခဲ့ကြရတာပါ။ စာရေးသူကတေ့ာ အစိုးရက အဲဒီလိုကြေ ညာလိုက်မှအထက်ပါပုဂ္ဂိုလ်တွေကို ပိုကြည်ညိုခဲ့တယ်လို့ သူ့သဘောထားအမြင်ကိုလည်း ပွင့်ပွင့်လင်းလင်းထုတ်ပြထားပါသေးတယ်။ ဆက်ပြီးပြောထားတာက ဖက်ဆစ်တော်လှန်ရေးမှာ အဓိကတိုက်ပွဲဝင်ခဲ့ကြတဲ့ခေါင်းဆောင်ဖြစ်သူသခင်အောင်ဆန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ဗိုလ်ရန်အောင်၊ သိန်းဖေမြင့် စတဲ့ပုဂ္ဂုလ်တွေဟာ အားလုံးကွန်မြူနစ်တွေချည်းပါပဲတဲ့။ ကွန်မြူနစ်လို့ အစွပ်စွဲခံရသူတွေက တိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတာမဟုတ်ပဲ စွပ်စွဲသူ စစ်အစိုးရကသာတိုင်းပြည်ကို ဒုက္ခနွံထဲ နှစ်ခဲ့တာပါလို့ ပြန် လည်စွပ်စွဲလိုက်ပါသေးတယ်။

ကျွန်တော်တို့အနေနဲ့ ကိုယ်မသိသေးတာတွေကိုသိရဖို့အတွက် ရှာဖွေပုံရှာဖွေနည်းအမျိုးမျိုးရှိကြပါတယ်။ စာအုပ်ဖတ်၊ ရုပ်ရှင်ကြည့်၊ ကျောင်းစာသင်ခန်းများဖြတ်သန်းခြင်းနဲ့အတူ ဒီနေ့ခေတ်မှာတေ့ာ ဖုန်းတစ်လုံးထဲကနေပြီးလည်း ရှာဖွေလို့ရပါသေးတယ်။ ဖုန်းတစ်လုံးရှိရင် အကုန်ရှိနိုင်၊အကုန်သိနိုင်တယ်လို့ ပြောရမလောက်အောင် ကိုယ်သိချင်တဲ့အရာတွေကို ဂူးဂဲလ်၊ ဖေ့စ်ဘုတ်၊ ဝီကီပီဒီယားတို့ စတာတွေမှာ ရိုက်ရှာလို့ရနေပါပြီ။ ဒါပေမယ့် ကျွန်တော်ကတေ့ာ စာဖတ်ရတဲ့အရသာကို ပိုပြီးသဘောကျပါတယ်။ ဒီစာအုပ်ကိုတေ့ာ သာမန်အရပ်ထဲမှာပြောသလိုရေးထားလို့ နှစ်ကြိမ်တောင်ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ “ဘာလဲဟဲ့ ပုဆိန်ရိုး” ကိုဖတ်ပြီးချိန်မှာတေ့ာ ကျွန်တော်တို့ချစ်ခင်နှစ်သက်ခဲ့ရတဲ့ပညာရှင်ကြီးတွေတိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့သလဲဆိုတာကို တပိုင်းတစ သိခဲ့ရပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖွဲ့ပြီးချိန်မှာ တတ်သိပညာရှင်အဖွဲ့ ဖွဲ့မယ်ဆိုတေ့ာ အန်အယ်ဒီပါတီဝင်မဟုတ်သူဆရာမောင်စွမ်းရည်ဟာလည်း သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပါဝင်ခဲ့ရတယ်လို့
ဆိုပါတယ်။ ဂီတ၊စာပေ၊ပန်းချီ၊ ကာတွန်း၊ သဘင် စတဲ့အနုပညာနယ်ပယ်ကလူတွေဖြစ်တဲ့ဲ့ ဟံသာဝတီ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ဒါရိုက်တာစာရေး ဆရာ ဦးဝင်ဖေ၊ မောင်စူးစမ်း၊ ကဗျာဆရာ ဦးတင်မိုး၊ ဒါရိုက်တာမောင်မိုးသူ၊ ဦးကျော်မင်း၊ ပန်းချီ ပေါ်ဦးသက်၊ မောင်ဝံသ စတဲ့ သူ့ရဲ့မိတ်ဆွေရဲဘော်တွေနဲ့အတူ ပါဝင်ခဲ့ရတယ်လို့ ထုတ်ဖော်ပြပါတယ်။

ကျွန်တော်တို့နောက်မျိုးဆက်တွေအနေနဲ့ ကိုယ့်ရှေ့ကမျိုးဆက်တွေ ဘာလုပ်ခဲ့ကြသလဲ၊ ဘယ်ဘက်မှာရပ် တည်ခဲ့ကြသလဲဆိုတာကို သိချင်မိ၊သိထားသင့်ပါတယ်။ အခုလို သိခွင့်ရတာဟာ အမှန်တရားအတွက်ဖြစ်စေလူ့အဖွဲ့အစည်းအတွက်ဖြစ်စေ အင်မတန်အကျိုးများလှပါတယ်။ “မင်းတို့ ဘယ်လိုနေထိုင်ကြ” လို့ မပြောဆိုပါပဲနဲ့ “ငါတို့တေ့ာ ဒီလိုနေထိုင်ခဲ့ကြတယ်”လို့ လက်တွေ့ဘဝနဲ့ ပြုမူဆောင်ရွက်ပြသွားတာတွေက စကားလုံးနဲ့ပြောဆိုတာထက် ပိုမိုတန်ဖိုးကြီး၊ ပိုထိရောက်တယ်လို့ မြင်ပါတယ်။ လူ့သမိုင်းမှာ နောက်မျိုးဆက်တွေက ရှေ့မျိုးဆက်တွေဆီကနေ လေ့လာသင်ယူကြရတာ ဓမ္မတာပါ။ ဒီတစ်ပုဒ်လုံးကတေ့ာ စစ်အာဏာရှင်အစိုးရက ပြည်သူကြိုက်တဲ့ပါတီကို မတရားအသင်းကြေညာပုံ၊ အဖွဲ့အစည်းအတွင်းကလူတွေကို ကွန်မြူနစ်စွပ်စွဲခဲ့ကြပုံ၊ အစိုးရအဖွဲ့ထဲကလူမပါရင် အဖွဲ့အစည်းဖွဲ့ခွင့်မပေးခဲ့ကြပုံနဲ့အတူ အရင်အစိုးရအဆက်ဆက်ရဲ့ ဥပဒေမဲ့လုပ် ရက်တွေကိုဝေဖန်ထားတာပါ။

“ဘာလဲဟဲ့ အကြောက်တရား”မှာတေ့ာ အစိုးရအနေနဲ့ ပြည်သူတွေကို ကြောက်ရွံ့အောင်မလုပ်သင့်ကြောင်း၊ မခြိမ်းခြောက်သင့်ကြောင်းနဲ့ စေ တနာ၊မေတ္တာတရားတွေနဲ့သာအုပ်ချုပ်သင့်ကြောင်း အကြံပေးထားပါတယ်။ ပုဂံခေတ်၊ ကျန်စစ်သားမင်းရဲ့ပြည်သူတွေကို အကြင်နာမေတ္တာတရားနဲ့ အုပ်ချုပ်ခဲ့ပုံ၊ မွန်လူမျိုး၊ ပျူလူမျိုးတွေအပါအဝင် လူမျိုးအားလုံးကို တန်းတူအခွင့်အရေးပေးခဲ့ပုံတွေကိုဖော်ပြထားသလို မင်းကြီးရဲ့နန်းတည်ကျောက် စာမှာပါတဲ့ “ကြောက်ရွံ့ခြင်းကင်းအောင် အုပ်ချုပ်နည်းကို ငါသည် သင်ကြားပေးလတ္တံ့” ဆိုတာကိုလည်း ဥပမာပေး ထုတ်နှုတ်ပြထားပါတယ်။
စာရေးဆရာကြီးမဟာဆွေက ‘နေသူရိန်’ ကလောင်နဲ့ လူထုဦးလှရဲ့ကြီး ပွားရေးမဂ္ဂဇင်းထဲကနေ မကြောက်တရားနဲ့ပက်သက်တဲ့ ဆောင်းပါးပေါင်းများစွာကို ရေးသားဖော်ပြခဲ့ကြောင်းဖတ်ရချိန်မှာ ဗဟုသုတများစွာ ရရှိလိုက်ပါတယ်။ ရှေးခေတ်ပညာရှင်တွေရဲ့လူထုဘက်ကရပ်တည်ခဲ့ပုံတွေကို ဖတ်ရသိရတာဟာကြက်သီးမွေး ညှင်းထလောက်အောင် ဝမ်းသာကြည်နူးရပါတယ်။ မြန်မာပြည်မှာ လူအများစု သုံးနှုန်းပြောဆိုနေကြတဲ့
“ကြောက်မွေးပါ ဇာဂနာနဲ့နှုတ်ပစ်” ဆိုတဲ့စကားကို ဥပမာပေးရာမှာတေ့ာ ဒါရိုက်တာနဲ့လူရွှင်တော်ဟာသမင်း သားဇာဂနာကို ညွှန်ဆိုထားပါတယ်။ ကဗျာဆရာနန်းညွန့်ဆွေနဲ့ စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့ရဲ့ သားဖြစ်သူ ဇာဂနာဟာ ထောင်အကြိမ်ကြိမ်ကျခဲ့သော်လည်း အစိုးရကိုမကြောက်မရွံ့ဝေဖန်ခဲ့ပုံ၊ သရော်လှောင်ပြောင်ဝံ့ပုံတွေကို ဝမ်းပမ်းတသာ သြဘာပေး ညွှန်းဆိုထားပါတယ်။
အဓိကကတေ့ာ ပြည်သူတွေဆီမှာ အကြောက်တရား ကိန်းဝပ်နေတာမကောင်းကြောင်း၊ အစိုးရအနေနဲ့လည်း အကြောက်တရားနဲ့မအုပ်ချုပ်သင့်ကြောင်းနဲ့ အကြောက်တရားရဲ့ဆိုးကျိုးတွေကို လက်ရှိမြန်မာ့နိုင်ငံရေးနဲ့နှိုင်းယှဉ်ပြထားတာပါ။
တခါတရံ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူကြီးနဲ့လူငယ် အမြင်မတူကြတာ၊ သဘောထား မတိုက်ဆိုင်ကြတာမျိုးတွေ မကြာခဏကြားရတတ်ပါတယ်။ လူကြီးကလည်း လူငယ်တွေကို သူတို့လောက်မသိဘူးလို့ ယူဆကြတာမျိုးတွေ၊ လူငယ်တွေကလည်း လူကြီးတွေကို ခေတ်မမီကြတေ့ာဘူးလို့ ထင်ကြတာမျိုးတွေ ရှိတတ်ကြပါတယ်။
အသက်အရွယ်၊ ဖြတ်သန်းခဲ့ဖူးတဲ့ခေတ်၊ အတွေ့အကြုံတွေ မတူကြတေ့ာ လူကြီးနဲ့လူငယ်ပြဿနာတွေကို နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး စတဲ့နယ်ပယ်အသီးအသီးမှာ မြင်ရကြားရတတ်ပါတယ်။ စာရေးဆရာက “ဘာလဲဟဲ့ လူကြီးဖယ်”ဆောင်းပါးမှာ လူကြီးနဲ့လူငယ် စည်းလုံးဖို့၊ တိုင်တိုင်ပင်ပင်လုပ်ကြဖို့၊ ညီညွတ်စွာလက်တွဲပြီးလုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ စည်းလုံးညီညွတ်မှုကသာ ကောင်းကျိုးကိုဖြစ်စေပြီး အကွဲ အပြဲတွေကတေ့ာ ဆိုးကျိုးကိုပဲဖြစ်စေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လူကြီးနဲ့လူငယ်စည်းလုံးရေးကို နွားနှစ်ကောင်နဲ့ ဥပမာပေးခိုင်းနှိုင်းပြီး အကြံပေးထားတဲ့ကဗျာကို ဖော်ပြထားတေ့ာ ဖတ်ရသူရဲ့စိတ်ထဲမှာ ပိုမိုမှတ်မိစေပါတယ်။ ကဗျာက ...

“လူကြီးကြီး နွားကြီးကြီးနဲ့ ပုံဆွယ်။
လူငယ်ငယ် နွားငယ်ငယ်နဲ့ ပုံထား။ ။
နွားနှစ်ကောင် ချိုထောင်သွေးကြရင်
ဘေးဟု မှတ်သား။” တဲ့။   

         နောက်ထပ် ကျွန်တော်နှစ်သက်မိတဲ့ဆောင်းပါးက “ဘာလဲဟဲ့ အမေ့ခေါ်သံ” ပါ။
ဆရာမောင်စွမ်းရည် က “အမေ့ခေါ်သံ” ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးဖူးကြောင်း၊ အဲဒီကဗျာပါဝင်တဲ့ ကဗျာစာအုပ်တအုပ်လည်း ထုတ်ဝေခဲ့ဖူးကြောင်းနဲ့ အဲဒီစာအုပ်ကိုလည်း လူထုဒေါ်အမာ၊ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်နဲ့ စာရေးသူရဲ့အမေတို့ကို ရည်ညွှန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီဆောင်းပါးဟာ လူထုဒေါ်အမာ အကြောင်းနဲ့အတူ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကိုအကြမ်းဖျဉ်းဖော်ပြထားတဲ့အတွက် ဖတ်ရတာ အရသာ ရှိလှပါတယ်။ လူထုဒေါ်အမာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီဒုတ် ဦးဘချို၊ ဦးဘဝင်း စတဲ့ အမျိုးသားပညာရေးခေါင်းဆောင်ကြီးတွေရဲ့ တပည့်ဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ်မှာ ၂ နှစ်တက်ပြီး ရန်ကုန်တက္ကသိုလ်ရောက်တေ့ာ ကိုအောင်ဆန်းဦးဆောင်တဲ့ ၁၉၃၆ ကောလိပ်သပိတ်ကြီးနဲ့ ဆုံခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး ‘သပိတ်မှောက်ကျောင်းသူ မအမာ’ လို့ နာမည်တစ်လုံးရခဲ့ကြောင်းတွေဖတ်ရတေ့ာ ကွယ်လွန်သူ လူထုဒေါ်အမာကို ပိုပြီးဦးညွှတ်မိပါတယ်။ မန္တလေး၊ အမပူရမြို့၊ တောင် လေးလုံးမှာ နှစ်စဉ် နိုဝင်ဘာ ၂၉ ရက်နေ့တိုင်းကျင်းပတဲ့ အမေမာရဲ့မွေး နေ့ကိုသွားခဲ့ဖူးတာတွေလည်း သတိရမိပါတယ်။ နိုဝင်ဘာ ၂၉ မတိုင်ခင် တစ်ရက်နှစ်ရက်ကြိုပြီး နိုင်ငံအနှံ့အပြားက စာရေးဆရာ၊ ကဗျာဆရာတွေဟာ အမေမာ့ကို ကန်တေ့ာဖို့ မန္တလေးကို ချီတက်ကြလေ့ရှိပါတယ်။

အဲဒီအချိန်မှလည်း စာမျက်နှာပေါ်မှာသာ နာမည်ပဲသိခွင့်ရှိတဲ့သူတွေကိုအပြင်မှာ တွေ့ဖူး၊မြင်ဖူး၊ခင်မင်ရင်းနှီးခွင့် ရကြတာပါ။ ကျွန်တော်ရန်ကုန်မှာရှိစဉ်တုန်းကတေ့ာ နီးစပ်ရာ ကဗျာဆရာတွေစုပြီး အမြန်ရထားစီးကာ အမေမာပွဲကိုသွားခဲ့ကြပါတယ်။ ရထားပေါ်မှာ ကဗျာဆရာအချင်းချင်း နှုတ်ဆက်ကြ၊ ကဗျာရွတ်ကြသလို မန္တလေးရောက်တဲ့အခါမှာလည်း အနယ်နယ်အရပ်ရပ်ကရောက်လာတဲ့ ကဗျာဆရာတွေနဲ့ မိတ်ဆက်ကြ၊ ကဗျာရွတ်ကြပါတယ်။ အချို့ကလည်း ဦးပိန်တံတားပေါ်မှာ ကဗျာရွတ်ကြသလို အချို့ကလည်း တောင်သမန်အင်းကမ်းစပ်က စားသောက်ဆိုင်တွေထဲမှာ စုရုံးကြလေ့ရှိပါတယ်။
လူထုဒေါ်အမာကိုအကြောင်းပြုပြီး တနိုင်ငံလုံးက စာရေးဆရာ၊ ကဗျာ ဆရာတွေတွေ့ဆုံကြ၊ စုရုံးခွင့်ရကြတဲ့ပွဲပါ။ ၂၀၀၇ ခုနှစ်လောက်ကပြည်ပကနေပို့ပေးတဲ့ကဗျာတပုဒ်ကို အမေမာ့ပွဲ့မှာ ကဗျာဆရာတယောက်ကရွတ်တေ့ာ သူ့ကို စစ်ထောက်လှမ်းရေးတွေက ဖမ်းသွားခဲ့ဖူးပါတယ်။ အဲဒီကဗျာဆရာကို အချုပ်ထဲမှာ ၇ ရက်လောက်ထားပြီး ပြန်လွှတ်ပေးခဲ့တာလည်း ကြုံခဲ့ကြားခဲ့ဖူးပါတယ်။ လူထုဒေါ်အမာဟာ ဖဆပလခေါင်းဆောင်တဦးလည်းဖြစ်၊ အာရှလူငယ်ခေါင်းဆောင်းတဦးလည်းဖြစ်သူ ခင်ပွန်းဖြစ်သူ လူထုဦးလှနဲ့အတူ “လူထုသတင်းစာ” ကိုတည်ထောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးတိုက်ပွဲကို တဖက်တလမ်းက ပါဝင်ဆောင် ရွက်ခဲ့ပုံတွေဖတ်ရတေ့ာ ရင်ထဲမှာ ဝမ်းသာကြည်နူးမှု၊ ဂုဏ်ယူဝမ်းမြောက်မှု၊ ရဲရင့်တက်ကြွမှုသွေးသားတွေ ထကြွလာတယ်လို့ ထင်မိပါတယ်။ ဒီဆောင်းပါးဟာ ရှေးခေတ်မျိုးဆက်တွေရဲ့ လုပ်ရှားမှုတွေပါသလိုမြန်မာ နိုင်ငံရေးရဲ့လူသိနည်းတဲ့အချက်အလက်တွေလည်းပါတာမို့ကျွန်တော့် အတွက်တေ့ာ မှတ်သားစရာလည်းပါသလိုစိတ်ကြည်နူးမှုခံစားချက်အချို့လည်း ရခဲ့ပါတယ်။ မီဒီယာနဲ့ပက်သက်ရင်တေ့ာ ဒီနေ့ခေတ်မှာ အရင်ထက်လွတ်လပ်ခွင့်ပိုရနေတာ အားလုံးသိကြပါတယ်။
ကိုယ်ပိုင်သတင်းစာတွေ ထုတ်ဝေခွင့်ရလာသလို ဂျာနယ်၊မဂ္ဂဇင်းတွေနည်းတူတီဗွီလိုင်းတွေကိုလည်း ကိုယ်ပိုင်ထုတ်လွှင့်ခွင့် ရနေကြပါပြီ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတက်လာတဲ့အစိုးရတွေက မီဒီယာကဏ္ဍကို တိုင်းပြည်ရဲ့စတုတ္ထမဏ္ဍိုင်အဖြစ် သဘောထားပြီး လွတ်လပ်ခွင့်ပေးလာကြပါပြီ။
 “ဘာလဲဟဲ့ မီဒီယာအက်သစ်” ဆောင်းပါးထဲမှာတေ့ာ ၁၉၆၂ ခုနှစ်မဆလအစိုးရတက်လာပြီးနောက်ပိုင်း မီဒီယာကဏ္ဍကို ဖိနှိပ်ချုပ်ချယ်ခဲ့တာတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ မန္တလေးက “လူထုသတင်းစာတိုက်” ကို နန်းတွင်းစစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့တာဖတ်ရတေ့ာ အံ့ဩမှင်တက်မိပါတယ်။ မဆလအစိုးရက လူထုသတင်းစာ၊ ဗဟိုစည်သတင်း စာနဲ့ ဟံသာဝတီသတင်းစာတိုက်တွေကို ပိတ်တာ၊ ဖျောက်ဖျက်တာ၊ ဖမ်း ဆီးထောင်ချတာတွေ သိရတေ့ာ မီဒီယာလွတ်လပ်ခွင့်နဲ့အတူ ဒီမိုကရေစီခရီးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို တွေ့မြင်ရပါတယ်။
ဒီမိုကရေစီတန်ဖိုးတွေကို အခုမှအစပျိုးနေတယ်ဆိုပေမယ့် ဒါတွေကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာ လေးစားတန်ဖိုးထားစိတ်နဲ့ သိမြင်ရပါတယ်။
စာရေးသူကတေ့ာ အဲဒီခေတ်တုန်းက ရန်ကုန်မှာ အိုးဝေသတင်းစာတိုက်(ဦးညိုမြ)၊ ဟစ်တိုင်သတင်းစာတိုက် (ဂျာနယ်ကျော်မမလေး)၊ စီးပွားရေးသတင်းစာတိုက်(အင်ဒီပင်းဒင့်ဒေါ်စန်း)တို့ရဲ့ သတင်းစာတိုက်တွေကိုဖဆပလဆိုရှယ်လစ်ဝန်ကြီးကိုယ်တိုင် အမိန့်ပေး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေသိရတေ့ာ ကျွန်တော်တို့ငယ်ငယ်က သတင်းစာဆိုလို့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာနှစ်စောင်ပဲရှိခဲ့တာကို သတိရမိပါတယ်။ မနက်စောသတင်းစာရောက်လာပြီဆိုရင် လူတွေက သတင်းစာရဲ့နောက်ဆုံးစာ မျက်နှာမှာဖော်ပြထားတဲ့ ကွယ်လွန်သေဆုံးသူတွေရဲ့နာမည်ကိုပဲ အရင်ဆုံး ရွေးလှန်ဖတ်ကြတာကို ပြေးမြင်မိတယ်။ သတင်းစာနှစ်စောင်လုံးမှာ ရှေ့ဆုံးစာမျက်နှာက တိုင်းပြည်အုပ်ချုပ်သူ လူကြီးတွေရဲ့ ကျောင်းကန်ဘုရားတွေဆီသွားရောက်လှူဒါန်းပုံ၊ အတွင်းစာမျက်နှာတွေမှာကလည်း ဝါဒသွင်းစာတွေချည်းပဲမို့ ဖတ်စရာမရှိပဲ သတင်းအသစ်ဆိုလို့ကွယ်လွန်သူတွေရဲ့နာရေးသတင်းဖော်ပြထားတဲ့ စာမျက်နှာတခုပဲ ရှိပါတယ်။
ဒီနေ့ခေတ်မှာတေ့ာ နိုင်ငံအတွင်းရှိ နေရာဒေသအသီးအသီးက တကယ့်အဖြစ်အပျက်တွေကို တရားဝင်ဖော်ပြခွင့်ရနေကြပါပြီ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏကြားရလေ့ရှိတဲ့စကားတွေထဲမှာ ဘက်မလိုက်ဘူး၊ ဘက်မလိုက်သင့်ဘူးဆိုတဲ့စကားတွေပါ။ ဘက်ဆိုတာ နှစ်ဘက်ရှိတတ်တာမို့ ဘယ်ဘက်ကမှမလိုက်ဘူးလို့ ဆိုလိုဟန်တူပါတယ်။ “ဘာလဲဟဲ့ သတင်းသမား” အပုဒ်ကို ဖတ်ပြီးချိန်မှာတေ့ာ ဘက်မလိုက်သင့်ဆိုတာ မှန်တဲ့အကြောင်းကို တွေ့ရသလို တခါတရံ ဘက်လိုက်သင့်တယ်ဆိုတာကိုလည်း တွေ့လိုက်ရပါတယ်။ ၁၉၂၆ ခုနှစ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “အောင်မြန်မာသတင်းစာ”အတွက် သဝဏ်လွှာတခုရေးပေးပြီး သူ့မူသူ့သဘောထားကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်အဖွဲ့အစည်းဘက်ကိုမှ ဘယ်မလိုက်ဘူးလို့ သူ့မူဝါဒကိုကြေညာခဲ့သလိုအချက်နှစ်ချက်ကိုပါ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ တစ်အချက်က လူဆိုတာအသင်းဖွဲ့ရမယ်။ နှစ်အချက်က လူဆိုတာ မှန်တဲ့ဘက်ကို လိုက်ရမယ်တဲ့။
မှန်တဲ့ဘက်နဲ့ မှားတဲ့ဘက်၊ ဓမ္မဘက်နဲ့ အဓမ္မဘက် နှစ်ခုစီရှိရာမှာ ကိုယ်လိုက်မယ့်ဘက် အရွေးမမှားဖို့တေ့ာ လိုလိမ့်မယ်ထင်ပါတယ်။
အဲဒီအတွက်တေ့ာ ကိုယ်တိုင်ပဲရွေးချယ်ကြရပြီး ကိုယ်တိုင်ပဲတာဝန်ခံရမှာဖြစ်တယ်လို့ မြင်ပါတယ်။
 “ဘာလဲဟဲ့ သင်္ကြန်”မှာတေ့ာ ဒေါက်တာသန်းထွန်းက သူ့မွေးနေ့အတွက် ဖိတ်တာကို ဆရာမောင်စွမ်းရည်က သွားခွင့်မရခဲ့ဘူးလို့ ဆိုတေ့ာ စိတ်မကောင်းဖြစ်ရပါတယ်။ ဖိတ်စာမှာစာရိုက်ထားပြီးသားအပေါ်မှာဒေါက် တာသန်းထွန်းက လက်ရေးနဲ့ “ဝင်းဖေ လာဖြစ်အောင် လာခဲ့ပါ” လို့ထပ်ရေးပေးလိုက်တယ်တဲ့။ ဝင်းဖေဆိုတာ ဆရာမောင်စွမ်းရည်ရဲ့အမည်ရင်းလို့သိရပါတယ်။ ဒါပေမယ့် ဆရာက စစ်အစိုးရက အိမ်မှာအကျယ်ချုပ်နေခိုင်းထားလို့အပြင်ထွက်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ မန္တလေး မြေကနေ ရန်ကုန်မြေသားပေါ်အခြေချလာကြသူအချင်းချင်း ရင်းနှီးကျွမ်းဝင်စွာ တွေ့ဆုံ ပြောဆိုကြရမယ့်နေရာမှာ အခုလို သွားခွင့်တွေ့ခွင့်မရခဲ့တာတွေ သိလိုက်ရတေ့ာ လွမ်းသလိုလို စိတ်မကောင်းဖြစ်သလိုလို ခံစားမှုကိုရပါတယ်။ သူ့မိတ်ဆွေတွေဖြစ်တဲ့မောင်သာရ၊ ဇော်ဝိတ်ကြီးအမည်ခံ ဝင်းဖေ၊ မောင်မိုးသူ၊ ပေါ်ဦးသက်၊ ချစ်ဦးညို စတဲ့သူတွေဟာ နာရီစင်ကြီးကိုဖတ်မွေးလာကြသူတွေလို့ ညွှန်းဆိုထားပြီး ငယ်စဉ်ဘဝကဖြတ်သန်းခဲ့ဖူးတဲ့ မန္တလေးသင်္ကြန်ကိုလွမ်းဆွတ်တဲ့အကြောင်းကိုလည်း ဖွဲ့ထားပါသေးတယ်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ မြန်မာတွေပေါများတေ့ာ မြန်မာသင်္ကြန်လုပ်တဲ့အချိန်မှာ နှစ်ဖွဲ့ကွဲနေလို့ ဆရာတင်မိုး နဲ့ဆရာမောင်စွမ်းရည်က ကြားထဲကနေ ဝင်ရောက်ဖြန်ဖြေပေးပေမယ့် အဆင်မပြေပဲ စည်းလုံးမှုပြန်မရတေ့ာ ဆရာတင်မိုးက ရုတ်တရက်သံချပ်စာသားရေးဖွဲ့လိုက်တာကိုလည်း ဝမ်းနည်းစွာ မှတ်သားထားလိုက်ရပါတယ်။
“မွေးကတည်းက အကွဲပါဗျ။ ဗိန္ဒောဆရာ ကုလို့မရ” တဲ့။

ငယ်ငယ်တုန်းက ကျွန်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အမျိုးသားနေ့အကြောင်းကို “ဘာလဲဟဲ့ အမျိုးသား” ခေါင်းစဉ်အောက်မှာ အမြင်သစ်တစ်မျိုးနဲ့ ဖတ်ရပါတယ်။ သမိုင်းကြောင်းအချက်အလက်တွေနဲ့ဖော်ပြထားတာပါသလို လူသိနည်းတဲ့တကယ့်ဖြစ်ရပ်မှန်နောက်ကွယ်ကဇာတ်လမ်းတွေပါထည့်သွင်းထားပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်တို့က ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်တွေမှာ သုံးကြိမ်ကြိမ် တိုင်တိုင်ကျူးကျော်စစ်ဆင်နွှဲခဲ့ပေမယ့် မြန်မာတွေဘက်က တုတ်၊ဓား၊လက်နက်တွေနဲ့သာ ပြန် လည်တိုက်ခိုက်ခဲ့ကြပါတယ်။ လက်နက်မပါပဲ တိုက်တာကို မြန်မာပြည်မှာ သူ့ကျွန်ဘဝရောက်ပြီး နှစ်ပေါင်း ၆၅ နှစ်ကြာမှ ကျောင်းသားတွေဦးဆောင်ပြီး တိုက်ခဲ့တာပါ။ ဒါဟာ ၁၉၂၀ ခုနှစ်၊ ပထမကောလိပ်သပိတ်ကြီးလို့ အမည်ရပြီး ဒါသည်ပင် ဥပဒေတွင်းတိုက်ပွဲဖြစ်သလို ပထမဒီမိုကရေစီတိုက်ပွဲလည်း ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့စာတွေဖတ်ကြတဲ့အခါ တခါတရံစာရေးသူကိုယ်တိုင်ရေးထားတဲ့ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာတွေ ဖတ်သင့်သလို တခါတလေတေ့ာ စာအုပ်တွေ၊ လူတွေ၊ ခေတ်တွေကို အကဲဖြတ်ထားတဲ့စာတွေလည်း ဖတ်သင့်တယ်လို့ထင်ပါတယ်။ အစကနေ အဆုံးထိရေးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်စေတကယ့်ဖြစ် ရပ်မှန်ဖြစ်စေ ဖတ်ရတာထက် တခါတရံမှာတေ့ာ အဲဒီလိုအကဲဖြတ်ချက်တွေကအချက်အလက်အသစ်တွေနဲ့ အသိဉာဏ်ရှင်းလင်းမှုကို ရရှိစေတယ်လို့ မြင်ပါတယ်။
ပထမကောလိပ်သပိတ်မှောက်တေ့ာ စာသင်ရ တာ ပျက်တာကြာလာတဲ့အခါ တာဝန်သိတဲ့ခေါင်းဆောင်တွေက ဗဟန်းမြို့နယ်ထဲက ဦးအရိယရဲ့ တိုင်တရာကျောင်းမှာ ရဟန်းသံဃာတွေရဲ့ ခွင့်ပြုချက်ယူပြီး “ဗဟန်းကောလိပ်” ဆိုပြီး ဖွင့်ကြတယ်လို့ဆိုပါတယ်။ စေတနာ့ဝန်ထမ်း ဆရာလုပ်ကြသူတွေအထဲမှာ ဦးစိန်တင်ခေါ် သိပ္ပံမောင်ဝတို့လို ကျောင်းသားကြီးတွေပါသလို ဦးအောင်ဆန်းရဲ့အကို ဦးဘဝင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကုလ သမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၊ အာဇာနည် ဦးရာဇတ်တို့လည်း ပါဝင်ကြတယ်လို့ဖော်ပြထားပါတယ်။ မြန်မာစာပါမောက္ခအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဒီးဒုတ်ဦးဘချိုလည်း ပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာ့ပညာရေးနဲ့ နိုင်ငံရေးရဲ့နောက်ကွယ်က ဇာတ်လမ်းအချို့ပါ ဖောက်သည်ချထားပါတယ်။ တကယ်တေ့ာ ဒီဆောင်းပါးတွေဟာ သူ့ခေါင်းစဉ်နဲ့သူ၊ သူ့အကြောင်းအရာနဲ့ သူ့အချက်အလက်နဲ့သူဖော်ပြထားတဲ့အရာပါ။ ခေါင်းစဉ်တခုတည်းအောက်မှာ စာအုပ်တအုပ်အဖြစ်ရေးထားတာမျိုးမဟုတ်ပဲ ခေါင်းစဉ်တခုကိုဆောင်းပါးအတိုအနေနဲ့ပဲ ရေးခဲ့တာတွေပါ။ နောက်မှသာ အဲဒီဆောင်းပါးတွေကိုပြန်စုစည်း ထုတ်ဝေလို့ စာအုပ်ဖြစ်လာတဲ့ သဘောပါ။
အပုဒ်အတိုလေးတွေထဲမှာ အဲဒီလို သမိုင်းဆိုင်ရာအချက်အလက်တွေ ဖတ်ရသိခွင့်ရတာအင်မတန် အကျိုးများလှပါတယ်။

ကျွန်တော်ကတေ့ာ တစ်အုပ်လုံးကို တစ်ပုဒ်ချင်းအကုန်ရေးပြနိုင်မယ် မထင်ပါဘူး။ အကုန်ဖတ်ခဲ့ပေမယ့်အကုန်ပြန်ရေးပြဖို့တေ့ာ ခက်ပါတယ်။ အဲဒီအထဲကနေ ကိုယ့်သဘောကျတဲ့အရာ၊ ဒါမှမဟုတ် အခြားသူတွေအတွက် အကျိုးရှိမယ့်အရာ၊ ဒါမှမဟုတ် သမိုင်းနဲ့ဆိုင်တဲ့အရေးကြီးတဲ့အချက်လေးတွေပဲ ရွေးနှုတ်ပြတဲ့ သဘောပါ။
စာရေးသူကိုယ်တိုင် အမှာစာမှာပြောထားသလိုပါပဲ၊ ဒီစာအုပ်က နိုင်ငံရေးကိုပညာရှင်ဆန်ဆန် ချဉ်းကပ်ဝေဖန်းထားသလိုမဟုတ်ပဲ သာမန်ပြည်သူတစ်ယောက်အနေနဲ့ပဲတင်ပြထားတာတွေပါ။ ဆရာ့ရဲ့ လေသံပြောပုံအရဆိုရင် အရပ်သားလိုတွေးပြီး အရပ်သားလို ရေးထားတာပါတဲ့။ ပြည်သူတွေရင်ဘတ်ထဲမှာ ဘာရှိသလဲ၊ ပြည်သူတွေ ဘာလိုချင်နေကြသလဲ၊ ပြည်သူတွေ ဘာပြောချင်နေကြသလဲဆိုတာကို စာရေးဆရာက ကြားထဲကနေ တွေးပေး၊ ပြောပေး၊ ရေးပေးတာလို့ပဲ မြင်ပါတယ်။ ပြည်သူတွေကလည်း သူတို့အစားပြောပေးမယ့် အဲဒီလိုပညာရှင်တွေနဲ့ အနုပညာနယ်ပယ်အသီး အသီးက လူတွေကို ခေတ်အဆက်ဆက် လိုချင်ကြတာပါ။ သမိုင်းဆိုတာ ပြီးပြီးသားကိစ္စတွေပါ။
သမိုင်းဆိုတာ အတိတ်ရဲ့ပြယုဂ်တွေပါ။ နိုင်ငံတိုင်းက စာသင်ကျောင်းတွေမှာ သမိုင်းဆိုတာကို သင်ယူကြတာဟာ အတိတ်ကို လေ့လာနေကြတာပါ။ အတိတ်ကိုကြည့်ပြီး ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့အတွက် လေ့လ့ာနေကြ၊ သိအောင်လုပ်နေကြတာပါ။ ဒေါက်တာသန်းထွန်းရဲ့ “သမိုင်းသင်တာ မအ,အောင်လို့” ဆိုတဲ့ စကားအတိုင်းဆိုရင် မအ,တဲ့အခါ အလိမ်မခံရတေ့ာဘူးပေါ့။

ကိုယ့်ရှေ့ကမျိုးဆက်တွေရဲ့နေထိုင်ခဲ့ပုံ၊ လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံနဲ့တကယ့်အဖြစ်အပျက်တွေ(သမိုင်း)ကို အခုလိုသိရတဲ့အတွက် စာရေးသူမောင်စွမ်းရည်ကို ကျေးဇူးတင်မိ ပါတယ်။ တကယ်တေ့ာ ကျွန်တော်နဲ့ဆရာက
အသက်အရွယ်အားဖြင့်လည်း အဘိုးနဲ့မြေး၊ ပညာရေးနဲ့လည်း မိုးနဲ့မြေ၊ စာပေဖြတ်သန်းမှုမှာလည်း ကကြီးနဲ့အ,လောက် ကွာပါတယ်။ ဆရာက ဒီစာအုပ်ကိုပေးပြီး “မင်း ရေးချင်တာ ရေးစမ်းကွာ”ပြောလို့ ရေးမိသွားတာပါ။
ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ ဥတုဘောဇန ကျမ်း၊ကာယနုပဿနာကျမ်းတွေကိုချီးမွမ်းတဲ့ မြင်းထိန်းငတာလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။
မအ,အောင်လို့ သမိုင်းကို သင်ယူကြပါစို့။   ။

ဆောင်းဝေ (နတ်မောက်)
Jan,28,2021


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar