Breaking News

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ လျှပ်စစ်မီးပြဿနာ တကျော့ပြန်ဆိုးလာတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁ မြင်ကွင်း

(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၃


ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ လျှပ်စစ်မီးပြဿနာ တကျော့ပြန်ဆိုးလာတဲ့ မြန်မာနိုင်ငံ

၂၀၁၀ ပြည့်နှစ်မတိုင်ခင် စစ်အစိုးရလက်ထက် ၉၀ ပြည့်နှစ် ၂၀၀၀ ပြည့်နှစ်လွန်နှစ်တွေက ဆိုးရွားနေခဲ့တဲ့ လျှပ်စစ်မီး မလုံလောက်မှုပြဿနာက အခု စစ်အာဏာသိမ်းမှုအပြီး တကျော့ပြန် ဆိုးရွားလာတာ တွေ့ရပါတယ်။ ယခင်က လျှပ်စစ်မီးပြဿနာလို့ ဆိုလိုက်ရင် မြို့မှာ နေထိုင်သူတွေရဲ့ ပြဿနာလို့ ဆိုကြမှာ ဖြစ်ပေမယ့် လျှပ်စစ်မီး ပြတ်တောက်မှုပြဿနာက မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးမြို့တွေရဲ့ ပြဿနာသာ မဟုတ်တော့ပါဘူး။  အခြားသော ပြည်နယ်၊ တိုင်းမြို့တွေနဲ့ ကျေးရွာတွေလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုတွင်း လျှပ်စစ်မီးကို တဖြည်းဖြည်း အသုံးများလာတာ၊ တိုးချဲ့ သွယ်ယူခဲ့ကြတာကြောင့် အခုလို လျှပ်စစ်မီး မလုံလောက်မှု ပြဿနာက မြို့ကြီးတွေရဲ့ ပြဿနာသက်သက်မဟုတ်တော့ဘဲ နယ်မြို့တွေ ၊ ကျေးရွာတချို့နဲ့လည်း သက်ဆိုင်လာတာ ဖြစ်ပါတယ်။ 

လက်ရှိ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှု ပြဿနာကို စစ်ကောင်စီက PDF တွေက သဘာဝဓါတ်ငွေ့ပိုက်လိုင်းတချို့ ဖောက်ခွဲတာ၊ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲတာတွေ ကို လတ်တလောအကြောင်းပြချက်တွေအဖြစ် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ ပီဒီအက်တွေ က မွန်ပြည်နယ် သထုံနဲ့ ကယားပြည်နယ်က နေပြည်တော်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပို့ တာဝါတိုင်တွေ မိုင်းခွဲခံရတဲ့ အဖြစ်အပျက်တွေကို အဓိကအချက်အဖြစ် သတင်းထုတ်ပြန်ကာ နိုင်ငံရေးအရ အသုံးချနေတာလည်း ဖြစ်ပါတယ်။ လက်တွေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ လျှပ်စစ်တာဝါတိုင်တွေ မိုင်းခွဲခံရတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားခဲ့တာ မှန်ပေမယ့် စီးပွားရေး စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ အခြားသောအကြောင်းအချက်တွေ ရှိနေတာကိုတော့ စစ်ကောင်စီက ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး။ 

နိုင်ငံရဲ့ နိုင်ငံခြားငွေကြေးကို စစ်လက်နက် ဝယ်ယူရေးမှာ အဓိကအသုံးပြုနေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ သဘာဝဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်ယူမှုတွေကို လျှော့ချပြီး သဘာဝဓာတ်ငွေ့ပိုမိုရောင်းချကာ နိုင်ငံခြားငွေပိုရအောင် ကြိုးစားတာတွေ၊ နှစ်စဥ်တိုးမြင့်လာနေတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေနဲ့ ထုတ်လုပ်နိုင်တဲ့ ပမာဏက လျော့ကျသွားတာကြောင့် ပြောင်းပြန် ဆန့်ကျင်ဘက် အနေအထားဖြစ်နေပြီး ယခင်နှစ်တွေက ရနိုင်တဲ့ နာရီပမာဏထက်ကို လျော့ပါးသွားစေတဲ့ အကျိုးဆက်တွေ ခံစးရတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက လူတွေရဲ့ နေ့စဥ်ဘဝ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပညာရေး၊ ကျန်းမာရေးတွေကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ ကြီးကြီးမားမား ထိခိုက်လာနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအဖို့ လူထုရဲ့ ထောက်ခံမှုကို လက်လွှတ်ဆုံးရှုံးပြီးသားမို့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လူထုမကျေနပ်မှုတွေကို အလေးမထားပေမယ့်လည်း စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုတွေကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးအာဏာကိုလည်း အနည်းနဲ့အများသက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။  

စစ်အာဏာ မသိမ်းမီက လျှပ်စစ်မီး လိုအပ်ချက်တွေကို လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေထံမှ ယူနစ်နဲ့ ဝယ်ယူပြီး မဟာဓါတ်အားလိုင်းထဲသို့ ထည့်သွင်းကာ လူနေအိမ်သုံးနဲ့ စက်မှုလုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဟာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတခု ဖြစ်နေပေမယ့် ပညာရေး ကျန်းမာရေး နဲ့ စီးပွားရေး ကုန်ထုတ်လုပ်စရိတ် ကျဆင်းလာခြင်းနဲ့အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိ သက်ရောက်မှုရှိတာကြောင့် ယခင် ရွေးကောက်ခံအစိုးရလက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တနှစ်ထက်တနှစ် တိုးတက်ဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် စစ်အာဏာသိမ်း အပြီးမှာတော့ ပြောင်းပြန်အခြေအနေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက နယ်မြို့တွေမှာ နေထိုင်သူတွေ အဖို့လည်း လူနေမှုဘဝအတွက်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေရရှိမှုအတွက် လျှပ်စစ်မီးက အရေးကြီးသလို မြို့ကြီးတွေမှာ နေထိုင်သူတွေ အဖို့ လေဝင်လေထွက် နည်းပါးတဲ့ အဆောက်အဦတွေထဲ ကျဥ်းကျပ်တဲ့ နေအိမ်တွေမှာ နေထိုင်ရသူတွေ အထပ်မြင့်မှာနေထိုင်ရပြီး ရေစုပ်စက်နဲ့ ရေတင်ဖို့ရာ ရေလာချိန်နဲ့ မီးလာချိန် မတိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေက လူနေမှုဘဝကို ကြီးကြီးမားမား သက်ရောက်မှုရှိနေစေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar