Breaking News

ပြဿနာ အဖြေထွက်ဖို့ ရှည်ကြာနေတဲ့ မြန်မာ့အရေးက ကမ္ဘာမှာ တဖြည်းဖြည်း နောက်သို့ ရောက်

မြန်မာ့နွေဦးခရိုနီကယ် - ဧပြီ ၂ မြင်ကွင်း

မိုးမခ - ဧပြီ ၃၊ ၂၀၂၃


ပြဿနာ အဖြေထွက်ဖို့ ရှည်ကြာနေတဲ့ မြန်မာ့အရေးက ကမ္ဘာမှာ တဖြည်းဖြည်း နောက်သို့ ရောက်

မြန်မာ့အရေးလို့ ဆိုလို့ မြန်မာဆိုတာ လူမျိုးကိုရည်ညွှန်းတာမဟုတ်ပဲ နိုင်ငံကို ရည်ညွှန်းတဲ့သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ပတ်သက်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေ အားလုံးကို ရည်ညွှန်းဆိုလိုချင်တာဖြစ်ပါတယ်။ 

နိုင်ငံတကာ နေ့စဥ် သတင်းတွေထဲ ဖတ်ရှုတဲ့အခါ မြန်မာ့အရေးက တဖြည်းဖြည်း မှေးမှိန်လာတာတွေ့နေရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏသိမ်းခါစ လပိုင်းတွေက အခြေအနေမျိုးနဲ့ ယှဥ်ရင် သိသိသာသာ လျော့နည်းလာနေပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးကို တန်ဖိုးထား အားပေးကြတဲ့ ဥရောပနဲ့ အနောက်နိုင်ငံတွေအဖို့ ယူကရိန်း-ရုရှား စစ်ပွဲစတင်ပြီးနောက် မြန်မာ့စစ်အာဏာရှင် ဆန့်ကျင်အံတုမှုကို ဆက်လက် ထောက်ခံအားပေးနေသော်လည်း လက်ရှိ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်ခိုက်တဲ့ စစ်ပွဲက ဥရောပအတွက် အနောက်နိုင်ငံတွေအတွက် တိုက်ရိုက် ထိခိုက်သက်ရောက်မှုရှိတဲ့ ပြဿနာဖြစ်တာကြောင့် ကမ္ဘာ့ရဲ့ အခြားသော ဒေသတခုဖြစ်တဲ့ အရှေ့တောင်အာရှက မြန်မာ့အရေးကို နောက်တန်းသို့ရောက်စေခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးကို စိတ်ဓာတ်ရေးရာအရ ကူညီမှုမှာ လျော့ကျခြင်းမရှိပေမယ့်လည်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရ အကူအညီတွေ လျော့နည်းခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ မြန်မာ့အရေး ကိစ္စအနေနဲ့ ဆယ်စုနှစ်တွေ နဲ့ ချီရှည်ကြာမယ်၊ မကြာဘူး ဘယ်သူမှ မပြောနိုင်သေးပေမယ့် ၂ နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာ အာရုံစိုက်မှုနဲ့ ရုပ်ဝတ္ထုဆိုင်ရာ အကူအညီတွေ လျော့ကျလာတာကတော့ သဘာဝပဲ ဖြစ်ပါတယ်။ 

မြန်မာ့အရေးမှာ လက်နက်ကိုင်တိုက်ပွဲ အနေနဲ့လည်း အချိန်ကာလ အကန့်အသတ်တခုကို ရည်မှန်းသတ်မှတ်ထားပြီး အရှုံး အနိုင် ရလဒ်ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။ နှစ်ကာလရှည်ကြာလာတာနဲ့ အမျှ စစ်မြေပြင်နဲ့ ဆက်စပ်ဒေသတွေမှာနေထိုင်ကြတဲ့ လူထု အနေနဲ့ လက်နက်ကိုင် တိုက်ပွဲအပေါ် စိတ်ဓါတ်ရေးအရ၊ ရုပ်ဝတ္တုအရ (အခွန်အကောက် ၊ အလှူငွေထည့်ဝင်မှု အစရှိတဲ့) ထောက်ခံအားပေးမှု နဲ့ ခံနိုင်ရည်က လျော့နည်းလာမယ့် သဘောမျိုးရှိလာနိုင်ပါတယ်။ 

မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံရေး အယူဝါဒပေါ် အခြေပြုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာရဲ့ သမိုင်းအတွေ့အကြုံတွေ ရှိခဲ့ကြတာမို့လို့ ဒီနေ့ခေတ်က အဲဒီကာလနဲ့ အခြေအနေချင်း မတူကြသော်လည်း နှိုင်းယှဥ် သင်ခန်းစာယူစရာတွေ ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး တနည်းအားဖြင့် ပြည်တွင်းစစ် ရှည်ကြာလာသည်နဲ့အမျှ အခြေစိုက်တဲ့ ဒေသရဲ့ စိုက်ပျိုးရေး ကုန်သွယ်မှု စတဲ့ စီးပွားရေးတွေ ကျဆင်းလာပြီး ကောက်ခံရရှိနိုင်တဲ့ အခွန်အကောက် ပမာဏလည်း လျော့နည်းလာတဲ့ သဘောမျိုးဖြစ်ပါတယ်။ တော်လှန်ရေး ကာလဦး အချိန်လို စိတ်အားတက်ကြွမှု ယုံကြည်မှု အပြည့်အဝနဲ့ ထောက်ခံပါဝင်မှုမျိုးကို နှစ်များစွာကြာအောင် ထိန်းထားဖို့ မလွယ်ကူတာ အမှန်ပဲဖြစ်ပါတယ်။ 

ဒါကြောင့် အချိန်ကာလရှိတုန်း အပြောင်းအလဲ တခုဖြစ်အောင် ကြိုးစားကြဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီ၊ အာရုံစိုက်မှုတွေထက် ပိုပြီးအဓိကကျတာက ပြည်တွင်းက အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတကာက အကူအညီတွေ ၊ စိတ်ဓာတ်ရေးအရ၊ သံတမန်ရေးအရ ကူညီအားပေးမှု၊ ထောက်ခံမှုတွေက အရေးပါတာ မှန်သော်လည်း ပြည်တွင်းက လူထုရဲ့ရေချိန် နဲ့ အင်အား ခံနိုင်ရည်၊ ရုပ်ဝတ္ထုနောက်ခံပစ္စည်းတွေ ရှိဖို့ လျော့နည်းမသွားဖို့က ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။ 

ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီ ရှည်ကြာသည်အထိ နေထိုင်နေရတဲ့ ဒေသခံလူထုအဖို့ ရိက္ခာပြဿနာ၊ လူသား ဂုဏ်သိက္ခာ ပြဿနာ၊ အဲဒီမှာ နေထိုင်နေကြရတဲ့ ကလေးသူငယ်တွေအဖို့ ပညာသင်ကြားခွင့်တွေလည်း မရေမရာ အခြေအနေမျိုးအောက်မှာ နှစ်ပေါင်းများစွာ ကြာနေတာမျိုးက အဓိက ပြဿနာဖြစ်လာနေတာ ဖြစ်ပါတယ်။ 

အချို့သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး အရှိန်မြင့်တုန်းမှာ ဖိပြီးအင်အားသုံး တွန်းလှန်ကြတဲ့ သာဓကတွေလည်း ခုနှစ်ပိုင်းမှာတွေ့ရမှာ ဖြစ်ပါတယ်။ စိတ်အားတက်ကြွစွာ ထောက်ခံမှုရနေချိန်မှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖြည့်ဆည်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်နိုင်ခွင့်အတွက် အပြင်းအထန် လုပ်ဆောင်ကြတာ ခုနှစ်ပိုင်းမှာ တွေ့ကြရပါတယ်။ ၄င်းတို့ ပြည်နယ်လွတ်မြောက်သွားတဲ့ ရည်မှန်းချက်အထိတော့ မရောက်ခဲ့ပေမယ့် ထောက်ခံမှု အင်အားနဲ့ စုစည်း တိုက်ခိုက်မှုအင်အားကြောင့် အရွေ့တခု အပြောင်းအလဲတခုကို ရခဲ့တာလို့ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ 

အလားတူ လက်ရှိ မြန်မာ့ဒီမိုကရေစီအရေး လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့လည်း အချိန်ကာလ သတ်မှတ်ချက်တခု သတ်မှတ်ကာ အရွေ့တခုဖြစ်ပေါ်အောင် ကြိုးစားကြဖို့ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ချမှတ်သင့်ပြီလို့ ယူဆမိပါတယ်။ လက်ရှိလည်း ချမှတ်ထားပြီးသားဖြစ်တယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ သို့ပေမယ့် ပါဝင်လှုပ်ရှားနေတဲ့ ကြံ့ကြံ့ခံ ထောက်ခံအားပေးနေသူတွေ အနေနဲ့တော့ အဲဒီလို ဆုံးဖြတ်ချက် မဟာဗျူဟာ ရှိနေခြင်း ရှိမနေခြင်းကို မသိရှိရတာမို့ အားလုံးအနေနဲ့ အသိရှိရှိနဲ့ ကြိုးစားတာမျိုးက ပိုသဘာဝကျလိမ့်မှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar