မောင်တူး - မျက်ရည်စိုရွှဲတပို့တွဲ
Image- Crd
မျက်ရည်စိုရွှဲတပို့တွဲ
မောင်တူး
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၃
တပို့တွဲလ၊ ကျွဲချိုဖျားဟာ
ဆတ်ဆတ်ခါအေး၊ မီးပုံဘေးမှာ
မကွေးနိုင်ကြ၊ လေယာဉ်မှဗုံး
ချဦးမည်စိုး၊ ဘဝဆိုးများ
လက်ပံကားပွင့်၊ ကောက်ခွင့်မရဲ
ပင်ခြေထဲမြှုပ်၊ နင်းမိုင်းယုတ်များ
သတိထားကာ၊ သွားလာနေရ
ဆောင်းနှောင်းညတို့ပျောက်ဆုံးချိန်။ ။
#နှာရည်ယိုရွဲတပို့တွဲ
နှာရည်ယိုရွှဲ တပို့တွဲ ဆိုပြီး တပို့တွဲလက အရမ်းချမ်းအေးလှကြောင်း ဆိုရိုးပြုကြလေ့ ရှိကြပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ တပို့တွဲလဆန်း ၇ ရက်နေ့ပါ။ ကျနော်က စာရေးချင်နေတယ်။ မကြာခင်ကပဲ ကဗျာ ဆရာကြီးတင်မိုး ကွယ်လွန်တဲ့ ၁၆ နှစ်မြောက်စာတပုဒ် ကျနော်ရေးလိုက်တယ်။ အခုတော့ ဘာရေးရမလဲစဉ်းစားရင်းက ၁၂ လရာသီလတွေအကြောင်း ကျနော် ရေးခဲ့ဖူးတာကို သတိရလာပြီး ရေးဖြစ်တာပါ။
တပို့တွဲလအကြောင်းကနေ ချမ်းအေးလှတဲ့လရာသီမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း၊ ကချင်၊ ကယား၊ ကရင် ပြည်နယ်စတဲ့ နိုင်ငံအနှံ့က စစ်ရှောင်ပြည်သူတွေဟာ ဘယ်လောက်များ စစ်ပြေး ချမ်းအေးဒဏ် ခံနေကြရမလဲ။ တွေးမိလာတယ်။ လူတစု အာဏာလောဘတက်ကြသည်ကြောင့် တိုင်းပြည်လူထု ဒုက္ခစုခံနေကြရတာနော်။ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကားတခွန်းကို သတိရမိတယ်။ " ဟစ်တလာတို့ ဘုန်းမီးနေလတောက်တော့ ကမ္ဘာ့ပြည်သူတွေ ဒုက္ခပင်လယ်ဝေကြရတယ် " တဲ့။ အခုလဲ သမ္မတဖြစ်ချင်သူတယောက်ကြောင့် မြန်မာပြည်သူတွေ ဒုက္ခပေါင်းစုံ ကြုံနေကြရတယ်။ တပို့တွဲလို ကျွဲချိုဖျား ဆတ်ဆတ်ခါ အေးတဲ့လမှာတောင် စစ်ကောင်စီ လေယာဉ်ပေါ်က ဗုံးချမှာကြောက်ပြီး မီးမဖိုရဲ မီးလှုံခွင့်မရတဲ့ ပြည်သူတွေအကြောင်း ကြားနေရတယ်။ ဒါကြောင့်လည်း နှာရည်ယိုရွှဲ တပို့တွဲကနေ မျက်ရည်စိုရွှဲ တပို့တွဲ လို့ ပြောမိပါတယ်။
#တပို့တွဲတွင်စာရေးချင်လို့စာဖတ်ခြင်း
စာရေးဆရာကြီး ဆရာမကြီးတွေက ပြောခဲ့ကြတယ်။ စာရေးချင်က စာဖတ်ရမည်တဲ့။ စာပေဝမ်းစာရှိရမယ်။ ကိုယ့်ရဲ့ဘဝအတွေ့အကြုံ ဝမ်းစာရှိရမတဲ့။ ဒါမှ ကိုယ့်အတွေ့အကြုံတွေ စာပြန်ရေးနိုင်မတဲ့။ စစ်သားဘဝ ကြုံသမျှတို့။ ဆရာဝန်ဘဝ အမှတ်တရတို့ စတာ စတာတွေကိုရေးခဲ့သူတွေဟာ ဘဝအတွေ့အကြုံ ရေးသူတွေပေါ့။ ဒါမှမဟုတ်ရင်လည်း စာတွေ ဖတ်ကြရမယ်တဲ့။ စာများများဖတ်လေ စာများများရေးနိုင်လေ တဲ့။ ကျနော်လည်း DVB ဝက်ဆိုဒ်နဲ့ မိုးမခအွန်လိုင်းမှာ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ ကဗျာတွေဖတ်တယ်။ ဖတ်ဖြစ်ရင် စာရေးဖို့ စိတ်ကူးပေါ်တယ်။ ကောင်းတယ်။ အခုလဲ ဆရာညိုထွန်းလူရဲ့ " အိပ်ရာနံဘေးမှာ " ခေါင်း စဉ်နဲ့ အက်ဆေးလေးဖတ်ရင်းက အခု စာကိုရေးဖို့ စိတ်ကူးစလေးရလာတာလေ။
လွတ်မြောက်နယ်မြေမှာ တပို့တွဲလ ဒီည ဘိုးတော်နဲ့ စကားပြောခဲ့ကြတယ်။
တကယ်တော့ ဘိုးတော်တယောက်တည်းနဲ့ပြောတာတော့ မဟုတ်ဘူး။ အများစုပြီး ကော်ဖီသောက် ဝိုင်းဖွဲ့ရောက်တတ်ရာရာပြောရင်းက ဘိုးတော်က သူ့အတွေ့ အကြုံကို ပြောပြတာ။ ဘိုးတော်က ရန်ကုန် NLD စည်းရုံးရေးမှူးတယောက်။
နောက်ထပ် ပဲခူးက CDM PDF ဆရာမတယောက်လည်း စကားဝိုင်းထဲပါရဲ့။ နောက်ထပ် တောင်ငူက NLD ရပ်ကျေးအတွင်းရေးမှူး အမျိုးသမီး တယောက်လဲ ကျနော်တို့စကားဝိုင်းမှာပါတယ်။ ဘားအံက နွေဦးတော် လှန်ရေး တက်ကြွလှုပ်ရှားသူလဲပါတယ်။ နောက်လူတွေလဲပါတယ်။ အားလုံးက လူစွန့်စားတွေချည်းပဲ။ သက်ရှိထင်ရှားအာဇာနည်တွေ သူရဲ ကောင်းတွေပေါ့။ ကျနော်ကတော့ အဲ့သည်လိုပဲထင်တယ်။ အခုတော့ ဘိုးတော်အကြောင်း စပြောမယ်။ သူက တပို့တွဲလ ချမ်းအေးမြတဲ့ကြား PDF ရဲဘော်အဖြစ်နဲ့ KNU DKBA တွေနဲ့အတူ မီးဖိုပြီးနေခဲ့ရပြီး လေယာဉ်လာလို့ မီးတွေကိုသတ်၊ ခိုက်ခိုက်တုန်ချမ်းတဲ့ကြား နေခဲ့ရတဲ့အကြောင်းတွေ ပြောပြသူမို့ပါ။
#တပို့တွဲဆိုသည်မှာ
တပို့တွဲလ၊ သာစွလေ
နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်
မာဃယှဉ်မှီ၊ ကုံရာသီဟု
အညီခေါ်မြဲ၊ တပို့တွဲမူ
မဖွဲ့မိုးလေ။
တပို့တွဲ (ရှေးမြန်မာစာ: တပိုဝ်တွဲ/တပ္အိုတွဲ)ဟာ မြန်မာပြက္ခဒိန်ရဲ့ ဧကာဒဿမလ သို့မဟုတ် ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျတယ်။ ဆောင်းဥတုနောက် ပိုင်းချိန်ဖြစ်တယ်။ တပို့တွဲလမှာ ၂၉ ရက်ရှိပြီး ရက်မစုံလ ဖြစ်တယ်။ တပို့တွဲလ လို့ခေါ်ဝေါ်တာက ထန်းဖူးထန်းခိုင်တို့ တွဲညွတ်တဲ့ ရာသီဖြစ်လို့ ခေါ်တာပါ။ 'တပိုဝ်' ဟာ 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' တာ 'အသီးခိုင် တွဲလောင်းကျတာ' ကို ရည်ညွှန်းတာမို့ တပို့တွဲလမှာ ထန်းဖူးတွေကို အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံတဲ့ ကာလဖြစ်တာဟာ ထင်ရှားပါတယ်။
ကျောက်စာ အရေးအသားမှာ တပို့တွဲကို တပိုင်ထွဲ၊ တပိုင်ထွဲ၊ တပိုင်တွယ်၊ တပို့ထွယ် လို့ ရေးသားလေ့ရှိတယ်။ ဗေဒင်အခေါ် ကုံရာသီ ဖြစ်တယ်။ ဒီရာသီမှာ မာဃနက္ခတ် စန်းနဲ့ယှဉ် မွန်းတည့်ပါတယ်။ ရာသီရုပ်က ရေထမ်း သမား ဆင်းရဲသားပုံဖြစ်ပြီး၊ အထိမ်းအမှတ်ပန်းက ပေါက်ပန်း( Butea monosperma)၊ လဲပွင့်၊ လက် ပံပွင့်တို့ဖြစ်တာပေါ့၊ တပို့တွဲလမှာ ထမင်းနှဲပွဲ ကျင်းပကြတယ်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်မှာ ထမင်းနှဲထိုး ကျွေး မွေးလှူဒါန်းလေ့ရှိကြတယ်။ ထိုလမှာ နံနက်စက် ၆ နာရီ ၂၀ မိနစ် နေထွက်လေ့ရှိပြီး ညနေ ၅ နာရီ ၄ဝ မိနစ်အချိန်နေဝင်လေ့ရှိလို့ ညတာမှာ နေ့တာထက် ပိုရှည်တယ်။ ဆီးနှင်းကျတဲ့ရာသီဖြစ်ပြီး ချမ်းအေးတယ်။ ဒီလမှာ ရက်မစုံ လကွယ်ဖြစ်လို့ ၂၉ ရက်ပဲ ရှိတယ်။ တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါလို့ ပြောကြသလို နှာရည်ယိုရွဲ တပို့တွဲ လို့လည်းဆိုကြတာမို့ တပို့တွဲလမှာ အလွန်ချမ်းအေးလှတယ်လို့ ပြောကြတာပါ။ ဒါက မြန်မာ့စွယ် စုံကျမ်းပါ တပို့တွဲအကြောင်းပေါ့။
ပေါက်လဲပန်း ( Image- Google)
#တပို့တွဲတွင် ငိုပွဲဆင်
တပို့တွဲ၌
ပေါက်လဲငုံကင်း၊ ထန်းရည်ငယ်နင်း
နှင်းထုံထုံငယ်နှင့်လေး။ ။
ဒါက တပို့တွဲလ သံပေါက်လေးပါ။ တပို့တွဲလအကြောင်း စာတွေ ကဗျာတွေ ရေးခဲ့ကြတာများလှပါပြီ။ ကျနော်ကိုယ်တိုင် ... " ငွေနှင်းထူထဲ ချမ်းအေးမြဲ၊ ပေါက်လဲပွင့်ဆဲ မီးဖုန်းပွဲ နှာရည်ယိုရွဲ တပို့တွဲ " ခေါင်းစဉ်နဲ့
၂၀၁၆ ခုနှစ် ရေးခဲ့ဖူးတယ်။ အခုကျတော့ " ထိုးစစ်ထူထဲ သတ်နေမြဲ၊ လေယာဉ်သုံးမြဲ ဗုံးတွေကြဲ
မျက်ရည်စိုရွှဲ တပို့တွဲ" လို့ ခေါင်းစဉ် ပြောင်းရေးနေရပြီ။
ညက စကားဝိုင်းမှာ မြန်မာလတွေကို နောက်လူတွေမသိကြတော့တာ လပြည့် လကွယ် လဆုပ် လဆန်း အဖိတ် ဥပုသ်တွေ အမှတ်မထားကြတော့တာတွေ ပြောဖြစ်ကြတယ်။ အဲ့သည်အခါ "ဘိုးတော်"က " ဟုတ်ပဗျာ။ အဲ့သည် တပို့တွဲလကြီးပေါ့။ KNU DKBA တပ်တွေကြားထဲ ကျနော်တို့ PDF တွေနေခဲ့ကြရတုန်းက ကျောက်တောင်ကြီးတွေကြားမှာ ချမ်းချက်ဗျာ မီးလှုံကြရ မီးပုံဘေးမှာ ဝိုင်းအိပ်ကြရတယ်။ စစ်ကောင်စီ တိုက်လေယဉ်တွေလာချိန်ဆို မီးပုံကိုငြှိမ်းသတ်လိုက်ရတာပေါ့။ အသည်းခိုက်အောင် အေးချက်ဗျာ။ တပို့တွဲလကြီးမှာ။ " လို့ ပြောတယ်။
သေနတ်ကိုင် ဘောင်းဘီရှည်ဝတ် စစ်သား PDF တွေတောင် တပို့တွဲလကြီးမှာ စစ်ပွဲတွေထဲ ဒီလောက်အချမ်းဒဏ်ခံကြရရင် စစ်ရှောင် စစ်ပြေး ဒုက္ခသည်ရွာသားရွာသူ သက်ကြီးရွယ်အို ကလေးငယ်တွေဆို ဘယ်လိုနေကြမလဲ။ စစ်ပွဲဖြစ်ဆဲ တပို့တွဲလ ဒုက္ခများပေါ့။ စစ်ကောင်စီတပ်တွေက ရွာတွေထဲကို သေနတ်တွေနဲ့ ပစ်ပြီးဝင်တယ်။ ရွာတွေကို မီးရှို့တယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ " သူ့မှာတမ်း " ကဗျာထဲကလို " ရွာသားရွာသူ မေးကြမြူသည် " မဟုတ်တော့ပါ။ " ရွာသားရွာသူ ပြေးကြပူသည် " ဖြစ်နေကြရတာ ၂ နှစ်တိုင် ကြာခဲ့ပြီပေါ့။
စစ်ပြေးရင်း နေ့စေ့လစေ့ဖြစ်သလို ကြုံသလို မွေးဖွားနေကြရ
ဒီပဲယင်းမှာ အခုစာရေးနေချိန်အထိ ရွာကို ၃ ကြိမ်မြောက် စစ်ကောင်စီတပ်တွေက မီးရှို့နေတယ်။ ရွာသား ၃၀၀၀ ကျော် လက်လွတ်ထွက်ပြေးနေကြရတယ်။ ခြုံဖို့ စောင်တွေ သယ်ယူသွားဖို့ မပြောနဲ့ ခါးဝတ်ခါးစားနဲ့ပဲ လက်လွတ် ပြေးကြရတာပါ။ စစ်ကိုင်းတိုင်း ဆားလင်းကြီး ယင်းမာပင် ကနီတို့မှာ ဒီမနက်ပဲ စစ်ကောင်စီ ထိုး စစ်တွေကြောင့် ပြေးနေကြရပြန်ပြီ။ ကရင် ကယား မွန် ချင်းပြည်နယ်တွေမှာ လဲ ရွာသားတွေ ပြေးနေရပြီ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့စာရင်းအရ မြန်မာတပြည်လုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၁၄ သိန်း ရှိတယ်။ ဒီထဲမှာ ကလေးငယ်ဦးရေက ၅ သိန်းကျော်။ ကလေးတွေ ပြေးနေကြရတယ်။ စစ်ပြေးရင်း နေ့စေ့လစေ့ဖြစ်သလို ကြုံသလို မွေးဖွားနေကြရတယ်။ တပို့တွဲလ ချမ်းအေးလှတဲ့ကြား စောင်မရှိပဲအိပ်ရတဲ့ မြန်မာပြည်သူ ပြည်သားကလေးဦးရေက ဘယ်နှစ်သိန်းလောက် ရှိမည်လဲ။ သာသနာပြုမင်း ဘုရားအလောင်းလို့တောင် သမုတိ သမုတ်ခံထားရတဲ့ စကစ ခေါင်း ဆောင်ကြီး ဒါတွေကို သိမှသိပါလေစ။ သိရင် ကြားရင်လည်း တပို့တွဲလ ချမ်းအေးလှချိန် စောင်မှမရှိပဲ အိပ်နေကြရတဲ့သူဦးရေ သိန်းချီလူတွေရဲ့ သတင်းဆိုးကို ဘုရားအလောင်းဆိုသူကြီး ယုံမှ ယုံပါ့မည်လား။ ဒါကြောင့် . . . . ပြင်လိုက်ပါပြီ။
" ငွေနှင်းထူထဲ ချမ်းအေးမြဲ ပေါက်လဲပွင့်ဆဲ မီးဖုန်းပွဲ နှာရည်ယိုရွဲ တပို့တွဲ " အစား...
" ထိုးစစ်ထူထဲ သတ်နေမြဲ၊ လေယာဉ်သုံးမြဲ ဗုံးတွေကြဲ၊ မျက်ရည်စိုရွှဲ တပို့တွဲ " လို့ ပြောင်းပြီ ရေးလိုက်ပါပြီခင်ဗျာ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar