ဆိုင်းဗျူ -
ထိုင်ခုံကိုနှုတ်ဆက်သွားတဲ့ ဘဏ်ထဲကငွေများ
ဆိုင်းဗျူ
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၃
သေဆုံးသွားတဲ့လူသားကို
ခရီးစရိတ်အဖြစ် ကျပ်နှစ်ရာ သုံးရာတထောင်ဖြစ်ဖြစ် သူ့ဝိညာဥ်သုံးဖို့ပေးလိုက်ကြတယ်။
တချို့ကတော့ သေရင်
ငွေကိုဘီလီယံနဲ့ချီပြီး တမလွန်ကို ယူသွားချင်ကြတယ်။
လူသားတယောက်ရှိတယ် သိပ်ကိုထူးဆန်းတဲ့လူပါ
တမလွန်ကိုသွားတဲ့အခါ အာဏာကို ယူသွားချင်ကြတယ်။
ဒါပေမဲ့သူယူသွားနိုင်တာက မျက်ရည်တွေကိုသာ ယူသွားနိုင်ခဲ့တယ်။
မျက်ရည်တွေသာစကားပြောတတ်ခဲ့ရင်
သူ့ရဲ့တမလွန်ခရီးက ဝမ်းနည်းစရာ ကောင်းလိမ့်မယ်။
အရက်တိုက်ချင်တဲ့သူတောင်ရှိအုံးမလား
ယေရှုတောင် လက်ခံပါ့မလားဆိုတာ သူသိပါ့မလား။
ပြည်သူတွေကတော့ တမလွန်ခရီးကို သွားဖို့
လမ်းမပေါ် မျက်ရည်တွေ သွေးတွေ ချွေးစက်တွေ
ကြောက်ရွံ့မှုများစွာကျကာ ထွက်သွားခဲ့ကြတယ်။
တချို့ကတော့မောရှေရဲ့ ပညတ်တော်ဆယ်ပါးကို
ကျင့်ကြံပြီး ယေရှုနဲ့တွေ့နိုင်ဖို့ ကြိုးစားကြတယ်။
အပြစ်ကင်းဖို့သန့်စင်သွားအောင် ငွေမည်းနဲ့
သူ့စိတ်ကူးကို လျှော်တယ်။
ဒါဟာ တမလွန်မှာ အာဏာလိုချင်လို့ကြိုးစားတဲ့အကြောင်းကို
မြဝတီရုပ်သံ၊ မြန်မာ့အသံကနေ
သတင်းအဖြစ်ကြေညာခိုင်းသေးတယ်။
နောက်ဆုံးတော့လည်း ရုပ်သံချန်နယ်တွေက
မျက်ရည်တွေအကြောင်းပဲ သတင်းတင်ဆက်ကြတော့တယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar