ကိုအောင်မှိုင်း - ပျော်ကြသတဲ့လား
ကိုအောင်မှိုင်း - ပျော်ကြသတဲ့လား
(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၃
ကလေးတယောက်
ထမင်းပန်းကန်ကိုင်ရင်း
ကောင်းကင်ကကျလာတဲ့
ပေါင်၅၀၀ဗုံးကို မော့ကြည့်။
ကလေး ၃၀ကျော်
ပန်းကန်ကိုယ်စီနဲ့
ပျော်ရွှင်ကြည်နူး
ရွှင်မြူးအားရစွာ
ထ္မင်းစားနေကြချိန်မှာ။
ကျယ်လောင်တဲ့အသံ
တံလျှပ်လိုအလင်း
မြေပြင်လုံးတုန်ခါ
ကလေးအားလုံးဟာ........
မီးလောင်နေတဲ့
အသားပိုင်းစလေးတွေ
အရိုးပိုင်းစလေးတွေ
စာအုပ်ပိုင်းစလေးတွေ
အင်္ကျီပိုင်းစလေးတွေ
ဖိနပ်ပိုင်းစလေးတွေ
မျက်ရည်ပိုင်းစတွေဖြစ်လို့
အညာမြေဟာ သွေးတွေ ညစ်ပေခဲ့။
ဖိုးဖွားအိုတို့ရဲ့
သင်္ကြန်ဥပုသ်ရက်
ဆောလျင်စွာကုန်ဆုံး
အသားပိုင်းစတွေဖြစ် ဘဝဆုံးခဲ့။
စိတ်ကူးကိုယ်စီနဲ့
သားသည်မိခင်တွေ
သားတွေလဲဆုံး သူတို့လဲဆုံး။
စိတ်ကူးကိုယ်စီနဲ့
အပျို လူပျိုတွေ
စိတ်ကူးတွေလဲဆုံး သူတို့လဲဆုံး။
တူးပို့သံဟာ
နားဝင်ပီယံမဖြစ်တော့
တူးပို့သံဟာ
ဗုံးသံတွေဖြစ်
သွန်းလောင်းစရာ
သင်္ကြန်ရေဟာ
သွေးညှီနံ့တွေ သင်းခဲ့။
သွေးဆာနေတဲ့
ဖက်ဆစ်အရူး
စစ်ဘီလူးတို့
အတာသင်္ကြန်ကို
လူရာကျော် သတ်ပြ
အမြတ်လို့ ထင်ကြ
အဲဒါ ဗမာပြည်သား
လယ်သမားတွေ ဖြစ်ကြ။
သိကြားမင်း
သွေးစွန်းပိတောက်ကို
သင်္ကြန်အိုးမှာထိုးရင်း
မျက်ရည်မိုးတွေရွာလို့
ဆုတောင်ပေးရှာတယ်
တရားသူတို့ နိုင်ကြပါစေ
ကောင်းရာသုဂတိလားကြပါစေ
ပိတောက်ဝါတွေ နီကုန်ကြတယ်။
မေတ္တာမဲ့တဲ့
ဒီသင်္ကြန်မှာ
မင်းတို့ ပျော်ကြသတဲ့လား။