Breaking News

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို ပစ်မှတ်ထားလာ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၈ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို ပစ်မှတ်ထားလာ

၂၀၁၄ နိုဝင်ဘာလမှာ မြန်မာအစိုးရ စစ်တပ်က လိုင်ဇာက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အဖြစ်က NCA အတွက် ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ဖြစ်ပျက်ခဲ့ပြီး အဲဒီအချိန်ကာလက ငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် မျှော်လင့်ချက်ထားနေခဲ့ကြတဲ့ အင်အားစုတွေအဖို့ အံ့အားသင့်စရာ အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။ ထိုစဥ်က အဖြစ်အပျက်နဲ့ပတ်သက်လို့ ကြားသိရတဲ့ သတင်းအချက်အလက်တခုအရ ထိုစဥ်က သမ္မတ ဦးသိန်းစိန်က ဒီလို တိုက်ခိုက်မှုကို အမိန့်ပေးခဲ့တာ မဟုတ်ဘဲ တပ်ချုပ်ဖြစ်သူ မင်းအောင်လှိုင်က ၄င်းရဲ့ အမိန့်နဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်ပြီးပြီးချင်း သမ္မတထံကို သွားရောက်အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။ 

ဦးသိန်းစိန် သမ္မတ တာဝန်ယူစဥ်ကာလအတွင်း ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇွန်လမှာ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း နေရာအနီးမှာ ဆယ်စုနှစ်နဲ့ချီ အပစ်ရပ်ထားတဲ့ KIA/KIO နဲ့ တိုက်ခိုက်မှု စတင်ပြန်လည် ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခါစကာလတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အရပ်သားအစိုးရလို့ ဆိုတဲ့ ကြံ့ခိုင်ရေးပါတီက တာဝန်ပေးတဲ့သူတွေက KIA နဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ ဆွေးနွေးပွဲတွေ ခပ်စိပ်စိပ် လုပ်နေစဥ်ကာလမှာ ဦးသိန်းစိန်က သမ္မတတာဝန်အနေနဲ့ တဖက်သတ် အပစ်ရပ်အမိန့် ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

သို့ပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ မင်းအောင်လှိုင်က သမ္မတရဲ့ အမိန့်ကို အရေးမထားဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမြဲ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာ ဆယ်စုနှစ်တခုကျော် အကြာမှာ တနိုင်ငံလုံး အနှံ့အပြား စစ်မြေပြင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုကျော်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေစိုက်ရာ ဌာနချုပ်လိုမျိုးကို မတိုက်ပါဘူးဆိုတဲ့ မှတ်တမ်းနဲ့မဟုတ်တဲ့ နားလည်မှုမျိုးရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာချိန် ၊ အသစ်အသစ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေပေါ်ထွက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက PDF တွေကို စစ်ရေး ဆိုင်ရာသင်တန်းပေးခြင်း လက်နက်ထောက်ပံ့ပေးတာတွေ၊ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လာတဲ့နောက် စစ်ကောင်စီက အဲဒီလို ထောက်ပံ့ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ်တွေ၊ ခြေကုပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးခါစကတည်းက ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက စခန်းတွေ တခါတရံမှာ ဘုရားကျောင်းနဲ့ လူနေအိမ် စာသင်ကျောင်းတွေကို စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေက တိုက်ခိုက်ခဲ့ရာမှာ သေဆုံးမှု ပျက်စီးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

တဖန် ၂၀၂၁ ခုနှစ် နှောင်းပိုင်း နဲ့ ၂၀၂၂ ခုနှစ်အစပိုင်းတွေမှာ လေးကေကော်ဒေသ၊ ဝေါ်လေတို့မှာ လေကြောင်းတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကုန်ပိုင်း ကချင်ပြည်နယ် ဖားကန့် အနီးမှာ ကေအိုင်အေ တပ်မဟာ ၉ ဌာနချုပ်မှာ ကျင်းပတဲ့ အထိမ်းအမှတ်နေ့ ဖျော်ဖြေပွဲကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့လို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်ရော အရပ်သားပါ  ၆၀ ကနေ ၈၀ ဝန်းကျင် အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ကေအန်ယူရဲ့ သတ္တုတွင်းလုပ်ငန်းဖြစ်တဲ့ မက္ကသာကျေးရွာအနီးက စခန်းကို ယမန်နှစ်နှောင်းပိုင်းက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို မကြာသေးခင်ကတော့ CNF  ချင်းအမျိုးသားလွတ်မြောက်ရေး တပ်ဦးရဲ့ ဌာနချုပ်စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီက အရင်က နားလည်မှုသဘောမျိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ ဌာနချုပ်စခန်းတွေ၊ စီးပွားရေး ဆိုင်ရာလုပ်ငန်းတွေကို လက်ရှောင်ခဲ့ပေမယ့် အခု နောက်ပိုင်း ဌာနချုပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

KNU ရဲ့ ဌာနချုပ်ရှိရာ နယ်မြေကိုလည်း လေကြောင်းက ပျံသန်းအကဲခတ်မှုတွေ ခုရက်ပိုင်းအတွင်း လုပ်ဆောင်နေတယ်လို့ သတင်းတွေထဲ ပါရှိနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်ချေရှိနေပြီး စစ်ကောင်စီအနေနဲ့ အရင့်အရင်က နားလည်မှုတွေ ကို ပယ်ဖျက်ပြီး PDF နဲ့ ပူးပေါင်းနေတဲ့ ကူညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အသာစီးရအောင် တိုက်ခိုက်မှုလုပ်ဖို့ ပင်မအသိုက်အမြုံကို ဖျက်ဆီးတဲ့ သေနင်္ဂဗျူဟာတွေ ပြင်ဆင်နေတဲ့ သဘောမျိုး လေ့လာ အကဲဖြတ်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar