မောင်လူပေ - များများလှူမှ မြန်မြန်ငြိမ်းချမ်း လောကနိဗ္ဗာန်လမ်း ရောက်မယ်
မောင်လူပေ - များများလှူမှ မြန်မြန်ငြိမ်းချမ်း လောကနိဗ္ဗာန်လမ်း ရောက်မယ်
(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၃
ချစ်ခင်ရတဲ့ မြန်မာပြည်ဖွား မိတ်ဆွေအပေါင်းအသင်းများ နွေရာသီအပူဒဏ်ကို မီးပျက်ထဲမှာအံကြိတ်ခံနေရလို့ စိတ်ပျက်နေကြပြီလား။ မီးမလာ၊ ရေမလာတဲ့ ဒုက္ခတောမှာ မောနေကြပြီလား။သူခိုးပူ၊ ဓားပြဆူလို့ ဘုရားတပြီး သွားလာလှုပ်ရှားနေကြရတာ စိတ်ကုန်နေပြီလား။ ကုန်ဈေးနှုန်းနဲ့ဝင်ငွေမမျှလို့ အကြွေးပတ်လည်ဝိုင်းနေပြီလား။ လူလိမ်တွေပေါတဲ့လောကကြီးမှာ လူလိမ်နဲ့တွေ့လို့ငွေတွေဆုံးပြီး ဒုက္ခရောက်နေကြပြီလား။ အလုပ်အကိုင်မကောင်း၊ စီးပွားတွေကျလို့ စိတ်ညစ်နေရပြီလား။ အဲဒါ လောကငရဲလို့ ခေါ်ပါတယ်။
အဲဒီလောကငရဲမှာ မြန်မာပြည်သူပြည်သားအများစု ပူလောင်နေကြရတာဟာ ငွေကြေး၊ အာဏာကို ရူးသွပ်နေတဲ့ အဓမ္မဝါဒီ လူတစ်ဦး၊ လူတစ်စုကြောင့် ဖြစ်တယ်။ ဂျင်းတရားတွေထဲကလို ဆုတ်ကပ်အချိန်လည်း မဟုတ်ဘူး။ ကမ္ဘာမှာ ဆုတ်ကပ်လား၊ တက်ကပ်လားသိချင်ရင် ကမ္ဘာ့နိုင်ငံတွေကိုကြည့်၊ အမေရိကန်တို့ ဂျပန်တို့ တောင်ကိုးရီးယားတို့က ဝေးပါသေးတယ်၊ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းကိုပဲကြည့်၊ ဗမာတွေသန်းနဲ့ချီလို့ ထိုင်းကိုသွားပြီး အလုပ်လုပ်နေကြရတာ ဘာကြောင့်လဲ။ ကိုးကွယ်ရာဘာသာရော ယဉ်ကျေးမှုပါ အတူတူဖြစ်ပါရက်နဲ့ ထိုင်းကတိုးတက်မှုဖြစ်နေပြီး ဗမာပြည်က ဆုတ်ကပ်ဖြစ်နေတာ ဘာကြောင့်လဲ။
စင်ကာပူကနေ ကျော်လွန်ပြီး ဒူဘိုင်း၊ ဆော်ဒီ၊ ကာတာ စတဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်နိုင်ငံတွေအထိ မြန်မာမိန်းကလေးတွေ အိမ်ဖော်လုပ်ဖို့သွားနေတာ ဘာကြောင့်လဲ။ အဲဒီအထဲမှာ ဘွဲ့ရမိန်းကလေးတွေလည်း ပါကြတယ်။ မလေးရှားမှာ အလုပ်လုပ်ဖို့ လူငယ်တွေရော လူကြီးတွေပါ ဘာလို့သွားကြတာလဲ။ အဲဒီနိုင်ငံတွေမှာ အလုပ်ပေါသလောက် မြန်မာပြည်မှာ ဘာလို့အလုပ်တွေ ရှားပါးနေရတာလဲ။ သူတို့ပြည်သူတွေ ငြိမ်းချမ်းသာယာနေကြချိန်မှာ ကိုယ်တွေက ဘာလို့ဒုက္ခရောက်နေကြရတာလဲ။ အဲဒါအဖြေပဲ။
အခုလိုနိုင်ငံထဲက ပြည်သူအများစုကြီး ဒုက္ခရောက်နေကြရတာဟာ အရင်ဘဝက ဝဋ်ကြွေးကြောင့်လည်း မဟုတ်ဘူး။ လက်နက်အားကိုးပြီး အာဏာနဲ့ငွေကြေးကို လက်ဝါးကြီးအုပ်ထားတဲ့ လူတစ်စုကြောင့် ဖြစ်လာရတာ။ သူတို့အာဏာကို ထိပါးလာတဲ့အတွက် အာဏာသိမ်းလိုက်လို့ မလိုအပ်တဲ့ဒုက္ခတွေကို ကြုံတွေ့နေကြရတာ ဖြစ်တယ်။ ဝဋ်ကြွေးနဲ့ ဘာမှမဆိုင်။ အာဏာသိမ်းမှုဆိုတဲ့အကြောင်းတရားကြောင့်သာ အရင်ကရှိပြီးသား အေးချမ်းသာယာမှုတွေ ပျက်စီးသွားရခြင်းအကျိုးတွေ ဖြစ်လာရတယ်။
ဒုက္ခရောက်နေတာကို သိရက်နဲ့ လွတ်မြောက်ရေးကို မကြိုးစားဘဲ တသက်လုံးရှိလာတဲ့ အကြောက်တရားကြောင့် ငြိမ်ခံနေသူတွေ များနေလို့ ငြိမ်းချမ်းမှုဆိုတဲ့ အရာနဲ့ ဝေးနေတာဖြစ်တယ်။ အချိန်တွေအကြာကြီး ဆက်ပြီး ဒုက္ခရောက်နေတာဖြစ်တယ်။ အပူတောမှာ အခုလို ရင်မောနေကြရတာဖြစ်တယ်။ အဲဒီအာဏာရူးတစ်စု မရှိမှသာ အရင်လိုအဆင်ပြေတဲ့ဘဝ အေးချမ်းခြင်းတရားကို ပြန်ရပြမယ်။ အာဏာရှင်တွေ မရှိလေ တိုင်းပြည်မြန်မြန်အေးချမ်းလေပဲ။ အေးချမ်းခြင်းဆိုတဲ့လောကနိဗ္ဗာန်လမ်းကို အာဏာရှင်တွေမရှိမှသာ ပြန်ရောက်ကြမယ်။
နိဗ္ဗာန်ဆိုတာ ဘုံဌာနကြီးမဟုတ်၊ ငြိမ်းချမ်းမှုကို ဆိုလိုတာမို့ နည်းနည်းငြိမ်းချမ်းနေရင် နည်းနည်းနိဗ္ဗာန်ရတာပါပဲ။ များများငြိမ်းချမ်းရင် များများနိဗ္ဗာန်ရပါတယ်။ ဒုက္ခတွေကင်းပြီး အဆုံးစွန်ငြိမ်းချမ်းတဲ့အခါ သန္တိသုခဆိုတဲ့ အဆုံးစွန်အေးချမ်းမှုကို ရကြမယ်။
သာမန်ပြည်သူတွေအတွက်ကတော့ အေးချမ်းမှု လောကနိဗ္ဗာန်ဟာ မဝေးပါဘူး။ အာဏာပြမဲ့သူမရှိလို့ဘယ်သူ့ကိုမှ မကြောက်ရတဲ့အချိန်၊ ဘယ်သွားသွားလုံခြုံမှုရှိတဲ့အချိန်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများပြီး စီးပွားရှာလို့ ကောင်းတဲ့အချိန် ၊ ရေအမြဲလာပြီး လျှပ်စစ်မီးမပျက်၊ ဂက်စ်တွေ လိုသလောက်ရတဲ့အချိန်၊ သွားလာရေးအတွက် ကား၊ရထား၊လှေသင်္ဘော အချိန်မှန်လို့ အဆင်ပြေတဲ့အချိန်၊ စားစရာ၊ ဝတ်စရာ၊ နေထိုင်စရာတွေကို ဝင်ငွေနဲ့ထွက်ငွေ မျှတလို့ ပူပင်စရာမလိုချိန် စတာတွေရှိနေရင် စိတ်အေးချမ်းမှုရမယ်၊ ကိုယ်လုံခြုံမှုရှိမယ်။ လူ့ဘောင်လောက အထိုက်အလျောက်အေးချမ်းအဆင်ပြေနေရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားကို လိုက်နာကြဖို့ တရားတွေအတင်းဟောနေစရာမလိုတော့ဘူး။
ဗုဒ္ဓဘာသာဝင်တွေပီပီ လှူတော့လှူကြပါရဲ့။ လွဲချော်တဲ့အလှူတွေကများနေတယ်။ လိုအပ်တဲ့နေရာကိုလှူတာထက် ပိုလျှံတဲ့နေရာတွေ ဖြစ်နေတယ်။ တိုက်ကျောင်းကြီးပေါ်မှာနေ၊ ဇိမ်ခံကားစီး၊ ဘွဲ့အမျိုးမျိုးခံယူရင်း အာဏာရူးကိုဘုံမြှောက်ပေးနေတဲ့ ဘုန်းကြီးတွေကို ဆည်းကပ်ကိုးကွယ်၊ လတ်တလောနာမည်ကြီးနေတဲ့ အင်းဘုန်းကြီး၊ ဓာတ်ဘုန်းကြီး၊ နတ်ဘုန်းကြီး၊ နံပါတ်ပေးတဲ့ဘုန်းကြီး စတဲ့ကိုယ်တော်တွေနောက်ကိုလိုက်၊ အဆောင်တွေတောင်း၊ စီးပွားလာဘ်လာဘတိုးရေး၊ အောင်မြင်ကြီးပွားရေးဆိုတဲ့ ရလိုမှုလောဘတွေ ရှေ့တန်းတင်ပြီး ယတြာတွေချေ၊ ဗေဒင်တွေမေး၊နဂါးရုံဘုရား၊ ကျောက်စိမ်းဘုရား၊ ပတ္တမြားဘုရား၊ ဟိုဘုရား၊ ဒီဘုရား နဲ့ ဘုရားရုပ်ထုတွေ မလိုအပ်တဲ့နေရာတွေမှာဆောက်၊ သာသနာပြုဆိုတဲ့ နာမည်ကောင်းလေးခံယူရင်း နိဗ္ဗာန်အိပ်မက်မှာ ပျော်နေကြဦးမယ်ဆိုရင်တော့ မြန်မာပြည်သူအများစုဟာ လောကငရဲထဲမှာ ပူလောင်မှုတွေနဲ့သာ ဆက်ပြီးရင်ဆိုင်နေကြဦးမှာပဲ။
ဟော်တယ်မှာ မွေးနေ့ပွဲကျင်းပပြီး ဇိမ်ခံအိမ်ဝယ်နေတဲ့ ဇိမ်ခံကိုယ်တော်တွေ၊ ဘုရားရှင် သတ်မှတ်ထားတဲ့ ရဟန်းဝိနည်းနဲ့အညီမနေထိုင်ပဲ သင်္ကန်းအကာအကွယ်နဲ့ စီးပွားရေးသောင်းကျန်းနေတဲ့ကိုယ်တော်တွေ၊ အဓမ္မအာဏာရှင်တွေက ဘာသာရေးကို အသုံးချပြီး လုပ်စား နိုင်ငံရေးလုပ်နေတာ သိသိကြီးနဲ့ ငါ့ကို ကိုးကွယ်ရင် ဘယ်သူဖြစ်ဖြစ် ငါ့ဒကာဆိုပြီး အရူးဘုံမြှောက် လုပ်ပေးနေကြတဲ့ ကိုယ်တော်တွေကို လှူဒါန်းနေခြင်းဟာလည်း အကျိုးများပါ့မလား စဉ်းစားသင့်ပါတယ်။ အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ကိုယ်တော်တွေ များနေသမျှ ပြည်သူတွေအတွက် အေးချမ်းမှုဟာ ဝေးသည်ထက်ဝေးနေမှာပဲ။
သာသနာတော် တကယ်တိုးတက်ဖို့ ဆိုရင် ပစ္စည်းလေးပါးမလုံလောက်တဲ့ စာသင်သားသံဃာငယ်လေးတွေကို လိုအပ်တာလှူပါ၊ နာမည်ကြီးဘုန်းကြီးတွေအတွက် မလိုအပ်ပဲလှူဒါန်းနေခြင်းထက် စာသင်သားကိုယ်တော်လေးတွေကို ချီးမြှောက်မှုပေးခြင်းက အနာဂတ်သာသနာအတွက် ပိုလို့ခိုင်မာစေပါလိမ့်မယ်။ ချမ်းသာပြီးသားဘုန်းကြီးတွေနောက်ကိုလိုက်ပြီးပံ့ပိုးနေမဲ့အစား ဆင်းရဲချို့တဲ့တဲ့ ကျောင်းတွေ၊ သီလရှင်စာသင်သားလေးတွေကိုထောက်ပံ့လှူဒါန်းခြင်းက သာသနာအတွက် သာ၍ အကျိုးရှိပါလိမ့်မယ်။
မြန်မာ့နွေဦးအတွက်လည်း အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ ပြည်သူအများက အခုထက်ပိုပြီးဝိုင်းကူကြ လှူကြဖို့ လိုပါတယ်။ မြန်မာ့နွေဦးစတဲ့အချိန်ထဲက ဓမ္မဖက်မှာမားမားမတ်မတ်ရပ်တည်ရင်းတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြတဲ့အလှူရှင်တွေ ရှိတယ်။ ထောက်ပို့မိသားစုတွေရှိတယ်။ပြည်သူ့အစိုးရကလည်း ဒီအလှူရှင်တွေရဲ့အလှူငွေတွေနဲ့ ရပ်တည်လည်ပတ်နေရတယ်။ စိုးမိုးနယ်မြေတွေမှာ လိုအပ်သမျှကို ထောက်ပံ့နေရတယ်။ ပြည်သူ့အင်အားနဲ့ယှဉ်ရင်တော့ အင်အားနည်းနေသေးတယ်။
ပိုက်ဆံရှိတဲ့လုပ်ငန်းရှင်သူဌေးအချို့ကလည်း ပိုင်ဆိုင်မှုတွေဆုံးရှုံးမှာကြောက်လို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ မတရားမှန်းသိရက်နဲ့ မဆိုင်သလို ကြည့်နေကြတယ်။ ပါးစပ်က အဓမ္မသမားတွေကိုမကောင်းပြောပေမဲ့ ဓမ္မအတွက် လက်က အလှူငွေမထွက်။ အကြောက်တရားအောက်မှာ နင်းပြားလုပ်နေကြရင်း ရသမျှပေါ့၊ လျှပ်စစ်မီးမလာရင် မီးစက်မောင်းမယ်၊ မီးစက်အတွက်ဆီမရရင်လည်းငုတ်တုတ်ထိုင်နေမယ်ဆိုတဲ့ သူဌေးတွေလည်း မနည်းလှဘူး။
တချို့ကလည်း ဂျင်းပေါင်းစုံဆေးခါးကြီးအောက်က မရုံးထွက်နိုင်ပဲ ဓမ္မဖက်မှာရပ်တည်ပြီး မတရားမှုကိုဆန့်ကျင်နေတဲ့ ပြည်သူ့အစိုးရတို့ ဌာနေနွေဦးအဖွဲ့တို့ကို လှူဖို့တိုက်တွန်းလိုက်ရင် ငရဲပဲကြီးတော့မှာလိုလို၊ မနက်ဖြန်ပဲ ထောင်ကျတော့မှာလိုလို နဲ့ ရှောင်ပြေးချင်ကြသေးတယ်။ တရားတဲ့ဖက်ကိုမကူညီပဲ မတရားအာဏာသိမ်းထားပြီး ရွာလုံးကျွတ်မီးရှို့လူသတ်၊ လေယဉ်နဲ့ဗုံးကြဲနေတဲ့ အဓမ္မဝါဒီတွေကို တဖက်တလမ်းက အားပေးမှုကြောင့် ကိုယ်လည်း အဓမ္မဝါဒီဖြစ်နေပြီဆိုတာ မေ့နေကြတယ်။အာဏာရှင်ကို ကိုယ်ပေးလိုက်တဲ့အခွန်ငွေဟာ ပြည်သူကို ဆက်ပြီးဒုက္ခဆက်ပြီးပေးဖို့ မီးစာထိုးပေးနေတာပဲဆိုတာကို သတိမရကြဘူး။
ဒီလိုလူတွေအနေနဲ့ နှုတ်ခမ်းနီတောင့်လေးတွေ၊ နာနတ်သီးတွေအတွက် မလှူရဲဘူးဆိုရင်တောင် ရွာလုံးကျွတ်မီးရှို့ခံထားရလို့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလှူပေးပါ။ အိမ်လေးတွေပြန်ဆောက်ပေးပါ။ တိုက်တွေများတဲ့နေရာမှာ တိုက်တွေထပ်ဆောက်ပြီး လှူတာထက် နေစရာမရှိတဲ့သူကို အိမ်လေးဆောက်ပေးတာက ပိုအကျိုးရှိပါတယ်။ ဆေးကုသဖို့ ခက်နေသူကို ဆေးကုသပေးပါ။ ဝတ်စရာမရှိသူကို ဝတ်စရာပေးပါ။ ပုဂံခွက်ယောက်လိုသူကို ပုဂံခွက်ယောက်ပေးပါ။ ပိုရင်လှူ၊ လိုရင်ယူ ဆိုတာ အဲဒီလိုမျိုးကို ဆိုလိုပါတယ်။ ဘုရားကြိုက်တဲ့ အလှူမျိုးဆိုတာ ဒါမျိုးကိုသာဆိုလိုတယ်။
ဆွမ်းဟင်းခွက်တွေ နှစ်ဆယ်သုံးဆယ်နဲ့ပြည့်နေတဲ့ ဆွမ်းကပ်ပွဲတွေမှာ မလိုအပ်ပဲ အစားအစာတွေဖြုန်းတီးခြင်းထက် စားစရာမဲ့နေတဲ့ စစ်ပြေးဒုက္ခသည်ကလေးငယ်လေးတွေ၊ ဒုက္ခသည်တွေကိုထမင်းတစ်နပ်ကျွေးရခြင်းက အကျိုးပိုရှိပါတယ်။ ကျောင်းမှာ အစားအသောက်တွေများလို့ဘုန်းကြီးတွေဘုန်းပေးပြီးနောက် ခွေးတွေကျွေးတာတောင်မကုန်ဘူး၊ ဒါတွေဟာ အကျိုးမဲ့မို့အလဟဿဖြစ်တာပဲ၊ ဖြုန်းတီးခြင်းပဲ လို့ ပါချုပ်ဆရာတော်ကြီး ဟောကြားတာ နာကြားဖူးတယ်။လက်တွေ့မှာလည်း အဲလိုအဖြစ်အပျက်တွေ မြင်တွေ့နေရဆဲပဲ။
ဓမ္မဘက်မှာ ရပ်တည်ဖို့အတွက် စီဒီအမ်ဝင်ခဲ့သူ ဝန်ထမ်းတွေထဲမှာ တကယ်ဒုက္ခရောက်နေသူတွေရှိတယ်။ ပြည်သူက ရွေးချယ်ခဲ့တဲ့ ပြည်သူ့အစိုးရကိုထောက်ခံလို့ အာဏာသိမ်းတာကိုဆန့်ကျင်ခဲ့တဲ့သူတို့ကို ကူညီပါ၊ အားပေးပါ၊ စောင့်ရှောက်ပါ၊ တတ်နိုင်သမျှ ရိုင်းပင်းပါ၊ ပြည်သူမှ ပြည်သူကိုစောင့်ရှောက်မှုပေးကြပါ။ မြန်မာ့နွေဦးကို တိုက်ရိုက်မလှူရဲကြရင်တောင်မှ နိုင်ငံတကာမှာရှိကြတဲ့မိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းပြီး ပေးလှူနိုင်ကြပါတယ်။
ပြည်သူအချင်းချင်းစောင့်ရှောက်ပေးခြင်းဟာ မြန်မာ့နွေဦးကို တဖက်တလမ်းက ကူညီရာရောက်ပါတယ်။ ပြည်သူ့အစိုးရအတွက်လည်း အဓိကလိုအပ်နေတဲ့ စစ်ဆင်ရေးတွေအတွက် ပိုပြီးအာရုံစိုက်နိုင်စေမှာဖြစ်တယ်။ ထောက်ပို့တာဝန်ကို နိုင်သမျှ ယူပေးကြမဲ့ ပြည်သူတွေ များလာမှ မြန်မာ့နွေဦးက ပိုခရီးရောက်မယ်။ အချိန်ပိုမြန်မယ်။ အဓမ္မဝါဒီတွေ ကျရှုံးမှသာ အေးချမ်းမှုပြန်ရမယ်။ အမြန်ငြိမ်းချမ်းမယ်။ တိုင်းပြည်ကြီး သာယာလာမယ်။ လောကနိဗ္ဗာန် ရရှိမယ်။
ပြည်သူတွေ ပင်ပန်းနေတာ သိပါတယ်။ ပြိုင်းနေပြီဆိုတာလည်း နားလည်ပါတယ်။ ပြည်သူ့အစိုးရအပေါ် အားမရတာတွေ ရှိနေတာလည်း ကိုယ်ချင်းစာပါတယ်။ ဝေဖန်သင့်တယ်ထင်ရင် ဝေဖန်ပါ၊ထောက်ပြစရာရှိရင်ထောက်ပြပါ။ ကိုယ့်အစိုးရမို့ မကျေနပ်ရင် ဆဲချင်ဆဲမယ်၊ အကူအညီကတော့လျှော့ချလို့မရ။ ဌာနေဂျန်ဇီတွေအတွက် ဖြစ်စေ၊ ပြည်သူ့အစိုးရကို ဖြစ်စေ၊ စစ်ဘေးသင့် ပြည်သူတွေကိုဖြစ်စေ၊ ဆေးဝါးအကူအညီဖြစ်စေ၊ ဓမ္မဘက်က စီဒီအမ်များကို ဖြစ်စေ၊ လိုအပ်နေတဲ့နေရာတွေမှာ လှူကြပါ၊ ကူကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
များများလှူမှ မြန်မြန်ငြိမ်းချမ်း လောကနိဗ္ဗာန်လမ်း ရောက်လာမယ်။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar