ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (အပိုင်း ၁)
ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ
(မိုးမခ) ဇန်နဝါရီ ၂၈ ၊ ၂၀၂၃
အပိုင်း ၁
ရှင်းရှင်းပြောမှဖြစ်တော့မှာမို့ ရှင်းရှင်းပဲ ပြောပါရစေ။ အကြမ်းဖက်စစ်အုပ်စုက ဘယ်တုန်းကမှ ဥပဒေ ဆိုတာကို ခေါင်းထဲထည့်ခဲ့တဲ့သမိုင်း မရှိခဲ့ပါဘူး။ ၁၉၅၈ ခုနှစ်ကတည်းက စစ်အုပ်စုဟာ တိုင်းပြည်အာဏာကို လုယက်ယူငင်ဖို့ ကောက်ကောက်ကျစ်ကျစ် အမျိုးမျိုး ကြံစည်ခဲ့တာ ထင်ရှားတယ်လို့ ပြောပါရစေ။ အတိအကျ အခိုင်အမာပြောရရင် လွတ်လပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်အုပ်စုက အစီအစဥ်ရှိရှိ နိုင်ငံတော်အာဏာကို လက်ဝယ်ရရှိဖို့ ကြိုးစားနေတာကို အဲဒီကာလ နိုင်ငံရေးသမား ဆိုသူတွေကိုယ်တိုင်က သိသိကြီးနဲ့ မဟန့်တားကြဘဲ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ပါတီအကျိုးစီးပွါးအတွက် လျစ်လျူရှုခဲ့ကြသလို အားပေးပေါင်းသင်လုပ်ခဲ့သူတချို့ ပါရှိခဲ့တာ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ၁၉၅၈ အိမ်စောင့်အစိုးရဆိုတာ စစ်တပ်ရဲ့ ကနဦးအာဏာသိမ်းမှု ကို အစမ်းလေ့ကျင့်တာလို့ ပြောရမှာဖြစ်ပါတယ်။ နိုင်ငံရေးသမား ဆိုသူတွေလည်း နောင်တတွေကိုယ်စီ နဲ့ ဇာတ်သိမ်းမလှကြတာကတော့ သမိုင်းမှာ အထင်အရှားပဲ မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်တပ်ကို မျက်နှာလိုမျက်နှာရလုပ်ပြီး တိုင်းပြည်အုပ်ချုပ်မယ်လို့ ကြံရွယ်တဲ့သူတွေအတွက် သမိုင်းသင်ခန်းစာကလည်း မဝေးလှတဲ့သမိုင်းမှာ အထင်အရှား မြင်ကြရပြီးလည်း ဖြစ်ပါတယ်။ ပြောချင်တာက ဘယ်ကျားမှ ဥပုသ်စောင့်လေ့ မရှိတတ်တာကတော့ ကျနော်တို့ရခဲ့တဲ့ သင်ခန်းစာကြီးကြီးလို့ပဲ ပြောကြရတော့မှာပါ။
ပြည်တွင်းစစ် ဘာကြောင့်ဖြစ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ အမြင်ကတော့ ဖောက်ပြန်တဲ့ အုပ်စိုးသူ လူတန်းစားတွေရဲ့ ဒီမိုကရေစီ အနှစ်သာရ၊ ဖက်ဒရယ်အနှစ်သာရတွေ ဖြစ်တဲ့ ပင်လုံကတိကဝတ်တွေကို ရိုက်ချိုးဖျက်ဆီးလိုက်တာကြောင့် ဆိုတဲ့ သုံးသပ်ချက်တွေအပေါ် ကျနော် လက်ခံ သဘောတူပါတယ်။ ဒီသုံးသပ်ချက်ကို ဗမာပြည် လက်တွေ့သမိုင်းအရလဲ ထင်ထင်ရှားရှား မြင်ရမှာဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်ကြီးကပဲ စစ်အုပ်စုကို လူရာဝင်လာစေသလို စစ်အာဏာရှင်စနစ်ကို မွေးဖွားပေးလိုက်တာလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာြဖစ်ပါတယ်။ ကိုယ့်ပါတီ ကိုယ့်အဖွဲ့အစည်း အာဏာရရေးအတွက် စစ်တပ်ကို မျက်နှာသာပေးတာတွေ ချော့မြှူတာတွေ လုပ်ခဲ့ကြတဲ့ အတွေးအခေါ်အရ စုတ်ပြတ်သတ်နေတဲ့ နိုင်ငံရေးအရေခြုံတွေကြောင့် ဆိုတာ ထင်ရှားပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကိုရဖို့ လစ်ရင်လစ်သလို အကွက်ချ ဆောင်ရွက်မှုတွေကို ရှေးမဆွကဘဲ ကြံစည်နေကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် ပြောချင်တာက ၁၉၅၅ ခုနှစ်ထဲမှာ ဖဆပလ အစိုးရ ဖော်ဆောင်လိုက်တာကတော့ "ပျူစောထီး’ စီမံကိန်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း လက်နက်ကိုင် အင်အားစုတွေကို စစ်တပ်ရဲ့ အပြုတ်တိုက်ရေးစီမံကိန်းမှာ စစ်တပ်ကို အကူအညီပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်၊ အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဦးနု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားကာကွယ်ရေးကောင်စီ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ လက်တွေ့ကတော့ စက်တင်ဘာလ ၁၄ ရက် မင်္ဂလာဒုံမှာ ကျင်းပတဲ့ စစ်တပ် ညီလာခံမှာကတည်းက စစ်တပ်က ပျူစောထီးဖွဲ့စည်းဖို့ ပြင်ဆင်ပြီးဖြစ်ပါတယ်။
၁၉၅၅ ခုနှစ် နိုဝင်ဘာလမှာ သောင်းကျန်းသူ ကာကွယ်ရေးဆိုပြီး စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးဘက်တွေ စုပေါင်းပြီး ပျူစောထီးစစ်ဆင်ရေး ဆိုတာကြီးကို လုပ်ခဲ့ကြတော့တာပါပဲ။ ဒါကို အတိုက်အခံ အင်အားစုတွေက ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ပေမဲ့ ဖဆပလ အစိုးရက လုပ်ဖြစ်အောင် လုပ်ခဲ့ကြတာပါ။
အဲဒီအချိန်ကစပြီး ဒေသအသီးသီးမှာ အကြမ်းဖက် တရားဝင်လက်နက်ကိုင် ရမ်းကားမှုတွေကို အကြီးအကျယ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတိုင်းမှာလည်း စစ်တပ် အလိုကျ လူထုအပေါ် ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ် ဓားပြတိုက် စတဲ့ ရာဇဝတ်မှုတွေလုပ်ခဲ့တာ အထင်အရှား တွေ့ရတယ်။
ပျူစောထီး ဆိုတာ ၁၉၅၁ - ၅၂ ရွေးကောက်ပွဲတုန်းက သောင်းကျန်းရမ်းကားခဲ့ကြတဲ့ (နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့) ပြောက်ကျားဝန်ထမ်း ကာကွယ်ရေး ဆိုတဲ့ ခါးပိုက်ဆောင်တပ်တွေကို နာမည်ပြောင်းပြီး ပျူစောထီး နာမည်ပေး ဖွဲ့စည်းလိုက်တာဖြစ်လို့ ရာဇဝတ်သားတွေ အများစုဖြစ်ကြတာ တွေ့ရပါတယ်။
စစ်အုပ်စုဟာ ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်တပ်ကို အကြီးအကျယ် တိုးချဲ့နေသလို လက်နက်ဝယ်ယူတပ်ဆင်မှုတွေလည်း တဘက်က အကြီးအကျယ်လုပ်တာ တွေ့ ရမှာဖြစ်ပါတယ်။
ကျနော် ပြောချင်တာက ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်တဲ့အခါ ဖဆပလ နဲ့ ပမညတ ဆိုတဲ့ အတိုက်အခံ နိုင်ငံရေးတပ်ပေါင်းစုတို့ အကြိတ်အနယ် ယှင်ပြိုင်ကြပါတယ်။ ပမညတ ဟာ ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပေါ်ထွက်လာြပီး အဖွဲ့အစည်း ၁၀ ခုကို စုဖွဲ့ခဲ့တာလို့ သိရပါတယ်။ ပမညတ က ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့အတွက် လူထုအနေနဲ့ အတော်ထောက်ခံမှုရခဲ့တယ်လို့ သိရပါတယ်။ ဦးနုရဲ့ ‘ပြည်တော်သာစီမံကိန်း’ ၁၉၅၅ ခုနှစ်မှာပဲ ရေစုန်မျောသွားရသလို “ဖဆပလ ကြီး အနှစ် ၄၀ အာဏာတည်စေရမယ်”ဆိုတာ လူထုစိတ်ဝင်စားမှု နည်းခဲ့ပါတယ်။
ပမညတကို မြေပေါ်ကွန်မြူပါတီလို့ စွပ်စွဲပြီး ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေက နယ်တွေမှာ ဖဆပလ ဘက်က ယုတ်ယုတ်မာမာတွေ လုပ်ခဲ့ကြတာ သက်သေအထောက်အထားတွေ အခိုင်အမာရှိခဲ့ပါတယ်။ ပမညတ မဲရုံမှုးကို ကွန်မြူနစ်နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးကာ ဖဆပလ မဲရုံမှုးကို မဲပြားတွေ လုပ်ချင်သလိုလုပ်ခွင့်ပေးတဲ့အထိ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပမညတ ရဲဘော်တွေကို နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်တာတွေအထိ လုပ်ခဲ့ကြပါတယ်။ စစ်တပ်က ၁၉၅၆ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံရေးအာဏာနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်မှု တချိူ့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး ဩဂုတ်လမှာ ဗိုလ်နေဝင်း အမိန့်အရ ပညာရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုးရုံး ဆိုတာကို စစ်တပ်ထဲမှာ ဌာနအသစ်ဖွင့်ပြီး ကျနော်တို့ကို တလျှောက်လုံး ထည့်ခဲ့တဲ့ ဂျင်းတွေကို စိတ်ဓာတ်စစ်ဆင်ရေးက စတင်ဖြန့်ချိပါတော့တယ်။ ဒီဌာနမှာ စစ်ဗိုလ်တွေနဲ့အတူ ဗကပ ပျက်တွေ၊ ဖဆပလပျက်တွေ၊ ဆိုရှယ်လစ်ပျက်တွေ စသဖြင့် လူပျက်တွေကို ဗိုလ်အောင်ကြီးကိုယ်တိုင် ဦးစီးဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အရပ်ပျက် သဘောတရားတွေ ဖြစ်တဲ့ ဆိုရှယ်လစ်တုသဘောတရားတချို့ကို စတင်လှုံ့ဆော်နေတာကိုလည်း အခိုင်အမာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်လို့ ခေါ်တဲ့ မဆလပါတီရဲ့ နိဒါန်းတွေ ဖြစ်သလို ၁၉၅၈ ခုနှစ် စစ်တပ်အာဏာသိမ်းဘို့ စောစီးစွာပြင်ဆင်မှုတွေလို့ ပြောရမှာပါ။
ဖဆပလ ဟာ ဦးနုရဲ့ မေလ ၆ ရက်မှာ ပြောခဲ့တဲ့ မိန့်ခွန်းအရ ‘ဖဆပလ ကြီးကို တစည်းတလုံးတည်း မထိန်းနိုင်တော့ပါ။ ဖွတ်မရ ဓားမ ဆုံးအဖြစ် မခံနိုင်၍ ခွဲကြရပါသည်" ဆိုပြီး ဖဆပလ သန့်ရှင်း ( နု- တင် ) နဲ့ ဖဆပလ တည်မြဲ (ဆွေငြိမ်း) တို့ အတိအလင်းကွဲခဲ့ကြပြီး နှစ်ဖက်လုံးက ဗိုလ်နေဝင်းနဲ့ ပလူးပလဲလုပ်တာတွေ အလုအယက်လို ဖြစ်လာကြပါတော့တယ်။ ပြောရရင် တောမဆုံးပေါင်ကိစ္စတွေ ဖြစ်ပါတယ်။ အာဏာကို ကျားချောင်းချောင်းနေတဲ့ စစ်တပ်ကို အပေးအယူလုပ် အုပ်ချုပ်ဖို့ လုပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေအတွက် သင်ခန်းစာကတော့ အခုကာလအထိပါပဲ။
ပြောရရင်တော့ဗျာ စစ်တပ်က အာဏာသိမ်းမယ်ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သန့်ရှင်းဖဆပလ အမတ်တွေ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးအောင်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်တဲ့ ဗိုလ်မင်းခေါင်တို့ သိကြပါတယ်။ စစ်တပ်ကို ခံချဖို့ စစ်ရဲတပ်တွေကို စီစဥ်ခဲ့ကြပုံရပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂၆ ရက်မှာ မနက် ၉ နာရီမှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေ တို့ ၃ ဦး ဝန်ကြီးချုပ် အိမ်ကို ရောက်လာပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာ ဒုဝန်ကြီးချုပ်ဖြစ်တဲ့ သခင်တင်၊ ဗိုလ်မင်းခေါင်၊ ဦးတင်မောင်တို့ အတူရှိနေတယ်လို့ သိရပါတယ်။
ဦးနုက “အာဏာမသိမ်းကြနဲ့၊ တပ်ရော တိုင်းပြည်ရော နာမည်ပျက်မယ်၊ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ စစ်တပ်က ကတိပေးရင် စစ်တပ်ကို အာဏာလွှဲပေးမယ်။ ဒီလို အာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကို ခေါ်လိုက်မယ်။ ဝန်ကြီးချုပ် ရာထူးကထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်အောင် အဆိုတင်ပေးပါမယ်" လို့ဆိုပြီး ဗိုလ်နေဝင်းဆီကို စာရေးတယ်။
ဗိုလ်နေဝင်းက သဘောတူလို့ စက်တင်ဘာ ၂၆ ရက်နေ့ ညမှာ ဦးနုမှ ဗိုလ်နေဝင်းထံ အာဏာလွှဲရတာကို ပလီပလာ မိန့်ခွန်း မြန့်မာ့အသံက ထုတ်လွှင့်ပါတယ်။ လူထုရွေးကောက်ပွဲကို စစ်တပ်က ပထမဆုံးအကြိမ် မုဒိမ်းကျင့်လိုက်တဲ့ ရာဇဝတ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရေးရချင်း ဖြစ်ပါတယ်။ ဒီစစ်တပ် အာဏာသိမ်းမှုကို သန့်ရှင်းဖဆပလရော တည်မြဲဖဆပလရော ပလီပလာစကားတွေနဲ့ ကြိုဆိုထောက်ခံနေကြပေမဲ့ ပမညတနဲ့ ကျောင်းသားသမဂ္ဂတွေကတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြတာ တွေ့ရပါတယ်။
ကိုအောင်မှိုင်း
(ကိုးကား ၁။ ဦးနု ရေး၊ တာတေစနေသား၊ ၂။ ဆရာဝင်းတင့်ထွန်း အမှောင်ကြားက ဗမာပြည်၊ ၃။ ပင်လုံလမ်းကို ပြန်လည်လျှောက်လှမ်းခြင်း ခွန်းမာတ်ရ်ကိုဘန်း ဆလိုင်းကစ်(ပ်) ခိုလျန် ဦးအောင်စောဦး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar