Breaking News

စစ်အာဏာသိမ်းပြီးနောက် သိသာစွာ ပျက်စီးလာတဲ့ နယ်ပယ်များ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၉၊  ၂၀၂၃


စစ်အာဏာသိမ်းပြီးနောက် သိသာစွာ ပျက်စီးလာတဲ့ နယ်ပယ်များ

စစ်အာဏာသိမ်းမှု ဖြစ်ပွားတာ ၂ နှစ်ပြည့်ဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့ အချိန်ကာလမှာ ၂ နှစ် အလွန်ကို နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ နိုင်ငံရေး အဖြစ်အပျက်တွေအပြင် လူမှုစီးပွားနယ်ပယ်နဲ့ အခြားသော နယ်ပယ်တွေမှာ ဆုံးရှုံးမှုတွေက အများအပြားရှိနေတာ တွေ့ရပါတယ်။ 

နိုင်ငံရေး အရ ရွေးကောက်ခံရတဲ့ အစိုးရတရပ်ကို လက်နက်ကိုင် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးနယ်ပယ်ဘက်မှာ  အုပ်ချုပ်မှုတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ပျောက်ဆုံးသွားသလိုပဲ အခြားသော အရပ်ဘက်ဌာနတွေ ဖြစ်တဲ့ ဌာနဆိုင်ရာတွေမှာလည်း တာဝန်ခံမှု ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

အခွန်ဌာန၊ စည်ပင်သာယာ၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ ကုမ္ပဏီလိုင်စင်တွေ၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ အလုပ်သမား အခွင့်အရေး၊ လာဘ်စားမှု လျော့နည်းရေး အစရှိတဲ့ နယ်ပယ်တွေမှာ ဆုံးရှုံးပျက်စီးသွားတဲ့ ပမာဏတွေ၊ အတိုင်းအတာတွေက တိုင်းတာ မှတ်တမ်းတင်ဖို့ မလွယ်ကူလောက်အောင် များပြားလှတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာ၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေ၊ မြစ်ကြီးနားတို့လို မြို့တွေမှာ လုယက်မှုတွေ သတ်ဖြတ်မှုတွေ ဓားပြတိုက်မှုတွေဖြစ်ပွားနေပေမယ့် ဘယ်သူ့ကိုမှ တာဝန်ခံဖို့ အပြစ်တင် တောင်းဆိုလို့မရတဲ့ အနေအထားလို ဖြစ်နေပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့တွေလို မြို့ကြီးတွေမှာ ဆိုင်ကယ်လုတာ၊ ရွှေဆိုင်လုတာ၊ ဘဏ်ဓားပြတိုက်တာ၊ နေအိမ်ထဲဝင်ပြီး သတ်ဖြတ်သွားတာတွေက မကြာခဏ ဖြစ်ပျက်နေပြီး ၁၀ ကြိမ်လောက် ဖြစ်ပွားခဲ့ရင် ၁ ကြိမ်လောက်သာ ဖမ်းမိတာမျိုး ကြားရလေ့ရှိပြီး ကျန်တဲ့ ၉ ကြိမ်လောက်က ဖမ်းဆီးနိုင်ခြင်း မရှိပါဘူး။

၂ နှစ်အတွင်း အခုလို အခြေအနေမျိုးရောက်ရှိသွားခဲ့ပြီး တိုင်းပြည်ပျက်တဲ့အနေအထား မဟုတ်ပေမယ့် တရားဥပဒေ မစိုးမိုးတော့တဲ့ အနေအထားဖြစ်ပြီး ဒီမြို့ကြီးတွေမှာ စစ်ဖြစ်နေတာမျိုးမဟုတ်ပေမယ့် အုပ်ချုပ်တယ်ဆိုတဲ့ စစ်ကောင်စီက လူထုကို အကာအကွယ် မပေးနိုင်တော့တာ ဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာ လူထုအနေနဲ့ စစ်ဖြစ်ပွားနေလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် ကျေးရွာတွေက လူထုထက် ကံကောင်းပေမယ့်လည်း ဘယ်သူမဆို တနေ့မဟုတ်တနေ့ လုယက်ခံရတာ၊ သတ်ဖြတ်ခံရတာ ခံရနိုင်တယ်ဆိုတာမျိုး လက်ခံပြီး နေထိုင်ကြရတဲ့ အခြေအနေဖြစ်ပါတယ်။ 

နောက်နယ်ပယ် တခုဖြစ်တဲ့ ပညာရေးနယ်ပယ်မှာလည်း ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတွေ သန်းနဲ့ချီရှိနေပြီး ပညာသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေလည်း သင်ကြားပေးမှုကို လုပ်နိုင်တဲ့ အခြေအနေမရှိတာ၊ လက်ခံယူမယ့်သူတွေက နိုင်ငံရေး ပဋိပက္ခအခက်အခဲ အကျပ်အတည်းမှာ ပါဝင်ပတ်သက်နေကြရတာကြောင့် သင်ကြားခွင့်၊ သင်ယူခွင့်၊ သင်ယူနိုင်မယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေ ဆုံးရှုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ 

ပညာသင်ကြားခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးသွားကြရတာနဲ့ပတ်သက်လို့ နိုင်ငံရေးရှုထောင့်ကကြည့်တဲ့သူ ပညာရေးနဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးသွားခြင်းနဲ့ အနာဂတ်အကျိုးဆက် ဆိုတဲ့ ရှုထောင့်ကြ၊ ကြည့်သူတို့အကြား အယူအဆ မတူညီကြတာ ရှိနိုင်ပေမယ့် လက်တွေ့မြေပြင်အခြေအနေက သင်ယူဖို့ မသင်ယူဖို့ ဆန္ဒပိုင်းဆိုင်ရာအပြင် သင်ယူချင်တောင်မှ သင်ယူနိုင်တဲ့ အခြေအနေ မရှိသူတွေ၊ စစ်ပွဲဧရိယာထဲ ကျရောက်တဲ့ ဒေသတွေ ပိုမိုများပြားလာနေတာလည်း ဖြစ်ပါတယ်။ 

တတိယ နယ်ပယ်တခုကတော့ ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ပထမဆုံးအရှိန်အဟုန်နဲ့ စတင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း အထူးသဖြင့် ဆရာဝန်တွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုက အခြားသော ဌာနဆိုင်ရာတွေကို ပျံ့နှံ့စေခဲ့ပြီး အများပြည်သူ ကုသနိုင်တဲ့ ဆေးရုံတွေ လုံးဝ မရပ်တန့်ရုံတမယ် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေမျိုးမှာတောင် ကုသမှုရဖို့ ခက်ခဲတဲ့ ဒေသတွေ၊ ဆေးရုံတွေ အများအပြားရှိခဲ့သလို အခုအချိန်ထိလည်း ဆေးရုံတိုင်း မလည်ပတ်နိုင်သေးတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ CDM လုပ်သူ ဆရာဝန်တွေကို နှိပ်ကွပ်ဖမ်းဆီးမှု၊ အသက်မွေးမှုမလုပ်နိုင်အောင် လိုင်စင်သိမ်း၊ ပြင်ပပုဂ္ဂလိက ဆေးရုံတွေမှာ လုပ်ပိုင်ခွင့်မရအောင် ပိတ်ဆို့တာ၊ တားမြစ်တာ၊ လက်ခံတဲ့ ဆေးရုံကို ပိတ်စေတာတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ဆေးရုံတွေ မလည်ပတ်နိုင်ချိန်မှာ ကိုဗစ်ကပ်ဘေးရဲ့ အဆိုးဆုံး ကူးစက်မှု သေဆုံးစေနိုင်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲ ဒဲလ်တာ ကူးစက်ပျံ့နှံ့တာနဲ့ ကြုံကြရတဲ့အချိန် တိုက်ဆိုင်နေခဲ့ကာ မြန်မာနိုင်ငံမှာ အဆိုပါ ၂၀၂၁ ခု ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လအတွင်း လူသောင်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ကြတဲ့ စိတ်မကောင်းစရာ အကောင်းဆုံးကာလတခုကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်။ 

လူ့လောကအတွက် တန်ဖိုးထားရတဲ့ အသိပညာ အတတ်ပညာရှင်တွေ၊ သာမန် လူထုတွေထဲက အသက်အရွယ် ကြီးရင့်သူတွေ၊ လူလတ်ပိုင်း စသဖြင့် အလွှာမျိုးစုံက လူသောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ကာလရဲ့ အဆုံးအရှုံးကို ဘယ်လိုမှ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍သာ စစ်အာဏာသိမ်းမှု မရှိခဲ့ရင် ဒီကူးစက်ကပ်ဘေးကို စည်းလုံးစွာနဲ့ ခုခံတိုက်ခိုက်နိုင်ကြမှာဖြစ်ပြီး အခုလို သောင်းဂဏန်းနဲ့ သေဆုံးမယ့် အခြေအနေကို အတိုင်းအတာတခုထိ လျှော့ချနိုင်လိမ့်မယ် လို့ ယူဆပါတယ်။ 

ကျန်းမာရေး၊ ပညာရေး နယ်ပယ် အပြင် ဆုံးရှုံးသွားတဲ့ အခြားသော နယ်ပယ်တခုကတော့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာနယ်ပယ် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ နကိုက တဖြည်းဖြည်းနဲ့ တည်ဆောက်ဖို့ ကြိုးပမ်းနေခဲ့ကြတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာတွေ ပျက်သုဥ်းခဲ့ပြီး အကျင့်ပျက်မှု၊ ခြစားမှု၊ တာဝန်မခံမှု၊ ဖုံးကွယ်မှုတွေက အရင် စစ်အစိုးရလက်ထက်က အခြေအနေမျိုးကို ပြန်လည် ဦးတည်သွားတာ ဖြစ်ပါတယ်။ အများပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံးနီးပါး လာဘ်စားမှု ခြစားမှုတွေ ဘက်ကို ပြန်လှည့်သွားခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံရေး နယ်ပယ်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ပြုတ်ကျအောင် တော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းနေချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နယ်ပယ်က ဌာနဆိုင်ရာတွေက လာဘ်စားမှု ခြစားမှုထဲ သက်ဆင်းကျရောက်သွားခဲ့တာ ဖြစ်ပြီး လူထုအနေနဲ့ စစ်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးသက်ရောက်မှုက တဖက်၊ လာဘ်စားမှု ခြစားမှုတွေရဲ့ ဒဏ်ကို ခံစားရတာက တဖက်နဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ အနေအထားမျိုး ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar