Breaking News

CDM တွေကို ဆက်တိုက် ဖမ်းဆီးလာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှု၊ နှစ်တရာကျော် သက်တမ်းရှိ ကက်သလစ် ဘုရားကျောင်း မီးရှို့ခံရ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၆ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၇၊  ၂၀၂၃


CDM တွေကို ဆက်တိုက် ဖမ်းဆီးလာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှု၊ နှစ်တရာကျော် သက်တမ်းရှိ ကက်သလစ် ဘုရားကျောင်း မီးရှို့ခံရ

ခုလပိုင်းတွေမှာ CDM လုပ်ထားတဲ့ ဆရာဝန် အများအပြား နဲ့ အခြားသော အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ် မလုပ်ကိုင်နိုင်အောင် မြို့ကြီးအချို့မှာ စောင့်ကြည့်တာ လုပ်ငန်းရှင်တွေကို ဖိအားပေးတာ၊ ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့ သတင်းတွေကြားသိနေရပါတယ်။ 

ယခင်လ နှောင်းပိုင်းက မန္တလေးမြို့မှာ အထူးကုဆရာဝန်ကြီးတဦး ပုဂ္ဂလိကဆေးရုံမှာ ကုသမှုပေးနေစဥ် လူနာအသွင်ဆောင်ပြီး လာရောက်ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် သတင်းတွေထဲ ပါရှိခဲ့ပါတယ်။ အဲဒီဆရာဝန်ကြီး ထိုင်တဲ့ ပုဂ္ဂလိကဆေးရုံကိုလည်း ပိတ်ဖို့ ညွှန်ကြားခဲ့သလို အခြားပုဂ္ဂလိက ဆေးရုံအချို့ပါ ပိတ်သိမ်းဖို့အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ဖြစ်ပွားနေတာဟာ မန္တလေး မြို့တမြို့ထဲမဟုတ်ပဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရန်ကုန်၊ ရှမ်းပြည်နယ်တောင်ပိုင်း စတဲ့မြို့တွေမှာလည်း CDM လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပုဂ္ဂလိက ဆေးရုံမှာ အလုပ်လုပ်နေခြင်း ရှိ၊ မရှိကို အရပ်ဝတ် ရဲနဲ့ ထောက်လှမ်းရေးစောင့်ကြည့်နေပြီး လူမသိ သူမသိ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မြို့နယ်အချို့မှာ ဆရာဝန်တချို့ကို CDM ဆရာဝန် ဟုတ်၊ မဟုတ် ခေါ်ယူမေးမြန်းတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

CDM  လှုပ်ရှားမှုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးတဲ့ အရာမဟုတ်တော့ ပေမယ့် စစ်ကောင်စီ အနေနဲ့ မြို့တွေမှာ ၄င်းတို့ရဲ့ အုပ်ချုပ်မှုအာဏာကို ပိုပြီးခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တခုအဖြစ် ယူဆရပြီး မြို့ပေါ်က လူထုကို အကြောက်တရားနဲ့ ကျိုးနွံလာအောင် ကြိုးစားမှုတခုလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက စတင်လိုက်တာလို့ ဆိုနိုင်တဲ့ CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ဆေးရုံတွေကို ကောင်းမွန်စွာ ပြန်လည် မလည်ပတ်နိုင်သေးတဲ့ အခြေအနေကလည်း အကြောင်းတချက် ပါနိုင်သလို အဓိကအချက်ကတော့ မြို့တွေမှာ ၄င်းတို့ ပြန်လည်ချုပ်ကိုင် နိုင်ပြီး အာဏာစက်ကို ကောင်းစွာ ဖြန့်ကျက်နိုင်ပြီဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်။ 

CDM ဝန်ထမ်းတွေထဲ မိမိတို့ကျွမ်းကျင်တဲ့ အတတ်ပညာ ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကျောင်းနိုင် ရပ်တည်နိုင်တာဟာ ဆရာဝန်တွေ ၊ သူနာပြုတွေ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတွေ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလောက်  အတတ်ပညာနဲ့ အလုပ်အကိုင် ရဖို့မလွယ်ကူပါဘူး။ CDM လှုပ်ရှားမှုဟာ လက်ရှိအချိန်မှာ မြို့တွေမှာ အဓိကအဆုံးအဖြတ်ဖြစ်တဲ့ လှုပ်ရှားမှုတခု မဟုတ်တော့ပေမယ့် စစ်ကောင်စီကို အာခံတဲ့ အရှုံးမပေးတဲ့ လက္ခဏာတရပ်အဖြစ် ပြယုဂ်တခုအဖြစ်တော့ အရေးပါတယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာက ရှေးဟောင်း ကက်သလစ် ဘုရားကျောင်း တကျောင်းကို စစ်ကောင်စီတပ်တွေက ခုရက်ပိုင်းမှာ မီးရှို့လိုက်တဲ့ သတင်းဖြစ်ပါတယ်။ 

မြန်မာဘုရင်တွေခေတ်က ကျန်ရစ်ခဲ့တဲ့ ပေါ်တူဂီအဆက်အနွယ်တွေ နေထိုင်ကြတဲ့ ကျေးရွာအချို့ စစ်ကိုင်းတိုင်းထဲက ရေဦး တန့်ဆည်မြို့နယ်တွေထဲမှာ ရှိနေကြတာဖြစ်ပြီး ဒီကျေးရွာတွေက ဘုရားကျောင်း အဆောက်အဦတွေဟာ သမိုင်းအမွေအနှစ်အရလည်း တန်ဖိုးရှိတဲ့ အဆောက်အဦတွေ၊ ကိုးကွယ်ရာ ဘာသာမတူပေမယ့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ကြတဲ့ သာဓကအဖြစ်ပါ တန်ဖိုးရှိတဲ့ ဘုရားကျောင်း အဆောက်အဦနဲ့ ဒေသခံတွေဟာလည်း စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီ ဆန့်ကျင်တဲ့အဖွဲ့တွေကို ချေမှုန်း နှိမ်နှင်းရေးမှာ ချွင်းချက်အဖြစ် ရှိမနေဘဲ မီးရှို့ ဖျက်ဆီးခံရ၊ သတ်ဖြတ်ခံကြရတာ ဖြစ်ပါတယ်။ 

ဒီဒေသမှာမွေးဖွားပြီး ကက်သလစ်ဘာသာ ဘုန်းတော်ကြီးတပါးဖြစ်တဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဇာတိကျေးရွာ မုံလှရွာဆိုရင်လည်းပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက် ဖျက်ဆီးခံရသလို ကျေးရွာသားတွေထဲကလည်း သတ်ဖြတ်ခံရမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံရေး စစ်ရေး ဖြစ်ရပ်သက်သက်သာ မဟုတ်တော့ဘဲ စစ်ကောင်စီက ဘာသာရေးကိုပါ ရည်ရွယ်ဖိနှိပ်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေအဖြစ် နိုင်ငံတကာက ရှုမြင်ကြလိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar