မိုးမြင့်ယံ - လောကဓံလှိုင်းတွေထက်က တံငါ
လောကဓံလှိုင်းတွေထက်က တံငါ
မိုးမြင့်ယံ
(မိုးမခ) ဧပြီ ၂၊ ၂၀၂၃
# တံငါ - ၂
မြစ်ဟာ မြို့နဲ့ နီးပေမဲ့
မြို့နဲ့ဝေးတဲ့ မြစ်ပေါ်မှာ
လှေငယ် ။
လှေပေါ်က လှမ်းကြည့်လိုက်တော့
သွယ်တန်းနေတဲ့ တောင်တန်းတွေပေါ်
စေတီပုထိုး အဆူဆူ ။
ကုသိုလ်တရားအတွက်
လက်အုပ်ချီလိုက်မိပါရဲ့ ။
မြစ်ဟာ မြို့နဲ့နီးပေမဲ့ ဆိုတဲ့ ပထမစာကြောင်း နဲ့ ကဗျာဆရာဟာ တံငါ ၂ ကို စဖွင့်လိုက်တယ်၊
ဒါပေမဲ့ မြို့နဲ့ဝေးတဲ့ မြစ်ပေါ်မှာ လှေငယ်တဲ့ ကဗျာဆရာကိုယ်တိုင် ခက်ခဲမွန်းကြပ်နေတဲ့ ကာလယန္တယားကြီးထဲမှာ သူနေထိုင်ရာ မြို့လေးနဲ့ ကင်း ကွာခဲ့ရလေသလား ? ဘဝတခုအတွက် ရေစီးကြောင်းတွေအတိုင်း သူ့လှေငယ်လေးနဲ့ ဆန်တက်ခဲ့လေတာလားဆိုတာကတော့ ကျွန်တော်သည် မသိနိုင်ပြန်။
ကဗျာဆရာလှမ်းကြည့်လိုက်တဲ့ သူ့မွေးရပ်ဇာတိလေးရဲ့မှိုင်းညှို့တောင် တန်းတွေတလျှောက် စေတီပုထိုးအဆူဆူကို ကျွန်တော်လည်း လှမ်းပြီးဖူးတွေ့လိုက်ရသလို ။
ဒီနေရာမှာ ကဗျာဆရာဟာ ဆုမတောင်းခဲ့ပါဘူး ကုသိုလ်တရားတွေ အတွက်သာ သူလက်အုပ်ချီလိုက်မိရုံလေး ချီလိုက်မိတာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ။
ဒါဟာလည်း လူငယ်တယောက်ရဲ့ တွန်းထိုးရုန်းကန်ရခြင်း နေ့ရက်တွေထဲ သူ့မွေးရပ်မြေလေးကို သတိတရ လွတ်ဆွတ်မျှော်မောမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့လေ ။
ဒီလိုနဲ့ ကဗျာ ဆရာ ဟာ တံငါ ၃ ကို ဆက်ရေးလာတယ် ။
# တံငါ - ၃
တိမ်တွေကို ငေးကြည့်တော့
ငါးကလေးတွေ ပျံနေတာတွေပါရဲ့ ။
ဆွဲတင်လိုက်တဲ့ ပိုက်မှာ
ပါလာတာက
သူငယ် သူအို ဗိုက်ကြီးသည်
အသွယ်သွယ် ။
ဝမ်ရေးဟာ ပင်လယ်ထက်ကျယ်တော့
ကိုယ်ချင်းစာတရားဟာ
လှိုင်းတွေကြားထဲ ပြန်မြှုပ်သွားခဲ့ ။
ကျွန်တော်တို့ စိတ်အတွေးတွေထဲမှာလည်း ငယ်ငယ်က တိမ်တွေပေါ်မှာ အရုပ်တွေ ရေးကြည့်ခဲ့ဖူးကြသည်ပဲလေ ။
မပြေလည်တဲ့လောကဓံတွေကြားထဲ မြို့ပြထဲကို တွန်းတိုက်ဝင်ရောက် လာခဲ့ရတဲ့ လူငယ်လေးတယောက် ညနေခင်းတွေထဲ တိမ်ပင်လယ်ကို မျှော်မောကြည့်မိတဲ့ခဏ ငါးကလေးတွေ တဖျတ်ဖျတ်ပျံသန်းနေဟာ မြို့ ပြပင်လယ်ထဲ ကူးခပ်ရုန်းကန်နေရတဲ့ လူနေမှုဘဝတွေကို မြင်တွေနေရလို့ဖြစ်မယ်ထင်ပါ့ ။
စိတ်ကူးနဲ့ ကဗျာဆရာဆွဲတင်လိုက်တဲ့ လူမှုဘဝပိုက်ကွန်ထဲ အရောင်သွေး စုံတဲ့ လူနေမှုဘဝများစွာက အထင်းသားကပ်ပါလာခဲ့ပြန်သည်။
ပလတ်စတစ်ကောက်နေတဲ့ ကလေးငယ်တွေ၊ ပန်းရောင်းနေတဲ့ ဗိုက်ကြီး သည်တွေ၊ လမ်းနံဘေးက မသက်မသာ ဝမ်းတထွာအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ အိုကြီးအိုမ သက်ကြီးရွယ်အိုတွေ၊ ကဗျာဆရာဟာ တဒဂ်ပဟာန်အားဖြင့် ဂရုဏာသက်ကောင်း သက်ဖြစ်ပါလိမ့်မည် ။
သို့သော် ခေတ်ကြီးတခုလုံးသည် ထိုအရာတွေကို ဥပေက္ခာပြုထားခဲ့တော့ ဝမ်းရေးဟာ ပင်လယ်ထက် ပိုမိုကျယ်ပြောလှတဲ့အခါမှာ ကိုယ်ချင်းစာ တရားတွေဟာ လှိုင်းတွေကြားထဲပြန်မြုပ်သွားခဲ့ရတယ်တဲ့လေ၊ ဒါဟာလည်း ဘဝသမုဒ္ဒရာထဲ သူလည်း ကူးခတ်မျောနေရင်း အိမ်အပြန်မှာ သူ့ကိုမျှော်စောင့်နေမဲ့ မိသားစုရဲ့ ဆာလောင်နေတဲ့မျက်နှာတွေဟာ သူ့ရဲ့ဟာဒယကို ဝင်ရောက်ရိုက်ခတ်လိုက်တာဖြစ်မယ်၊ ကိုယ်ချင်းစာတရားတွေဟာ လှိုင်းတွေအောက် ပြန်လည်နှစ်မြုပ်ပျောက်ကွယ်သွားခဲ့ရတယ် ဆိုတာ အမှန်ဖြစ်ပါလိမ့်မယ် ။
ကျွန်တော်တို့ဟာ ခေတ်ဆိုးခေတ်ကြပ်ကြီးထဲ မလူးသာမလွန့်သာ ရုန်း ကန်ကူးခတ်ရင်း တယောက်ကိုတယောက် ဖေးမကူညီညာချင်တဲ့ ဖြူစင်ခြင်း စိတ်ရင်းအမှန်တွေ ရှိကြပေမဲ့လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့စကားလုံးလေးလိုပါပဲ တခါတလေကြတော့ မသိကျိုးကျွံ့ပြုရင်း နာကျင်စွာနဲ့ကျောခိုင်းလိုက်ရတဲ့အဖြစ်တွေနောက်မှာ မျက်ရည်ကျခဲ့ရဖူးပါတယ်လေ ။
ဒီလိုနဲ့ပဲ စိတ်ရဲ့စီးမျောမှုမှာ ကဗျာတွေသယ်ဆောင်ရာလိုက်ပါရင်း အစီအစဥ်တကျမဟုတ်ပေမဲ့ ရင်ကိုထိမှန်တဲ့ကဗျာတွေနောက်သို့သာ စီးမျောပျော်ဝင်ရင်း စာမျက်နှာတို့အား လှန်လှော်မိပြန်သည် ။
# တံငါ - ၄
မုန်တိုင်းနဲ့ ပေါင်းမိချိန်ကလွဲရင်
ဟောဒီမြစ်ပြင်ကြီး
အဖေတို့ မိသားစုအတွက်
သိပ်အဓိပ္ပာယ်ရှိတယ် ။
မုဆိုးနာနီး မုဆိုး
တံငါနားနီး တံငါ
အဲဒီစကား
အဖေ့လက်ထက်ပြီးရင်
နောက်ထပ် အဖေ့မျိုးဆက်တွေ
ဘယ်တော့မှမကြားစေရဘူး ။
ကျွန်တော်ဟာ ကဗျာဆရာလင်းခရဲ့တံငါစာအုပ်ထဲက ကဗျာတွေကိုဖတ်ပြီး အတွေးတို့သည် တန့်ရပ်မနေနိုင်စွာ အစဥ်တစိုက်ဂရုဓမ္မပြုနေမိသည်။
ကျွန်တော်တို့ ရုန်းကန်ကူးခတ်နေရတဲ့ လောကသံသရာ မြစ်ပြင်ကျယ်ကြီးထဲမှာ မိသားစုအတွက် ပင်လယ်ပြင်ကိုထွက်ပြီး လှုပ်ရှားရုန်းကန်ခဲ့ရတဲ့ မရှိတော့တဲ့ ကျွန်တော့်ရဲ့ ဖေဖေ ကိုတောင် မျက်ရည်တွေနဲ့ လှမ်းပြီးလွမ်းမိလိုက်ပါသေးရဲ့လေ ။
အချိန်ကာလတို့၏ တိုက်စားမှုအောက်၌ မိသားစုဆိုတဲ့ အသိုက်အမြှုံလေးနွေးမြငြိမ်းချမ်းစေချင်တဲ့ ဖြစ်စဥ်တခုဟာ အဖေတိုင်းရဲ့ ရင်ထဲက ဆန္ဒတခုရယ်ပါလေ ။
လောကဓံရဲ့မုန်တိုင်းကြမ်းကြမ်းတွေ ဝင်ရောက်မတိုက်ခတ်ခင်ကာလတခုအထိတော့ မိသားစုအတွက် အဖေ့ရဲ့နေ့ရက်တွေဟာ ချိုမြပြီး အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေမှာအသေချာပါပဲလေ ။
လောကဓံရဲ့ ထုထောင်ရိုက်နှက်မှုအပါအဝင် ခေတ်စနစ်တခုရဲ့ မောင်းနှင်အားမှာ အဖေ့ လက်ရုံးတွေပျော့အိတွဲကျ အရာရာဟာချိနဲ့လွန်းလှချည့်ရဲ့ လို့ အဖေတွေးများနေမလား ။
မိသားစုကိုချစ်တဲ့စိတ် ဖခင်တယောက်ကို ပြုစုလုပ်ကျွေးချင်တဲ့ စိတ်ဇောအဟုန်တွေက နုငယ်တဲ့ကဗျာဆရာရဲ့ နှလုံးသည်းပွတ်ကို လာရောက် ရိုက်ခတ်လိုက်တဲ့အခါမှာ ကဗျာဆရာ ဒီလိုမျိုး ဥဒါန်းကျူးခဲ့တယ် ။
အဖေ့လက်ထက်ပြီးရင် သားတို့ ခေတ်မှာ မုဆိုးနားနီး မုဆိုး တံငါနာနီး တံငါဆိုတဲ့ စကားရပ်ကိုခြေဖျက်ပြဖို့ ကဗျာဆရာဟာ ကျောပိုးအိတ်တလုံးထဲ ယုံကြည်ချက်နဲ့ ကဗျာတွေကိုထိုးသိပ်ထည့်ပြီး ရဲရင့်ယုံကြည်ခြင်းခြေလှမ်းတွေကို လောကရဲ့ လမ်းမပေါ်ကိုပစ်တင်လိုက်တယ် ။
ဒါဟာ အမှောင်နံရံတွေကိုတွန်းတိုက်ဖြိုခွင်းပစ်မဲ့ ကဗျာဆရာရဲ့ အလင်းအားအင်တွေပဲလို့ ကျွန်တော်ကတော့ ယုံကြည်နေမိပါရဲ့လေ ။
ဒီလို နဲ့ ကျွန်တော်ဟာ မှောင်မိုက်လွန်းတဲ့ ညနက်နက်ထဲ ကောင်းကင်ကို ငေးမော့ကြည့်ရင်း ကဗျာစာအုပ်လေးရဲ့ နောက်ကျောဖုံးထက်က စာပိုဒ်လေးကို နှုတ်ကတိုးဖွဖွ ရွတ်ဆိုရင်း ဥဒါန်းကျူးလိုက်မိတယ် ။
ကောက်ကျစ်တဲ့ ငါးကို သတ်မလား
ရိုးအတဲ့ ငါးကို ကယ်မလား
ငရဲကို ရိုက်ခွဲဖို့အတွက်
နိဗ္ဗာန်နဲ့လည်း လွဲရဲတယ် ။
*** လင်းခ ( မော်လမြိုင် ) ၏ တံငါ ကဗျာများအား ခံစားဖွဲ့သီပါသည် ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
27. 3. 2023