မသီတာ (စမ်းချောင်း) - အာဏာလု ကျရှုံးအင်စတီကျူးရှင်းကို သင်ခန်းစာယူဖို့
မသီတာ (စမ်းချောင်း) - အာဏာလု ကျရှုံးအင်စတီကျူးရှင်းကို သင်ခန်းစာယူဖို့
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၂၂
တပ်မတော်ကသာ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ရှိရမယ်ဆိုတဲ့ အင်မတန်လွဲမှားတဲ့အတွေးအယူကြောင့် ဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ အလွန်အရှက်ရစရာ အကျည်းတန်ပုံရိပ်ကိုပဲ ရလိုက်ပါတယ်။ နိုင်ငံရေးအာဏာကို မဲဆန္ဒ ရှင်လူထုရဲ့ အလိုမတူဘဲ ရယူပြီးတဲ့နောက်မှာ နိုင်ငံကို ဦးဆောင်ခွင့်သဘော အခွင့်အလမ်းရလာတဲ့တိုင်အောင် ဘာအရေးအရာကိုမှ အောင်မြင်ထိရောက်အောင် မစွမ်းဆောင်နိုင်တာကိုလည်း လက်တွေ့မျက်မြင် ဖြစ်ရပါတယ်။
တကယ်တော့ အခုအချိန်မှာ အနစ်နာဆုံး အထိခိုက်ဆုံး အင်စတီကျူးရှင်းဟာ တပ်မတော်ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။ အင်စတီကျူးရှင်းတစ်ခုအတွက် အခြေခံလိုအပ်ချက်မှာ လူသား၊ လက်နက်ကိရိယာပစ္စည်းပစ္စယနဲ့ ငွေကြေးက အဓိက ကျပါတယ်။ တပ်မတော်ဟာ သမိုင်းတလျှောက် နိုင်ငံ့ဘဏ္ဍာကို အချိုးစားအများဆုံး ခွဲတမ်းရတဲ့ အင်စတီကျူးရှင်းသာ ဖြစ်ပါတယ်။ ဒီတော့ ငွေကြေးဆိုတဲ့ အခြေခံလိုအပ်ချက်အရာမှာ အတော်ပြည့်စုံနေတယ်လို့ ဆိုရမှာပေါ့။ ဒီပြည့်စုံမှုက လက်နက်ကိရိယာပစ္စည်းပစ္စယအရာမှာလည်း ကမ္ဘာ့အဆင့်မီ ဖြည့်တင်းနိုင်စေပါတယ်။ လူသားရင်းမြစ်အရာကိုကြည့်ရင်တော့ အရေအတွက်နဲ့ အရည်အချင်းကို ခွဲပြောရမှာပါ။
ခုတလော စီဒီအမ်တပ်မတော်သားတွေနဲ့ ဖမ်းမိစစ်သည်တွေဆီကကြားရတဲ့ တပ်သားသစ်စုဆောင်းရေးအနေအထားတွေကို နား ထောင်ကြည့်တဲ့အခါမှာတော့ ဘတ်ဂျက်လည်း အလုံအလောက်ရရဲ့သားနဲ့ တပ်မတော်ဆိုတာ ဘာလို့ အရည်အချင်းမဲ့ ကျင့်ဝတ်ပျက် စိတ်ဓာတ်ချို့ငဲ့နေတဲ့ အင်စတီကျူးရှင်းဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်းတွေကို တွေ့ရပါတယ်။ အလွယ်စကားပြောရရင် တပ်မတော်ဆိုတာ လူကုန်ကူးတဲ့နည်းနဲ့ တပ်သားစုဆောင်းပြီး နိုင်ငံရေးအာဏာကို ငါးမျှားစာအဖြစ် အသုံးချတဲ့နည်းနဲ့ တပ်အရာရှိတွေကို စုဆောင်းခဲ့တဲ့ အင်စတီကျူးရှင်း ဖြစ်နေတာပါပဲ။ ဒါ့အပြင် ကျင့်ဝတ်မဲ့ ဆိုးရွားတဲ့ အပြုအမူတွေအတွက် တာဝန်ခံစရာမလို လွတ်ငြိမ်းခွင့်ရ အောင်လုပ်ပေးထားတော့ ပညာမဲ့ ရာဇဝတ်သားတွေကို အခြေခံထားတဲ့ အင်စတီကျူးရှင်း ဖြစ်နေတော့တာပေါ့။ ဒီ့ထက် ပိုဆိုးတာကတော့ အင်စတီကျူးရှင်းကြီးတစ်ခုလုံးကို လွတ်လပ်စွာ တွေးမြင်ယူဆခွင့်နဲ့ ရေးသားပြောဆိုခွင့်ရယ်လို့ ဘာမှမရှိအောင် ပုံသွင်းထားခြင်းပါပဲ။ ဒါကြောင့် ဘယ်လိုပဲ စည်းစနစ်ကျတယ်လို့ပြောပြော ဒီမိုကရေစီနဲ့ ဘယ်လိုမှမနီးစပ်တဲ့ အင်စတီကျူးရှင်းသာ ဖြစ်လာတော့တာပါပဲ။
တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး နိုင်ငံတော်အာဏာကို ယူထားခဲ့တာဟာ မဟုတ်တာ လုပ်ထားတာလို့ ဝန်မခံတဲ့တိုင် လက်ရှိနိုင်ငံရေး၀င်္ကဘာထဲက ပြန်ထွက်နိုင်အောင် ထွက်ပေါက်အဖြစ် ‘ရွေးကောက်ပွဲ’ ကိုသာ သုံးရမယ်လို့ မြင်နေပြန်ရဲ့။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာ အာဏာသုံးရပ် ခွဲဝေကျင့်သုံးဖို့နဲ့ မဏ္ဍိုင်ငါးရပ်ကြား အပြန်အလှန် ထိန်းကျောင်းဖို့ ဆိုတာကို စစ်တပ်ဟာ ဘယ်တုန်း ကမှ မသိနားမလည် သဘောမပေါက်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူအုပ်ချုပ်တာကို လက်မခံတဲ့ ပြည်သူလူထုကို ‘ရွေးကောက်ပွဲ’ တစ်ခုအတွက် အဓိက အကျဆုံး ‘မဲဆန္ဒရှင်တွေ’ ရယ်လို့ မမြင်တဲ့တိုင် သူ့အာဏာတည်မြဲရေးအတွက် နောက်လိုအပ်ချက်တစ်ခုဖြစ်တဲ့ ‘တရားဝင်မှု - Legitimacy’ အတွက် အသုံးချစရာအဖြစ်တော့ မြင်တော့တာပါပဲ။
ဒီနေရာမှာ အံ့ဩဖို့ကောင်းတာကတော့ တခါတုန်းက ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့သူတချို့ကိုယ်တိုင်က အတိုက်အခံတွေအနေနဲ့ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးအတွေ့အကြုံကို တန်ဖိုးထားပြီး ထည့်တွက်ဖို့ ရွှေပြည်အေးစကားမျိုး ပြောလာတာပါပဲ။ အုပ်ချုပ်ရေးတတ်ရုံနဲ့ နိုင်ငံအာဏာကို ကျင့်သုံးကိုင်တွယ်တတ်ပြီ၊ နိုင်ငံကိုတိုးတက်အောင် လုပ်နိုင်လောက်ပြီလို့ တွေးတဲ့အတွေးအမြင်ဟာ အရပ်သားနိုင်ငံရေးသမားတွေမှာ ရှိနေပြီဆိုရင်တော့ စစ်တပ်ရဲ့သူသာလျှင် နိုင်ငံရေးဦးဆောင်ကဏ္ဍနဲ့ ထိုက်တန်တယ်ဆိုတဲ့ အမြင်မျိုးကို တိတ်တိတ်ကြိတ်ပြီး လက်ခံနေမိပြီလို့ ဆိုရမှာပဲ။
ဒီတော့ အရပ်ဖက်နိုင်ငံရေးသမားတွေအနေနဲ့ ‘ရွေးကောက်ပွဲ’ တစ်ခုကို ‘မဲသမာမှု’ ရှိလို့ဆိုပြီး ပယ်ဖျက်တာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ပျက်ကွက်မှုနဲ့ ‘မဲဆန္ဒရှင်လူထု’ကို စော်ကားမှုအဖြစ် မမြင်တော့ဘဲ ‘ရွေးကောက်ပွဲနောက်တစ်ခု’ လုပ်မှာကို အသာတကြည် လက်ခံလိုက်ကြဖို့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီဆိုရင်တော့ ဒါဟာ ဒီမိုကရေစီုလက်ခံတာမဟုတ်ဘဲ ‘အရင်ရွေးကောက်ပွဲတုန်းက ငါတို့ပါတီရှုံးခဲ့တာလေး အခုရွေးကောက်ပွဲအသစ်ကျရင် ပြန်ပြင်နိုင်လေမလား’ ဆိုတဲ့ ကြိတ်ပုန်းအတွေးမျိုးကို ကိုင်စွဲပြီး အာဏာဝေစု အချောင်ရဖို့ ကြံတာသာ ဖြစ်မှာပါ။
ဒါကြောင့် ‘ရွေးကောက်ပွဲတစ်ခု’ အထမြောက်ဖို့ ဝင်အရွေးခံမယ့် ပါတီ/ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်လူထုရယ်လို့ အရေးကြီးတဲ့ အစိတ်အပိုင်းနှစ်ခု ရှိရာမှာ နှစ်ခုစလုံး အရေးကြီးလှပါတယ်။ ဒီနှစ်ခုစလုံးရဲ့ လုံလောက်တဲ့ပူးပေါင်းမှုမရှိဘဲ ဘယ်ရွေးကောက်ပွဲမှ အထမမြောက်နိုင်ပါဘူး။ ဒီနေရာမှာ ကိုယ့်နေရာ ကိုယ်သေချာသိတဲ့ လူထုကတော့ ၂၀၂၃ ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သဘောပေါက်ပြီးသားလို့ ယူဆပါတယ်။ ကျန်တဲ့အစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံရေးပါတီတချို့ကိုတော့ မမှန်းဆနိုင်ပါ။ သူတို့က သူတို့နေရာကို စစ်တပ်နောက်လိုက်လောက် ခံယူတတ်ကြတာကိုး။
အဲဒီလိုပါပဲ။ စစ်တပ်အနေနဲ့ အာဏာကို ကျင့်သုံးခွင့်ရတဲ့တိုင်၊ နိုင်ငံရေးမှာ ဦးဆောင်ခွင့်ရတဲ့တိုင် အထမမြောက် မအောင်မြင်ဘူးဆိုရင်တော့ ဘယ်တုန်းကမှ မဖြည့်ဆည်းနိုင်ခဲ့တဲ့ ကိုယ့်လူသားရင်းမြစ် တပ်အရာရှိ-တပ်သားစစ်သည်များရဲ့ စစ်ရေးစွမ်းအင်၊ အုပ်ချုပ်ရေးစွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုသာ အပြစ်မြင်ဖို့ပဲ ရှိပါမယ်။ တနည်းအားဖြင့် အာဏာလု ကျရှုံးအင်စတီကျူးရှင်းကြီးဘဝကို ဖာသာမြင်အောင်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်နေရာ ကိုယ် သေချာမသိတဲ့၊ ကိုယ့်ဖာသာ အရည်အသွေး ပြည့်ဝအောင် မဖြည့်ဆည်းနိုင်တဲ့ အင်စတီကျူးရှင်းတိုင်းဟာ အာဏာတွေ လုပ်ပိုင်ခွင့်တွေ ဘယ်လိုရရ မအောင်မြင်နိုင်ဘူးဆိုတဲ့ သင်ခန်းစာကို မျက်ဝါးထင်ထင် တွေ့ရတာမို့ ကျန်အင်စတီကျူးရှင်းအသီးသီးအနေနဲ့လည်း ဆင်ခြင်နိုင်ကြဖို့ပါပဲ။
တော်လှန်ရေး မုချ အောင်ရမည်။
မသီတာ (စမ်းချောင်း) လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူဖော်ပြသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar