Breaking News

ကိုအောင်မှိုင်း - လွမ်းစေမင်း

ကိုအောင်မှိုင်း - လွမ်းစေမင်း

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၃


အပြုံးမျက်နှာ၊ လရောင်မှာပင်

ကြည်သာချမ်းမြေ့၊ ရုတ်ခြည်းတွေ့လဲ

ကြာချည်မြဲခိုင်၊ သက်ဆုံးတိုင်ထိ

ချည်နှောင်မိထား၊ ချစ်တံတားသို့

ချစ်မြားပိုင်ရှင်၊ ချစ်သခင်ကို

မြဲလျှင်ထုရ၊ ပန်းပုလှသွယ်

ပန်းစုနွယ်ယှက်၊ ပါးပြင်ထက်က

အနမ်းပန်းတို့ လွမ်းရစ်မင်း။


ချစ်သူမျက်ဝန်း၊ ရွှန်းလဲ့သံစဥ်

အလွမ်းဘဝင်၊ ကြည်လင်တေးလှ

လွမ်းတသသ၊ ရင်နဲ့အမျှ

အနမ်းလှလှ၊ ကြည်နူးစွတေး

တေးရေးဆရာ၊ ဝေ့ကာဝိုက်ကာ

ကွေ့ကာကောက်ကာ၊ မြစ်တစင်းပမာ

တူရိယာသဏ္ဌာန်၊ အနမ်းဟန်က

မိုးသို့ကြွမည့် ကြယ်စင်မင်း။


ဗေဒါက ရေပြာ မြစ်ပြင်မှာမျော

ရေစီးသာသာ ညိမ့်ညောင်းစွာတိ

မြစ်ပြင်ကျယ် လေအဟုန်ပြင်း

လေဆင်းကလာ လေညာမှာယိမ်း

ဘယ် ညာ တိမ်းလို့ လေစိမ်းကိုတု

မာန်ဟုန်ပြုခဲ့ ကလျာနုသက်ပန်

အလွမ်းဆံလှ ချစ်မဝခဲ့

ချစ်ခြင်းငယ်ရှာ လွမ်းအောင်ဖန်တေး

ချစ်ခြင်းတွေတွေး သီချင်းတွေရေး

နှုတ်ဆက်ဖို့ ကြုံ အလွမ်းဘုံမှာ

ငယ်ကျွမ်းဆွေ အလွမ်းတွေဝေ

ပန်းတွေကြွေရင်း တမ်းစေမင်း။


တွေ့ကြုံဆုံကွဲ ဒီဇာတ်ပွဲမှာ

နွှဲခဲ့အတိတ် အရိပ်ပမာ

ထင်ဟပ်လာသည့် အိပ်မက်ဆုံရာ

အလွမ်းဆုံရာ ပန်းဖူးချိန်အား

ပြည်ဖုံးကားချ နှုတ်ဆက်မရ

ကံဇာတ်ဆရာ စီရင်ခြင်းငှာ

မာန်ကိုတင်းစစ်ခင်း လွမ်းစေမင်း။


(လွမ်းရသူများအတွက်)

ကိုအောင်မှိုင်း



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar