Breaking News

ဝိဇ္ဇာမောင်ပိန် - ငှက်ပျောတော သေနတ်များ


Image - Crd
ငှက်ပျောတော သေနတ်များ
ဝိဇ္ဇာမောင်ပိန်
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၂

(က)
တက္ကသိုလ်ကျောင်းတိုက်က တက္ကသိုလ်ကျောင်းသား (အငြိမ်းစား) ဝိဇ္ဇာမောင်ပိန်က စာဖတ်ဝါသနာကြီး၏။ သူ့ကိုကြည့်လိုက်လျှင် သူ့လက်ထဲမှာ စာအုပ် တစ်အုပ်အုပ်တော့ ကိုင်ထားတာ အမြဲ မြင်ရလေ၏။

သူစာအုပ်ဖတ်ပုံကလည်း တမျိုးဖြစ်၏။
စာအုပ်ကလေးကိုကိုင်ကာ လေးငါးဆယ် မျက်နှာလောက်ဖတ်လိုက်၊ စာအုပ်ကလေးပိတ်ကာ အဝေးသို့ငေး၍ တွေးလိုက်၊ နှုတ်ကတတွတ် တွတ်ဆိုသလို ရွတ်နေလိုက်ဖြစ်၏။ ပြီးလျှင် စာအုပ်ကလေးကိုပြန်လှန်ကာ ရှေ့ကိုဆက်ဖတ်လိုက်၊ နောက်ထပ်လေးငါးခြောက်မျက်နှာလောက်ဖတ်ပြီးပြန်လျှင် စာအုပ်ကိုပိတ်ကာ တနေရာရာသို့ထပ်ငေးလိုက်၊ ပါးစပ်က တတွတ်တွတ်ရွတ်လိုက်ဆိုသလိုသာ ဖြစ်ပါလေ၏။

ဤသို့အားဖြင့် ဖတ်လိုက် ရပ်လိုက် စခန်းသွားနေရာကနေ သူ့ဘေးမှာချထားသည့် သူ၏မှတ်စုစာအုပ်ထဲကို တခုခု တစုံတရာ ကူးရေးလိုက်တာကို တွေ့မြင်ရပြန်ပါလေ၏။ အနှီအကျင့်ကား မွန်အမည် ' ကမာရွတ် ' အမည်ရ မင်္ဂလာရေကန်ကြီး နဘေး မေးတင်၍တည်ထားခဲ့သည့် တက္ကသိုလ်ကြီးမှ ထီမထင်ကျောင်းတော်သားဘဝကတည်းက သူ၏ စာဖတ်ပုံပေတည်း။

ဝိဇ္ဇာမောင်ပိန်ကား စာစုံဖတ်၏။ မှတ်၏။
အချို့အတွေးအခေါ်များ၊ ဒဿ နများ၊ အ ဆိုအမိန့်များ၊ ကမ္ဘာကျော်တို့၏နည်းနာယူဖွယ်ရာစကားလုံးများစွာကို သူ၏ မှတ်စုစာအုပ်ထဲတွင် သူ၏လက်ရေးဖြင့် ကူးယူရေးမှတ်ထားတတ်သူ ဖြစ်၏။

သူ၏ မှတ်စုစာအုပ်များကိုယူ၍ လှန်လှောကြည့်လျှင် အထူးသဖြင့်ကား ' ကဗျာများ ' ကို များစွာ များစွာ များစွာမှ များစွာ တွေ့မြင်ရမည်သာ ဖြစ်ပါလေ၏။ ' စလေဦးပုည ' မှသည် ' သခင်ကိုယ်တော်မှိုင်း ' အလယ်' မောင်ချောနွယ် ' တို့ခေတ်ပေါ်ကဗျာဆရာများ၏ကဗျာများအထိအဆုံး ခေတ်အဆက်ဆက်ကဗျာများကို ဖတ်ရှုခံစားရမည် ဖြစ်ပါ၏။

ယခုနောက်ပိုင်းခေတ်ကာလမတော့ သူ၏လက်ထဲမှာ စာအုပ်သာမက ဖုန်းလေးကိုပါ မြင်ရတွေ့ရပါလေ၏။ စာအုပ်တွေထဲကစာတွေသာမက အွန်လိုင်းပေါ်က စာတွေကိုပါထပ်ဆောင်း၍ ဖတ်ရှုတော်မူနေလေပြီတကား။

(ခ)
ဝိဇ္ဇာမောင်ပိန်၏ မှတ်စုထဲမှာ ရေးမှတ်ထားသည့် ကဗျာများစွာမှာလည်း အမျိုးအစားအတော့်ကို စုံလင်လှပါပေ၏။ ဒွေးချိုးလည်း ပါ၏။ လေးချိုးလည်းပါ၏။ တေးထပ်လည်း ပါ၏။ ရတုလည်းပါ၏။ ရကန်လည်းပါ၏။
ခေတ်စမ်းကာလက လေးလုံးစပ်တွေလည်း ပါ၏။ ကာရန်မဲ့တွေလည်း ပါ၏။ ရစ်သန်နှင့် ရေးထားတာတွေမှသည် ခေတ်ပြို င်ကဗျာတွေလည်း ပါပါလေ၏။

ကဗျာအမျိုးအစားတွေ ပေါင်းစုံသလို ကဗျာဆရာတွေလည်း အတော့်ကို စုံလင်လှတာကို မြင်ရပါလေ၏။ သူ ကူးမှတ်ထားသည့်ကဗျာများကို လေ့ လာကြည့်လျှင်ကား ' တူညီတာ ' တခုကို ရင်ထဲမှာ နှလုံးသားထဲမှာ မြင်ရမှာ ကြားရမှာ ဖြစ်ပါလေ၏။

သူ ရေးကူးထားသည့် ကဗျာပေါင်းများစွာမှာ တူညီသော ရနံ့၊ တူညီသောအရောင်၊ တူညီသော အငွေ့အသက်၊ တူညီသောဂုဏ်သတ္တိထူးတခုကို ထပ်တူညီစွာ မြင်ရပါလေ၏။ ဤကား ခေတ်အဆက်ဆက်အဖိနှိပ်ခံ ပြည်သူ လူထု၏အသံကိုထင်ဟပ်သော ပြည်သူ့ဆန္ဒ ' တော်လှန်သံများ ' သာ ဖြစ်ပါပေလေ၏။

(ဂ)
သူ၏ မှတ်စုစာအုပ်ထဲမှာ ဟိုရှေးယခင်ကကဗျာများအပြင် ယခုနောက် ပိုင်း အွန်လိုင်းပေါ်က ထိထိရှရှကဗျာများကိုပါ ဖတ်ရှုရပါလေ၏။ 

စာမျက်နှာတစ်ခုမှာ ဆရာ မောင်လှမျိုး(ချင်းချောင်းခြံ) ၏ သည်နှစ် သည်လထဲမှာ လောလောလတ်လတ် ပူပူနွေးနွေးရေးဖွဲ့ထားလေသည့် ' ငှက် ပျောတော ' အမည်ရှိ ကဗျာကလေးကို ဤသို့ မြင်ရ ဖတ်ရှုရ ခံစားရပါ၏။

ငှက်ပျောတော
- - - - - - - - - - - - 
မျောက်လက်ထဲ သေနတ်ရှိနေသမျှ
တလောကလုံး အန္တရာယ်ဇုံ။      ။

(ဃ)
ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ၏ထို ' ငှက်ပျောတော ' ကဗျာလေးကို ခံစားဖတ်ရှုပြီးသည့်အခါ သူ၏ မှတ်စုစာအုပ် စာမျက်နှာတနေရာမှာ ကူးရေးထားသည့် ဆရာ မောင်သင်းခိုင် (ပျဉ်းမနား) ၁၉၆၃ ခုနှစ်က ရေးဖွဲ့ခဲ့သည့် ' သေနတ်တွေကို လုကြလော့ ' ဟူသည့်ကဗျာကလေးကို ဆက် စပ်၍ ဖတ်ရှုကာ အတွေးပွားမိပါလေတော့၏ ခင်ဗျာ။

သေနတ်တွေကို လုကြလော့

လူသားတိုင်းမှာ
ခန္ဓာဗေဒ ၊ အဆောက်အအုံ
ဖွဲ့စည်းပုံမှ ၊  ပြည့်စုံလေးနက်
လက်များကိုယ်စီ ၊ ရှိကြသည်တည့်။

သို့သော်တမူ
ပြည်သူပြည်သား ၊ လူအများတွင်
အပ်ဖျားသံစ ၊ စူးဆောက်မျှလျှင်
ရှိပင်မရှိ ၊ ကင်းမဲ့ဘိသည်
ရုပ်၏လက်တွေ့အသွင်တည်း။

အာဏာကိုင်ချုပ်
အယုတ်တမာ ၊ လူများစွာ၌
ရန်ရှာပြုရန် ၊ မောင်းပြန်သေနတ်
ကျည်ယမ်းကပ်များ ၊ ကိုင်ထားသောလက်
မကြည့်ရက်ပြီ ၊ သွေးစွန်းနီ၍
ပြည်သူပြည်သား ၊ လူအများကို
စိတ်ထားရက်စက် ၊ အကြမ်းဖက်၍
ပစ်လျက် သတ်ဖြတ်နေကြပြီ။

ပြည်သူတွေမှာ
မင်္ဂလာမဲ့ ၊ သေခဲ့ကြပြီ
ငုံ့ခံမည်လား ၊ ရန်သူများ၏
သွေးများစွန်းပေ ၊ သေနတ်တွေအား
ခါးခါးသီးသီး ၊ လူအုပ်ကြီးနှင့်
စုစည်း၍သာ ၊ လုကြပါလော့
မဟာအောင်ပွဲ ၊ သွေးနှင့်လဲတော့
အသည်းမကြောင်ကြလေနှင့်။

ရန်သူကိုသာ
ငြိမ်းချမ်းစွာမူ ၊ အတူတကွ
ယှဉ်ပြိုင်ကြရန် ၊ တောင်းပန်လေငြား
အများပြည်သူ ၊ တိုက်ပွဲဟူသည်
သွေဖီလမ်းပြောင်း ၊ အကြောင်းမလှ
ဒူးထောက်ရလိမ့် ၊ မစေ့စပ်ရေး
ဟစ်ကြွေးကာပင် ၊ ဆန့်ကျင်ခုခံ
အောင်လံသစ်ထူ ၊ ဘုံရန်သူအား
အများစုပေါင်း ၊ ဝိုင်း၍မောင်းထုတ်
ခေတ်ပြရုပ်မှာ  
မြေမြှုပ်သင်္ဂြိုဟ်ကြပါစို့လေ။       ။
                    
 ဝိဇ္ဇာမောင်ပိန်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar