Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတ်ရာဒေသ ထွက်ခဲ့ကြတာပါ မင်္ဂလာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတ်ရာဒေသ ထွက်ခဲ့ကြပါ မင်္ဂလာ

(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၃


လေးခုမြောက်မင်္ဂလာက ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေတဲ့။ဘုရားကတော့ ကရုဏာနဲ့ဟောရှာတာပေါ့။ ရောင်တောင်ကြောင်တောင်နဲ့ တပ်ထဲရောက်သွားတော့ လစ်ရော။ တပ်ဟာ သင့်ရာဒေသ မဟုတ်၊ သတ်ရာဒေသလေ။ ပတိရူပဒေသမဖြစ်တဲ့ သတ်ရာဒေသမှာ ဘယ်လိုလုပ် ကုသိုလ်ရမလဲ။ မဟုတ်တာချည်း လုပ်ရတော့တာ။ 

ပညာ၊ အင် ကုသိုလ်တောင် မရတာ ပညာဆို သာဝေးပေါ့။ တပ်မတော်သာ အမိ တပ်မတော်သာ အဖတဲ့။ စောက်တလွဲက တပ်ပေါက်ကကို စတာ။ ဝင်ကတည်းက မသေမချင်း ဂျင်းတာ၊ တိုင်းရင်းသားတွေကို အလကားမတ်တင်း လိုက်သတ်နေတာကို တရားသောစစ်တဲ့။ အပြင်သတင်း မသိရအောင် ဟိုပိတ် ဒီဆို့၊ ဘာမှ လေ့လာလို့မရ။ သိချင်လို့မရ။ ပိတ်ပိတ်တုံး အမှောင်ချ။ တိုင်းပြည်ဘဏ္ဍာ ထိုင်ခွာနေတာကို ကာကွယ်ရေးအလုပ်လို့ ဖုတ်လို့ဖုတ်၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် စောင့်ရှောက်တယ်ဆိုပြီး လူသတ် အိမ်မီးရှို့ ဓားပြတိုက်။ ဘာပညာသိုက်မှ နှိုက်စရာ မရှိ။

ဥစ္စာကတော့ ရတယ်၊ တရားသဖြင့်တော့ မဟုတ်။ သေနတ်ပြ ဂိတ်ကြေးတောင်း။ မိုက်ကြေးခွဲ။ ဆေးပြားသယ်။ လုယက်ခိုး။ ဓမြတိုက်။ ပြန်ပေးဆွဲ။ လာဘ်စား။ ပါမစ်အနုကြမ်းစီး အဲလို ရွံစရာနည်းမှန်သမျှနဲ့ ရတယ်။ အပူစာတွေ သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရလာတာတွေ။ တိုင်းပြည်ဘဏ္ဍာတွေ။ လူသာဓုခေါ် နတ်သာဓုခေါ် ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းထောမနာတာ မဟုတ်၊ ခေါစာထုပ်ဥစ္စာ၊ မဟုတ်တာတွေ ရတာပေါ့။ ဒါမျိုးကို တကယ်တော့ ရတယ်မခေါ်ဘူး။ ပေးတာမှ မဟုတ်တာလေ။ ခွေးစာ။

နောက်မင်္ဂလာက ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူး ရှိပါစေတဲ့။ အင်း ဒီတရားမျိုး တပ်ထဲ သွားဟောလို့ကတော့ ဘုရားလဲ ဂျုံးဂျုံးကျ ဘာမင်္ဂလာမှ မြင်လာရမယ် မဟုတ်။ တပ်ထဲ ရောက်ကတည်းက မဟုတ်တာ မှန်သမျှ အကုန်လုပ်ရတော့တာလေ။ သင်တန်းသားအချင်းချင်းတောင် မညှာမတာ ဗျင်းရတော့တာ။ ဘယ်ကောင်းမှုမှ ကိုယ့်ဘက်က စပြုလို့ မရတော့ဘူးလေ။ စိတ်နေစိတ်ထားက စနစ်တကျ အဖျက်ခံရတော့တာ။ ဘရိန်းဝပ်ရှ် အလုပ်ခံရတော့တာ။ အမိန့်ပေးရင် ဘာမဆို လုပ်နိုင်ရအောင် ပုံသွင်းခံရတော့တာလေ။ ကဲ ခုကြည့်။ ကလေးလေးတွေ အလကားနေရင် လိုက်သတ်နိုင်တာ၊ သတ်သမှ ရက်ရက်စက်စက်ကို စက်သေနတ်ကြီးတွေနဲ့ မညှာမတာ ပစ်သတ်တာနော်၊ အလွန်ပြင်းထန်တဲ့ ဗုံးကြီးတွေ ကြဲချ သတ်ဖြတ်တာနော်။ ဘရိန်းဝပ်ရှ်လုပ် လူစိတ်ထုတ်ထားခံရပြီးပြီဆိုတော့ သတ်ပြီပေါ့။ ကိုယ့်ရွာကို မီးတိုက် အဘိုးကြီး အဘွားကြီးတွေကို အလွယ်တကူ ရိုက်သတ်နိုင်တဲ့ စိတ်တွေနဲ့ ဘယ်ကောင်းမှု ဘယ်လိုပြုမလဲ။ ကြိုလဲ ပြုမရဘူး။ ကျော်လဲ ပြုမရဘူး။

နံပတ် ၆ က မိမိကိုယ်ကိုယ် ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေတဲ့။ ကိုင်း စစ်သားတွေကို ဒီတရားသွားဟောလို့ကတော့ ဘုရားတောင် ၅၀၅ နဲ့ အဆွဲခံရမှာ။ ရွဲ့ရ ခနဲ့ရမလား ဆိုပြီးတော့လေ။ တလောကလုံး လှည့်ဒုက္ခပေးနေတဲ့သူတွေက ဘယ်လိုလုပ် မိမိကိုယ်ကိုယ် ကောင်းအောင်ထိန်းမလဲ။ ဘယ့်နှယ်လုပ် မိမိစိတ်ကို ကောင်းအောင် သိမ်းမလဲ။ ဒီလောက် ယုတ်ကန်း ပုပ်နှမ်း မဟုတ်သရမ်းနေတာ။ 

ဒီမင်္ဂလာသုံးချက်က ဥစ္စာကိုပေး နေထိုင်ရေး မင်္ဂလာတဲ့။ မျှော်တွေးကြည့်ပါတဲ့။ သင့်ရာဒေသ အမြဲနေပါတဲ့။ ဒါမှ ကုသိုလ်နဲ့ ပညာရမယ်တဲ့။ အဲဒီကုသိုလ်အပြုအမူနဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားက ပေါ်လာတဲ့ဥစ္စာကသာ ဥစ္စာစစ် ဥစ္စာမှန်တဲ့။ အဲဒီလို သူတပါး ဖျက်ဆီးလို့မရမယ့် သန့်ရှင်းစင်ကြယ်တဲ့ဥစ္စာရဖို့ဆို သင့်ရာကောင်းရာဒေသကိုသာ နေရမတဲ့။ အဲဒါကြောင့် သတ်ရာဒေသကို ထွက်ခဲ့ဖို့လိုတယ်။ မဟုတ်ရင် ဗိုလ်ချုပ်ကြီးတွေရဲ့ သတ်ကွင်းထဲက ရလာတဲ့ ခေါစာထုပ်ဥစ္စာ ပြုတ်မှာကြောက် လူလျှောက်သတ်ခိုင်းခံရတဲ့ ပါးကွက်သားဘဝဆိုးက လွတ်မှာ။

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar