Breaking News

မောင်စွမ်းရည် - စာပေလောက သခင်ခင်ညွန့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်စာအုပ်

မောင်စွမ်းရည် - စာပေလောက သခင်ခင်ညွန့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်စာအုပ်

(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၃


စာပေလောက သခင်ခင်ညွန့်မှာ အထက်မင်းလှ ဇာတိဖြစ်ပြီး ရေနံမြေကို ပြောင်းရွှေ့နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက နိုင်ငံရေးစိတ်ဓာတ် ပြင်းပြသူဖြစ်လို့ မင်းလှမှာ ဂျီစီဘီအေအဖွဲ့ ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ 

သခင်ခင်ညွန့်ဟာ ဖခင်ကြီးရဲ့ အရိပ်ဩဇာအောက်မှာ နိုင်ငံရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ဖွံ့ဖြိုးလာခဲ့ပြီး ငယ်စဉ်ကတည်းက စာပေနှင့် နိုင်ငံရေးကို လေ့လာလိုက်စားခဲ့ပါတယ်။ တဖက်မှ တိုးတက်မယ်လို့ ယုံကြည်တဲ့အတွက် စာအုပ်ငှားခြင်း၊ စာအုပ်ရောင်းခြင်းအလုပ်ကို လွယ်အိတ်ထဲမှာ စာအုပ်ထည့်ပြီး လှည့်လည်ရောင်းချ၊ ငှားရမ်းတဲ့အလုပ်နဲ့ သူ့ဘဝကို စတင်ခဲ့ပါတယ်။

ရေနံချောင်းမှာ စာအုပ်ဆိုင်ဖွင့်နေစဉ် ရေနံမြေ အရေးတော်ပုံကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သခင်ဖိုးလှကြီးတို့နဲ့အတူ ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်ကို ချီတက်ရာမှာ ပါဝင်ခဲ့ပါတယ်။ မကြာခင် ရန်ကုန်ကို ရွှေ့ပြောင်းနေထိုင် အခြေစိုက်ပြီး စာအုပ်ရောင်းဝယ်ရေးပါမက စာအုပ်တွေ ပုံနှိပ်ထုတ်ဝေရေးပါ တိုးချဲ့လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မြန်မာပြည် စာပေလောကမှာ သက်တမ်းအရှည်ဆုံး စာအုပ်တိုက်တတိုက်အဖြစ် ရန်ကုန်မြို့လယ်ကောင်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သားသမီးများသာမက မြေးများပါ ဆက်ခံပြီး စာအုပ်ထုတ်ဝေရေးနှင့် စာအုပ် ရောင်းချရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာခဲ့ရာမှာ ရန်ကုန်မြို့ ရပ်ကွက်အနှံ့ ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သခင်ခင်ညွန့်ဟာ ၁၉၁၃ မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ် အသက် ၉၀ ကျော်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သခင်ခင်ညွန့်မှာ စာပေထုတ်ဝေရောင်းချရေးအလုပ်ကိုသာ တသက်လုံး လုပ်ကိုင်နေရာက ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ပေါက်လာတဲ့အခါမှာ ပါဝင်လှုပ်ရှားခဲ့ပြီး အဖွဲ့ချုပ်ကိုယ်စားလှယ် ရေနံချောင်း အမတ်အဖြစ် အရွေးခံရပြီး နိုင်ငံရေးသမားအဖြစ် ပြန်လည်ခံယူရင်း ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ဝန်းရံခဲ့ပါတယ်။ အဲဒီတော့ အသက် ၇၀ ကျော်လို့ ငါးနှစ်လောက်ကို စွန်းခဲ့ပါပြီ။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းဝင် တို့ဗမာအစည်းအရုံးကြီးက နောက်ဆုံး ကျန်ခဲ့သူတဦးက ဒီမိုကရေစီအရေးတော်ပုံအထိ ပါဝင်လာခဲ့တာ ထူးခြားမှတ်သားဖွယ်ရာ ဖြစ်ပါတယ်။

သခင်ခင်ညွန့် ရာပြည့်ပွဲကို ၂၀၁၄ မှာ ကျင်းပတော့ ကျွန်တော်က ပြည်ပရောက်နေပါတယ်။ အဝေးပြည်ပကနေ အမှတ်တရ စာမူတစောင် ရေးပြီးပို့ခဲ့ပါတယ်။ စာအုပ်ထွက်ပြီး ဆက်သွယ်ပို့ဆောင်ရေး အခက်အခဲ အမျိုးမျိုးကြောင့် ကျွန်တော်က ၂၀၂၃ ခုနှစ်ကျမှ ဖတ်ရပါတယ်။ စာမျက်နှာ ၃၀၀ နီးပါး ဂျပ်ထူအဖုံးနဲ့ ကြွေစက္ကူနဲ့ကူးတဲ့ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ တဝကြီး ဖတ်ရပါတယ်။ ပါဝင်ရေးသားကြသူတွေက ၅၀ ကျော်ပါတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည် တို့ကစပြီး သခင်ခင်ညွန့် မိသားစု သား မြေးတွေပါ ပါဝင်ရေးသားထားကြတာ တွေ့ရပါတယ်။ မန္တလေးက စာပေသမားတွေ တယောက်မကျန် ဆိုရအောင် ကိုပညာ(အမရပူရ) တို့၊ မောင်သစ်လွင်(လူထု) တို့က အစ မောင်စွမ်းရည် အဆုံး ဆိုပါတော့။ အားလုံး ပါဝင် ဂုဏ်ပြုရေးသားကြပါတယ်။

သခင်ခင်ညွန့် ရာပြည့်စာအုပ်ကို ဖတ်ပြီး အခြား အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ခြားနားချက်တွေ အများကြီး ရှိတာကို သတိပြုမိပါတယ်။ သခင်ခင်ညွန့် ဆိုတာ စာရေးဆရာ မဟုတ်ပါ။ စာအုပ်ထုတ်ဝေရောင်းချသူပါ။ ဒါပေမဲ့ သူ့ဘဝကို သခင် နိုင်ငံရေးသမားဘဝက စတင်ခဲ့တာပါ။ ရေနံမြေသပိတ်တပ်ကြီးမှာ ပါဝင်ခဲ့ပြီး ရေနံချောင်းကနေ ရန်ကုန်မြို့အထိ ချီတက်ရာမှာလည်း အစအဆုံး ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ နောက်ဆုံး အသက် ၇၀ ကျော်မှာ နောက်တခေတ် ဒီမိုကရေစီအဖွဲ့ချုပ်ကြီး ကိုယ်စားပြု ရေနံချောင်း အလုပ်သမားမြို့ကြီးရဲ့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပါဝင်လာခဲ့ပြန်ပါတယ်။ အခြေအနေပေးရင် သခင်ခင်ညွန့်ရဲ့ ရုပ်တု ထုတ်လုပ်ပြီး ရေနံမြေမှာ စိုက်ထူထားစေချင်ပါတယ်။

သခင်ခင်ညွန့်ဟာ စာအုပ်ရောင်းသူ၊ ထုတ်ဝေသူအဖြစ်သာမက စာအုပ်များကိုလည်း အစုအဆောင်း ဝါသနာကြီးသူ ဖြစ်ပါတယ်။ သခင်ဗဟိန်း ထုတ်ဝေခဲ့တဲ့ အ‌ရေးတော်ပုံစာစောင်ကို သူ့ဆီမှာ တွေ့ရဖူးပါတယ်။ အဲသလို ရှားပါးစာအုပ်တွေကို စာပေလောက က ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကြီးရဲ့ ကျောဘက်မှာ နောက်ဆက်တွဲအဖြစ် သခင်ခင်ညွန့် စုဆောင်းထားခဲ့တဲ့ နာရေးကြော်ငြာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ် စိတ်ကူးကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ သမိုင်းတန်ဖိုးလည်း ကြီးပါပေတယ်။

ဒီစာအုပ်ကြီးက စာမျက်နှာ ၃၀၀ ကျော်မို့ အထူကြီးပါ။ အများက ဝိုင်းရေးထားကြတာလည်း ပြွတ်သိပ်နေတယ်လို့ ဆိုရမှာပါ။ ဒါကြော်င့ အားလုံး အချက်အလက်ဝွေ စုစည်းပြီး စာမျက်နှာ ၁၀၀-၁၅၀ လောက်ရှိတဲ့ ခြေနိုင် လက်နိုင် စာအုပ်ငယ်လေးတအုပ် ပြန်လည်ထုတ်ဝေစေချင်ပါတယ်။

ဦးလေး သခင်ခင်ညွန့် စုဆောင်းထားတဲ့ စာအုပ်တွေထဲက သခင်ဗဟိန်းရဲ့ အရေးတော်ပုံစာစောင်လိုဟာမျိုးကို ပြန်လည်ထုတ်ဝေစေချင်ပါတယ်။ စာပေလောက် ဆိုတာ စာအုပ်တိုက်ကြီးတတိုက် ဆိုတော့ စာအုပ်ထုတ်ဝေဖို့ရာ ဘာမှ အခက်အခဲမရှိပါ။ 

သခင်ခင်ညွန့် ဆိုတာ ဘွဲ့ရ ပညာရှင် စာရေးဆရာကြီး မဟုတ်ဘဲနဲ့ စာပေလောကမှာ ထုတ်ဝေရေးဘက်ကနေ ဦးဆောင်မှု ပေးခဲ့တာ ကြီးကျယ်တဲ့ စွမ်းဆောင်မှုကြီးပါ။ ခုဆိုရင် မြန်မာပြည်မှာ အကြီးဆုံးနဲ့ သက်တမ်းအရှည်ဆုံး စာအုပ်တိုက်ကြီးတတိုက်အဖြစ် ရပ်တည်နေပါပြီ။

သခင်ခင်ညွန့်ရဲ့ သား မြေးများက ဆက်လက်တိုးချဲ့ ဦးဆောင်မှု ပေးနိုင်ကြပါစေ။

သခင်ခင်ညွန့် ဆိုတာ အလယ်တန်းပညာပဲ ရှိခဲ့သူတဦး ဆိုတာ သတိပြုပါ။ 

သား မြေးတွေက တဦးတည်း မဟုတ်ပါ။ စုပေါင်းပြီး စာပေလောက စာအုပ်ထုတ်ဝေရောင်းချရေးကို ပိုမိုမြှင့်တင် တိုးချဲ့မသွားနိုင်စရာ မရှိပါ။ စာပေလောကကို ဆက်လက်မြှင့်တင်နိုင်ပါစေသတည်း။

မောင်စွမ်းရည်

၂၀၂၃၊ ဧပြီ ၁ ရက်

နယူးယောက်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar