ကိုအောင်မှိုင်း - ပွဲ
ကိုအောင်မှိုင်း - ပွဲ
(မိုးမခ) ဧပြီ ၁ ၊ ၂၀၂၃
ဒီလောက်
စုတ်ပြတ်နေတဲ့
နိုင်ငံတော်ကြီးဆီက
ဘာများ အသနားခံစရာရှိတော့လဲ။
ပြာပုံပေါ်က
အရိုးစကျန်မှာ
လက်နှစ်ဖက်က
ကြိုးချည်လျက်သား
ဟနေတဲ့ ပါးစပ်က
တောက်ခေါက်သံကို
သမီးငယ်ကြားရ ခဏမှာ
နှောင်ကြိုးတွေဟာ နှုတ်ဆက်ကြ။
အဖေက
သမီးတိုက်ပွဲဝင်ဘို့
အနီရောင် လက်စည်းလေး
ချည်နှောင်ပေး တိုက်ပွဲတွက်အား
ဖြစ်စေလိုငြား တိုက်ပွဲကျချိန်
လက်စည်းလေးမှာ သွေးတွေရဲလို့။
အမေက
သားငယ်လက်မောင်း
တိုက်ပွဲဝင်ဒေါင်းကိုပတ်
သူရဲကောင်းတံဆိပ်အပ်လို့
တိုက်ပွဲထွက်စေခဲ့တယ်။
တိုက်ပွဲကျချိန် တိုက်ပွဲဝင်ဒေါင်း
လက်မောင်းတံဆိပ် သွေးမတိတ်ခဲ့
တံဆိပ်သမိုင်း အရိုင်းမခံနိုင်
ပန်းတိုင်တွက် ပေးဆပ်လိုက်တယ်။
တိုက်ပွဲထွက်မယ့်သား
အန္တရယ်ကင်းငြား
ဆုစကားတွေခြွေ
သားကို တွေတွေကြည့်
မချိပေမဲ့ သွားပါသား
အမေ့စကား ရင်ထဲစွဲထား
တိုက်ပွဲကြားက သူရဲကောင်း
တိုက်ပွဲကျချိန် အမေ့ကို တမိ
အမေ နေကောင်းပါစေ။
နွေဦးဆိုတာ
ရင်းရတဲ့ပွဲ
တင်းရတဲ့ပွဲ
ဗြင်းရမဲ့ပွဲ
သေနတ်ကို ဓားနဲ့ခုတ်တဲ့ပွဲ
မျက်ရည်ခန်းခြောက်တဲ့ပွဲ
ဓားရိုးတိုင်းမှာ ဝိညာဥ်ကပ်တဲ့ပွဲ။
မိဘတွေက သားသမီးတွေကို
အလေးပြုတဲ့ပွဲ။
သားသမီးတွေက မိဘတွေတွက်
တာဝန်ကျေတဲ့ပွဲ။
သမိုင်းဆိုတာ
မပြတ်စီးဆင်းနေတဲ့
မြစ်ကြီးတစင်းရဲ့ တိုက်ပွဲ။