သီအိုဇော် - အာဏာရှင် နားဝင်လွယ်တတ်ပါသလား
သီအိုဇော် - အာဏာရှင် နားဝင်လွယ်တတ်ပါသလား
(မိုးမခ) မေ ၈ ၊ ၂၀၂၃
တကယ်တော့ ဒီမြင်ကွင်းလေးက ကြုံတောင့်ကြုံခဲ သမ္မတဟောင်းနှစ်ဦးရဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုပါ။ ဒီလိုဆိုလိုက်လို့ ‘ဪ.... ဒါ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် နှစ်ဦးကြားက ရင်းနှီးမှုသံယောဇဉ်ကို ပြောချင်တာနဲ့ တူတယ်’ ဆိုပြန်ရင်တော့ မဟုတ်ဘူးလို့ပဲ ပြန်ဖြေဆိုရပါလိမ့်မယ်။

အရှေ့တီမောက နှုတ်ဆက်လိုက်တယ်
ဆေးရုံတခုအတွက်တော့ ဤမြင်ကွင်းမျိုးသည် သိပ်အဆန်းတကြယ် မဟုတ်ဟု ဆို၍လည်း ရနိုင်သည်။ ခုတင်ပေါ်တွင် ဝေဒနာခံစားရင်း လဲလျောင်းနေသော လူနာကို ဆွေမျိုးမိသင်္ဂဟများက ထိုကဲ့သို့ လာရောက် မေးမြန်း တတ်ကြသည်သာ။ သို့သော် စက္ကန့်ပိုင်း ဖျတ်ခနဲ မြင်တွေ့လိုက်ရသည့် ပုံရိပ်များက ထိုသူနှစ်ဦးကြား ဆက်ဆံရေး အတိမ်အနက်ကို ထင်ရှားအောင် ပြသပေးလိုက်သကဲ့သို့ ဖြစ်ပြီး ကြည့်သူကို စိတ်ဝင်တစား ပိုဖြစ်စေမိခဲ့သည်။
လူနာကို ပြောလိုက်သည့် စကားသံများက မသဲမကွဲ။ လူနာက သူ၏ဦးခေါင်းကို အားယူကြွပေးလိုက်သည့်အခါတွင် အလွန်ကြေကွဲဝမ်းနည်းနေဟန်ရှိသူက လူနာကို ထွေးပိုက်ထားရင်းနှင့် လူနာ၏ နဖူးကို အသာအယာ နမ်းရှိုက်လိုက်သည်။ လူနာကလည်း သူ၏ညာလက်ဖြင့် ထိုသူ၏ဦးခေါင်းကို ပြန်နှစ်သိမ့်သကဲ့သို့ အသာသပ်ပေးနေသည်။
အနားတွင်သာ ရှိလျှင်တော့ လူနာ လာမေးသူ၏ ရှိုက်ငင်ပြောဆိုနေသည်များကို ကြားရနိုင်မည် ထင်သည်။ သူတို့၏ အသက်အရွယ်များကို မှန်းဆကြည့်ရသည်က ဖခင်နှင့် သားတော့လည်း ဟုတ်ဟန်မတူ။ ညီအကိုများလား၊ ဒါမှမဟုတ် သွေးသားမတော်စပ်လည်း နှစ်ရှည်လများ ခင်မင်ခဲ့ကြဖူးသည့် မိတ်ဆွေသူငယ်ချင်း အရင်းတွေပဲလား။
မေးခွန်းတွေ တသီကြီးကြားက ၁၇ စက္ကန့်ကြာ ဗီဒီယိုကလစ်လေး ပြီးဆုံးသွားခဲ့ပါတယ်။ စာဖတ်သူလည်း ဆောင်းပါး အဆုံးမှာ ဖော်ပြထားတဲ့ လင့်ခ်လေးကို ကြည့်ပြီးတဲ့အခါ ပိုလို့ ခံစားနားလည်နိုင်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ဦးဟာ နိုင်ငံရေးအတူ တွဲဖက်လုပ်ခဲ့ကြဖူးဖို့ အသာထား၊ လူမျိုးမတူ နိုင်ငံလည်း ကွဲပြား ဖြတ်သန်းမှုများလည်း ခြားနားကြသူနှစ်ဦး ဖြစ်တဲ့အတွက်ပါ။ ဆေးရုံလူနာခုတင်ထက်မှ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရရှာသူက အင်ဒိုနီးရှားနိုင်ငံရဲ့ တတိယမြောက် သမ္မတ ‘ဟဘီဘီ’(B.J. Habibie) ဖြစ်ပြီး လူနာ လာမေးသူကတော့ အာရှတိုက်ရဲ့ သက်တမ်းအနုဆုံးတိုင်းပြည် ‘အရှေ့တီမော’(တီမောလက်စ်တီး) နိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ ‘ရှာနားနား ဂူစ်မောင်း’(Xanana Gusmao) ဖြစ်ပါတယ်။
အရှေ့တီမော၏ အဆုံးနဲ့ အစ
အာဏာရှင် ‘ဆူဟာတို’ရဲ့ လက်ထက် ၁၉၇၅ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံက အရှေ့တီမောကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ပါလီမန်က အတည်ပြုပြီးနောက် ၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ၂၇ ခုမြောက် ပြည်နယ်အဖြစ် ‘ဆူဟာတို’က လက်မှတ်ရေးထိုးပြီး ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။
‘ရှာနားနား’က အရှေ့တီမော လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ တော်လှန်ရေးခေါင်းဆောင်တဦးအဖြစ် လွတ်လပ် ရေးတိုက်ပွဲကို ဦးဆောင်ခဲ့သူပါ။ အဓိကအင်အားစုဖြစ်တဲ့ The Revolutionary Front for an Independent East Timor (Frente Revolucionária do Timor-Leste Independente – FRETILIN)ရဲ့ လက်နက်ကိုင်အဖွဲ့အစည်း FALINTIL မှာလည်း စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အဖမ်းခံရပြီးတဲ့နောက် ၁၉၉၃ ခုနှစ် မေလ ၂၁ ရက်နေ့ ရောက်တော့ ထောင်ဒဏ် တသက်တကျွန်း ချခံလိုက်ရပြီး၊ နောက်ပိုင်းမှာ နှစ် ၂၀ ကို ပြောင်းလဲပေးခဲ့ပါတယ်။
ဂျာမနီနိုင်ငံ RWTH Aachen University က ပါရဂူဘွဲ့ ရယူခဲ့တဲ့ လေကြောင်းနဲ့ အာကာသဆိုင်ရာ အင်ဂျင်နီယာ တဦးဖြစ်တဲ့သူ ‘ဟဘီဘီ’ဟာ The Habibie Method၊ The Habibie Factor၊ The Habibie Theorem တို့နဲ့ လေယာဥ် တည်ဆောက်မှု နည်းပညာနယ်ပယ်မှာ နိုင်ငံတကာက အသိအမှတ်ပြုခြင်းခံရသူပါ။ ဒါ့အပြင် စွန့်ဦးတွေ့ရှိတီထွင်မှုများအတွက် မူပိုင်ခွင့်ရရှိသူတဦးဖြစ်ပြီး Airbus 300 စီးရီးတွေ တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ ဂျာမန် ကုမ္ပဏီ Messerschmitt-Bolkow -Blohm (MBB)မှာ ဒုဥက္ကဋ္ဌအဆင့်အထိ ရာထူးရရှိခဲ့သူ ဖြစ်လို့ နိုင်ငံရေးနယ်ပယ်ထဲကို မျက်စိလည် လမ်းမှား ရောက်ရှိလာသူတဦးလို့တောင် ဆိုရမလိုပါ။
‘ဟဘီဘီ’ဟာ ‘ဆူဟာတို’ရဲ့ အစိုးရအဖွဲ့ထဲမှာ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ၊ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများလည်း ရှိသူ ဖြစ်ပါတယ်။ (၁၉၉၇-၉၈) အာရှငွေကြေး အကျပ်အတည်း ဂယက်နဲ့ ဆန္ဒပြလှုပ်ရှားမှုများကြောင့် ၁၉၉၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ‘ဆူဟာတို’ သမ္မတ အဖြစ်က နုတ်ထွက်ခဲ့ရတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒုသမ္မတ ဖြစ်သူ ‘ဟဘီဘီ’က သမ္မတ ဖြစ်လာခဲ့ပါတယ်။
‘ဟဘီဘီ’က ကုလသမဂ္ဂ ကြီးကြပ်မှုနဲ့ အရှေ့တီမောအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံထဲမှာပဲ ဆက်နေမလား ဒါမှမဟုတ် လွတ်လပ်ရေး ရယူမလားဆိုတဲ့ အဖြေကို ရှာနိုင်ရေးအတွက် ဆန္ဒခံယူပွဲ ပြုလုပ်ပေးဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမား ‘ဟဘီဘီ’ရဲ့ ရွေးချယ်ခွင့်ပေးခဲ့မှုကြောင့် အရှေ့တီမော လွတ်လပ်ရေးလမ်းကြောင်းပေါ် ရောက်ခဲ့ရတာကို အရှေ့တီမောနိုင်ငံသားများ ကိုယ်တိုင်က အသိအမှတ်ပြုကြပါတယ်။
သူ့လက်ထက်မှာပဲ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ‘ရှာနားနား’ကို ဂျကာတာ Cipinang အကျဉ်းထောင် ကနေ အိမ်အကျယ်ချုပ် ပြောင်းပေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ ဆန္ဒခံယူပွဲမှာတော့ မဲပေးဖို့ မှတ်ပုံတင်ထားသူ စုစုပေါင်းရဲ့ ၉၈.၆ ရာခိုင်နှုန်း ဆန္ဒမဲပေးကြတယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပြီး မဲပေးသူ ၇၈.၅ ရာခိုင်နှုန်းက အင်ဒိုနီးရှားနဲ့ ဆက်မနေတော့ပဲ လွတ်လပ်တဲ့ အရှေ့တီမောနိုင်ငံ ထူထောင်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆန္ဒခံယူပွဲကို ဘယ်လောက် အလေးအနက် ထားကြတယ်ဆိုတာ မှတ်ပုံတင်ထားသူ ရာနှုန်းပြည့်နီးပါး ရှိကြတာနဲ့ ခန့်မှန်းလို့ရပါတယ်။ ပြည်ပ တိမ်းရှောင်နေကြရသူတွေကလည်း ရောက်ရာအရပ်က မဲပေးနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ကြပါတယ်။ လက်ရှိသမ္မတ နိုဘယ်လ်ဆုရှင် ‘ဂျိုဆေးရာမိုစ့်ဟော်တာ’ (Jose Ramos-Horta) ကိုယ်တိုင် ‘ဆစ်ဒနီ’မြို့မှာ မဲပေးခဲ့ပါတယ်။
နောက်ပိုင်း သမ္မတ’ဟဘီဘီ’ လက်မှတ်ရေးထိုးပြီး လွတ်ငြိမ်းခွင့်ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ‘ရှာနားနား’ ပါဝင်ခဲ့တဲ့အတွက် ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဟဘီဘီကို အရှေ့တီမောက သတိရပါတယ်
‘ဟဘီဘီ’အတွက် ‘ရှာနားနား’ရဲ့ လွမ်းသူ့ပန်းခွေမှာ ‘Big Brother President B.J.Habibie’ လို့ အမည်တပ်ထားသလို ‘တီမောလူမျိုးတွေအနေနဲ့ သင့်ကို ထာဝရ သတိတရရှိနေမှာပါ’လို့လည်း ပါရှိပါတယ်။ ’ဟဘီဘီ’ကို မြှုပ်နှံထားတဲ့ ဂျကာတာတောင်ပိုင်းက Kalibata သူရဲကောင်း ဂူဗိမာန်ကို ’ရှာနားနား’နဲ့အတူ အင်ဒိုနီးရှားရောက် တီမော ကျောင်းသူကျောင်းသားများလည်း လိုက်ပါဂါရဝပြုကြပါတယ်။ ‘ရှာနားနား’က သူတို့ကို ရည်ညွှန်းပြီး ‘ဟဘီဘီ’ရဲ့ ဆောင်ရွက်ခဲ့မှုတွေကြောင့် ဒီကလေးတွေ လွတ်လပ်မှုကို ခံစားခွင့်ရကြတယ်’လို့လည်း ဆိုခဲ့ပါတယ်။
တီမောလူမျိုးတွေ ‘ဟဘီဘီ’ကို သတိတရရှိကြတာ သူ ကွယ်လွန်သွားမှ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘ဟဘီဘီ’ စီစဥ်ပေးခဲ့တဲ့ ဆန္ဒခံယူပွဲ အနှစ် ၂၀ ပြည့်ပါတယ်။ အဲဒီအထိမ်းအမှတ်အနေနဲ့ မြို့တော် ‘ဒီလီ’ မှာ တံတားသစ်တခု တည်ဆောက်နေခဲ့ပါတယ်။ ‘ဟဘီဘီ’ကို လာရောက်ဖွင့်လှစ်ပေးဖို့ ဖိတ်ကြားတဲ့ အချိန်မှာ ‘ဟဘီဘီ’က ဆေးရုံပေါ်ရောက်နေပါပြီ။ သူတို့ကို ကျူးကျော်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတဖြစ်ပေမယ့် သူတို့ ကျေးဇူးတင် လေးစားရတဲ့ ပုဂ္ဂိုလ်အတွက် ရည်ရွယ်ပြီး ‘Ponte B.J. habibie’လို့ တံတားနာမည်ပေးထားတဲ့ ဖွင့်ပွဲကို ’ဟဘီဘီ’ မလာရောက်နိုင်တော့ပါဘူး။ ဖွင့်ပွဲအပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့ မှာ ‘ဟဘီဘီ’ ကွယ်လွန်ခဲ့ပါတယ်။ တံတားနားတဝိုက်မှာပဲ ‘Jardin Ponte B.J Habibie’ ဆိုတဲ့ ‘ဟဘီဘီ’ အမည်ကို အစွဲပြုထားတဲ့ ပန်းခြံတခုလည်း ရှိပါသေးတယ်။
ဖော်ပြခဲ့တာတွေကိုကြည့်ရင် အရှေ့တီမောလွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲ လမ်းဖွင့်ပေးခဲ့သူ၊ ‘ရှာနားနား’ကို ပြန်လွှတ်ပေးခဲ့သူဟာ ‘ဟဘီဘီ’ဆိုတာ ထင်ရှားသလို သမိုင်းကလည်း ဒီလိုပဲ အသိအမှတ်ပြုထားခဲ့တာပါ။ ‘ဟဘီဘီ’ ဟာ အင်ဒိုနီးရှားနိုင်ငံအတွက်လည်း ပြုပြင်ပြောင်းလဲရေး အုတ်မြစ်ချပေးတဲ့သူပါ။ သမ္မတသက်တမ်း ၅၁၇ ရက်မှာ ဥပဒေများအပါအဝင် ပြောင်းလဲမှုများ တရက်ကို ၁.၃ ခု လုပ်ခဲ့သူလို့လည်း မှတ်တမ်းတင်ကြပါတယ်။
ဒီအထဲမှာ အရေးကြီးတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် သူ့အရင် သမ္မတများဖြစ်တဲ့ ‘ဆူကာနို’ သက်တမ်း ၂၂ နှစ်၊ ‘ဆူဟာတို’ သက်တမ်း ၃၂ နှစ်တို့လို ကြာမြင့်စွာ ရာထူးစွဲကိုင်မထားနိုင်အောင် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်း၊ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်း၊ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှု လျှော့ချဖို့ ကြိုးစားခြင်း၊ နိုင်ငံရေးပါတီများနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှု၊ ဘဏ္ဍာငွေကြေးကဏ္ဍ ပြင်ဆင်မှု၊ အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ရေး အစရှိသည်များလည်း ပါဝင်ပါတယ်။
ဘယ်သူမှ ခန့်မှန်းမထားခဲ့တဲ့ အရှေ့တီမော ဆန္ဒခံယူပွဲ ဖြစ်ပေါ်လာဖို့လည်း ‘ဟဘီဘီ’ အတော်လေး ကြိုးစား အားထုတ်ခဲ့ရတာပါ။ ဒီအကြောင်း ဆွေးနွေးတဲ့ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ အစည်းအဝေးဟာ သူ့အစိုးရ အဖွဲ့ သက်တမ်းရဲ့ အရှည်ကြာဆုံး ကက်ဘိနက် အစည်းအဝေးလို့ မှတ်တမ်းတင်ကြရပါတယ်။ အရှေ့တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံ နှစ်ခုလုံးအတွက် အရေးကြီးတဲ့အတွက် ဆွေးနွေးကြသူများ စိတ်လှုပ်ရှားမှု ထိန်းသိမ်းဖို့ ခက်ခဲတဲ့ အစည်းအဝေး ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဟဘီဘီက ရှေ့ကပြေးခဲ့တယ်
‘ဟဘီဘီ’ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အဲဒီအချိန်အခါက ခေတ်ရှေ့သိပ်ပြေးနေခဲ့တယ်လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ အာဏာရှင်လက်အောက်က ရုန်းထွက်လာခါစ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အရှေ့တီမောအရေး အပါအဝင်၊ ဖော်ပြပါ ပြုပြင်ပြောင်းလဲရေးများကို သူ ဆောင်ရွက်ခဲ့ပုံက အင်ဒိုနီးရှားစစ်တပ်နဲ့ ‘ဆူဟာတို’ရဲ့ နောက်လိုက် နိုင်ငံရေးသမားများအတွက် မနှစ်သက်စရာတွေ ဖြစ်နိုင်သလို တဖက်ကလည်း သူနဲ့ ‘ဆူဟာတို’ နီးစပ်မှုများကြောင့် အမြင်မကြည်ကြသူတွေ ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ‘ဟဘီဘီ’ ကွယ်လွန်သွားပြီးတဲ့နောက် ဂျကာတာပိုစ့် ဆောင်းပါးရှင် ‘Kornelius Purba’ရဲ့ ရေးသားချက်အရ ဆိုရင် ‘ဆူဟာတို’က ‘ဟဘီဘီ’ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ခဲ့ပဲ သူ ဆုံးတဲ့အချိန်အထိ အတွေ့မခံခဲ့ဘူးလို့ ဆိုပါ တယ်။ ‘ဆူဟာတို’က ၁၁ နှစ်ကျော် စောပြီး ကွယ်လွန်သွားခဲ့တာပါ။
အရှေ့တီမောကို အင်ဒိုနီးရှားက လက်လွှတ်လိုက်ရတဲ့အတွက် ‘ဟဘီဘီ’ကို ခွင့်မလွှတ်နိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ရှိသလို၊ ပြုပြင်ပြောင်းလဲရေးရဲ့ ဖခင်ကြီးအဖြစ် လက်ခံထားကြသူတွေကလည်း အမြောက်အမြားပါ။
‘ဟဘီဘီ’ရဲ့ နိုင်ငံတော်စျာပနမှာ သမ္မတ ‘ဂျိုကိုဝီဒိုဒို’က ‘သူဟာ နိုင်ငံခေါင်းဆောင်စစ်စစ်၊ စိတ်လှုံ့ဆော် နှိုးဆွပေးနိုင်သူ၊ ချစ်ခြင်းမေတ္တာကင်းမဲ့တဲ့ ဉာဏ်ထက်မြက်မှုဆိုတာက အန္တရာယ်သက်သက်ပဲလို့ ယုံကြည်ထားတဲ့ သိပ္ပံပညာရှင်တဦး၊ နိုင်ငံရဲ့ ကလေးများအတွက် စံနမူနာပြုရမယ့်သူ၊ အင်ဒိုနီးရှားကတော့ သူ့ရဲ့ အကောင်းဆုံးသားတွေထဲက တယောက်ကို ဆုံးရှုံးခဲ့လိုက်ရပြီ’ လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားအလံ တိုင်ဝက်ချ လွှင့်ထူခဲ့သလို အင်ဒိုနီးရှားအစိုးရက ‘နိုင်ငံရဲ့အကောင်းဆုံးသားကို အမြင့်ဆုံးဂုဏ်ပြုကြရန်အတွက်’ဟုဆိုကာ ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ် ၃ ရက် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ‘သမ္မတ’ဟဘီဘီ’ ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၈၃ နှစ်အရွယ် ရှိပါပြီ။ ဒီနေရာမှာ ‘အာဏာရှင် နားဝင်လွယ်တတ်ပါသလား’ ဆိုတဲ့ ဆောင်းပါးခေါင်းစဥ်နဲ့ ’ဟဘီဘီ’ အကြောင်း အဓိက ပါဝင်တဲ့ အရှေ့တီမော-အင်ဒိုနီးရှားဇာတ်ကြောင်း ဘယ်လိုများဆက်စပ်နေသလဲ ဆိုတာကို အနည်းငယ် ဖြည့်စွက် ရှင်းလင်းလိုပါတယ်။
ဆူဟာတိုနဲ့ မန်ဒဲလား ကြောင့် အရှေ့တီမော လွတ်လပ်ရေးရသတဲ့လား
အခုအတောအတွင်း ‘ဘန်ကီမွန်း’ခရီးစဉ်ကြောင့် ‘The Elders ‘အဖွဲ့နဲ့ တည်ထောင်သူ ‘မန်ဒဲလား’တို့အပေါ် အာရုံတိမ်းညွတ်မှုတွေ များလာခဲ့ပြီး ရေးသားတင်ဆက်မှုများစွာ တွေ့ခဲ့ရပါတယ်။ အဲဒီအထဲကမှ ဘဝင်မကျ ဖြစ်စေခဲ့တဲ့ အချက်အလက်တချို့ကြောင့် ဒီဆောင်းပါးရေးဖို့ ဖြစ်လာခဲ့ရတာပါ။
အရှေ့တီမောရဲ့ လွတ်လပ်ရေး ခရီးလမ်းကြောင်းမှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ‘International Force East Timor’ (INTERFET)က အောင်မြင်မှုတရပ်လို့ ဆိုနိုင်ပြီး စိတ်ဝင်စားစရာလည်း ကောင်း တဲ့အတွက် R2P အသံကျယ်လောင်နေတုန်းတဝိုက်က ‘မိုးမခ’ဆောင်းပါးတပုဒ် ဖြစ်ပေါ်လာဖို့ စဥ်းစားခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ ဒေသတွင်းနိုင်ငံများရဲ့ စိတ်အားထက်သန်မှု အစရှိတာတွေနဲ့အတူ ကုလသမဂ္ဂအပေါ်ကိုလည်း ယုံကြည်ကိုးစားမှု နည်းလာကြတဲ့နောက်၊ ချိန်ခါမသင့်တော့ဘူးဆိုကာ ဆောင်းပါး ဖြစ်မလာခဲ့ရတာပါ။ အခုတော့ ဆက်စပ်ရေးသားစရာ ပေါ်လာပါတယ်။
စနိုးစနောင့် ဖြစ်ကျန်ခဲ့ရတဲ့ အကြောင်းက လူသိများတဲ့ မြန်မာပိုင်း အသံလွှင့်အစီအစဉ်တခုမှာ အာဏာရှင် ’ဆူဟာတို’ကို ဩဇာကြီးမားတဲ့‘မန်ဒဲလား’ရဲ့ စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အရှေ့တီမောဆန္ဒခံယူပွဲ ဖြစ်လာ၊ ‘ရှာနားနား’ လည်း ပြန်လွတ်၊ အဆုံးမှာ အရှေ့တီမော လွတ်လပ်ရေးရလို့ မြင်သွားနိုင်တဲ့ တင်ဆက်မှုမျိုး ဖြစ်နေလို့ပါ။
The Eldersကို တည်ထောင်ခဲ့တဲ့ ‘မန်ဒဲလား’ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကို မီးမောင်းထိုး အသားပေး ပြောကြားလိုတာမျိုး ဖြစ်နိုင်ပါတယ်။ သတင်းဌာန၊ တင်ဆက်သူတို့ရဲ့ စိတ်စေတနာကို စောကြောစရာမရှိပေမယ့် ‘ဆူဟာတို’လို အာဏာရှင်မျိုးက သူ ကျူးလွန်ခဲ့တဲ့ အမှားတွေကို တတ်နိုင်သလောက် ပြန်တည့်မတ်ပေးခဲ့ပါလား ဆိုတဲ့ ဖြေတွေး တွေးစရာ ရောက်သွားစေနိုင်တာကိုတော့ မလိုလားမိပါဘူး။ အရှေ့တီမောကို ကျူးကျော်ပြီး တီမောလူမျိုးများအပေါ် ရက်စက်စွာ ဖိနှိပ်ခဲ့တဲ့ ‘ဆူဟာတို’က အရှေ့တီမော လွတ်လပ်ရေးအတွက် သွယ်ဝိုက်ကျေးဇူးရှိတဲ့ပုံစံ ပေါက်သွားတာမျိုးက လက်ခံနိုင်ဖို့ ခက်လှပါတယ်။
အာဏာရှင်ကျေးဇူး အင်ဒိုနီးရှားမှာ မူးတောင် ရှူစရာမရှိဘူး
စစ်အင်အား မယှဉ်သာအောင် ကြီးမားတဲ့ အင်ဒိုနီးရှား ကျူးကျော်တပ်များကြောင့် သေဆုံးခဲ့ကြရတဲ့ အရှေ့တီမောလူမျိုးတွေက အများအပြားပါ။ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ပါတယ်။ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြရတာတွေ ရှိသလို ထွက်ပြေးပုန်းရှောင်ရ၊ အစာငတ်မွတ်ကြရ၊ ရောဂါတွေ ဖြစ်ပွားကြရပြီး သေဆုံးခဲ့ကြရတာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတာတွေလည်း တွေ့ရလို့ ဂျီနိုဆိုဒ် ခေါင်းစဉ်အောက် စွပ်စွဲထည့်သွင်းထားကြတာတွေလည်း ရှိပါတယ်။
ဘယ်စာရင်းအချက်အလက်တွေက ကောက်နုတ်ထားတယ် ဆိုတာပေါ် မူတည်ပြီး ကွဲပြားမှုတွေ အနည်းနဲ့ အများ ရှိနိုင်ပေမယ့် အင်ဒိုနီးရှား လက်အောက် ရောက်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရတဲ့သူ အရေအတွက်က တုန်လှုပ်စရာပါ။
‘ယေးလ်’တက္ကသိုလ်ရဲ့ ‘Genocide Studies Program’ အောက်က ကိုးကားထားချက်အရဆိုရင် ၁၉၇၅-၉၉ ခုနှစ် ကြား ၂၄ နှစ်ကြာ ကျူးကျော်ခံရစဉ် လူဦးရေရဲ့ ငါးပုံတပုံလောက်အထိ သေဆုံးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။ ‘Holocaust Museum Houston’ကတော့ သေဆုံးသူ အရေအတွက် ၁၇၀,၀၀၀၊ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းလို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီအချိန်က ရှိတဲ့လူဦးရေကို အကြမ်းဖျင်း ၇ သိန်းပတ်ဝန်းကျင်လို့ တွက်ဆထားကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၁ ခုနှစ် စာရင်းအရ ဆိုရင်တောင် လူဦးရေ ၁.၃၂ သန်း မျှသာ ရှိပါသေးတယ်။
ကုလသမဂ္ဂ ချမှတ်တဲ့ UNTAET စည်းမျဉ်း (၂၀၀၁/၁၀)အရ ဖွဲ့စည်းပေးတဲ့ ကော်မရှင် (Commission for Reception, Truth and Reconciliation in East Timor 2002-2005) စာရင်းအရဆိုရင် ထွက်ပြေးတိမ်းရှောင်ရမှုများရဲ့ နောက်ဆက်တွဲ အစာငတ်မွတ်မှုနဲ့ ရောဂါဖြစ်ပွားမှုခဲ့ရများ သက်သက်ကြောင့်ပဲ (၁၉၇၅-၁၉၉၉) ခုနှစ်အတွင်း သေဆုံးခဲ့ရသူပေါင်းက အနည်းဆုံး (၈၄,၂၀၀)ကနေ အများဆုံး (၁၈၃,၀၀၀)အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပိုမြင်သာထင်သာရှိအောင် ရည်ရွယ်ပြီး သေဆုံးသူ ကိန်းဂဏန်းကို ရွေးနုတ်ဖော်ပြနေရခြင်း ဖြစ်ပါတယ်။ ဒါတွေဟာ ရက်စက်ကြမ်းကြုတ်စွာ တီမောလူမျိုးများအပေါ် ပြုကျင့်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများ အစရှိတာတွေကို ရုပ်လုံးပိုပေါ်အောင် အသေးစိတ် ပြောမထားသေးပါဘူး။ ဒီအလုံးစုံသော စိတ်နာကျင်ထိခိုက်စရာများဟာ အာဏာရှင် ’ဆူဟာတို’ စရှို့ခဲ့တဲ့ မီးရဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။
‘မန်ဒဲလား’လို စံပြုရမယ့် ပုဂ္ဂိုလ်တယောက်အပေါ် ပိုပိုသာသာ ချီးမွမ်းမိတာမျိုးတခုတည်း ဆိုခဲ့ရင် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အထက်ကပြစ်မှုမျိုးစုံရဲ့ လက်သည် အာဏာရှင်တယောက်က ‘မန်ဒဲလား’ရဲ့ ကြားဝင်ပေးမှုကြောင့် အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးအတွက် အဓိကကျတဲ့ ဆန္ဒခံယူပွဲနဲ့ ‘ရှာနားနား’ကို ပြန်လွှတ်ပေးမှုမျိုးကို ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ လွဲမှားတဲ့အဓိပ္ပာယ် သက်ရောက်သွားစေပြီး အမှန်တကယ် ကျေးဇူးတင်ထိုက်သူ ‘ဟဘီဘီ’ သမိုင်းစာမျက်နှာထက်က ကျန်ရစ်ခဲ့ခြင်းကိုလည်း ပြန်တည့်ပေးသင့်တယ်လို့ မြင်မိလို့ သူ့ရဲ့ အကြောင်းတွေနဲ့ ဆက်စပ် ဖော်ပြနေရခြင်း ဖြစ်ပါတယ်။
မန်ဒဲလား ဘာလုပ်ခဲ့သလဲ
‘မန်ဒဲလား’ဟာ အရှေ့တီမောအရေးကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ ဒီအထဲကမှ အချို့အချက်တွေကို ကောက်နုတ် ဖော်ပြရရင် ၁၉၉၇ ခုနှစ် ဇူလိုင်လအတွင်းက တောင်အာဖရိက သမ္မတ ‘မန်ဒဲလား’ ရဲ့ ခရီးစဉ်မှာ ‘ရှာနားနား’နဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်။ ‘ဆူဟာတို’လက်ထက်မှာ ၃ ကြိမ်သွားရောက်ခဲ့ဖူးပြီး အခုက တတိယမြောက်ပါ။ သူ့ရဲ့ တောင်းဆိုချက်ကို ‘ဆူဟာတို’က အစက ငြင်းဆန်သေးတယ်လို့ ‘ရှာနားနား’နဲ့ တွေ့ဆုံစဉ်မှာ ‘မန်ဒဲလား’က ပြောပါတယ်။ အဲဒီတုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရှေ့တီမော ကိုယ်စားလှယ် ‘ဂျမ်ရှိဒ်မတ်ကား’ (Jamsheed Marker) ရဲ့ နောက်ပိုင်းရေးသားချက်များမှာ ‘ဆူဟာတို’က ‘မန်ဒဲလား’နဲ့ ပြောဆိုကြတဲ့အခါ ‘ရှာနားနား’ကို ‘သာမန် ရာဇဝတ်သား’ဆိုတဲ့ နာမ်စားနဲ့တောင် ခေါ်ဝေါ်သုံးစွဲခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
တွေ့ဆုံခွင့်ကိစ္စကိုတောင်မှ လွယ်လင့်တကူ မလိုက်လျောတဲ့နောက် ‘မန်ဒဲလား’ရဲ့ ‘ရှာနားနား’ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို ‘ဆူဟာတို’က လက်မခံခဲ့ဘူးဆိုတာက ရှင်းလင်းပါတယ်။ တွေ့ဆုံဆွေးနွေးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့နဲ့ ပတ်သက်ပြီးလည်း ‘ရှာနားနား’နဲ့ ‘မန်ဒဲလား’ ပြောဆိုကြတဲ့အခါ ‘ရှာနားနား’က ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ‘ဆူဟာတို’က အကြိမ်ကြိမ် ပယ်ချဖူးတယ် ဆိုတဲ့ သူ့အမြင်ကို ပြန်ပြောခဲ့တယ်လို့ သူ့ဇနီးဆီ ရေးတဲ့စာထဲမှာ ‘ရှာနားနား’က ထည့်ရေးထားပါတယ်။
ဒါ့ကြောင့် ‘ဟဘီဘီ’ ခွင့်ပြုခဲ့သလို အရှေ့တီမော လွတ်လပ်ရေး ဆိုတဲ့ ရွေးချယ်မှုမျိုးပါတဲ့ လွတ်လပ်ပြီး တရားမျှတသော ဆန္ဒခံယူပွဲ ဆိုတာမျိုးကတော့ ‘ဆူဟာတို’ဆီက ဘယ်လိုမှ မရရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ‘ဟဘီဘီ’ရဲ့ ဆန္ဒခံယူပွဲပုံစံနဲ့ နီးစပ်တာမျိုးကိုတောင် ‘ဆူဟာတို’ ချပြခဲ့ဖူးတဲ့ သက်သေ အထောက်အထား မတွေ့ရပါဘူး။
‘မန်ဒဲလား’က ‘ဆူဟာတို’ကို တောင်အာဖရိကနိုင်ငံရဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်တခု ဖြစ်တဲ့ ‘The Order of Good Hope’ ကို ချီးမြှင့်လိုက်တဲ့အခါ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။ ‘ဆူဟာတို’က ဒီဆုတံဆိပ်ကို ၁၉၉၇ ခုနှစ် နိုဝင်ဘာလ တောင်အာဖရိက ခရီးစဥ်အတွင်း လက်ခံရယူခဲ့ပြီး သတင်းရယူခွင့် ရရှိခဲ့တဲ့ ဂျကာတာပိုစ့် ဆောင်းပါးရှင် ‘Aboeprijadi Santoso’က ‘မန်ဒဲလား’အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ‘ရှာနားနား’အကြောင်းအပါအဝင် အရှေ့တီမော အရေး တိုက်တွန်းပြောကြားမှုတွေ ထပ်မံပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အာဏာရှင်‘ဆူဟာတို’က ဆက်ခေါင်းမာနေတဲ့ပုံပါပဲ။ ‘ဒီတွေ့ဆုံမှုက ‘မန်ဒဲလား’အတွက် အောင်မြင်မှု နည်းနည်းလေးသာ ရခဲ့တယ်လို့ ပြောရမှာဖြစ်ပေမယ့် ‘မန်ဒဲလား’က အရှေ့တီမောကိစ္စ ပြေလည်နိုင်ရေးအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းကို အသုံးပြုဖို့ လိုအပ်တယ်လို့ ကမ္ဘာကြီးကို သတင်းစကား ထင်ထင်ရှားရှား ပေးခဲ့တယ်’ လို့ ဆောင်းပါးရှင်က မှတ်ချက်ပေးခဲ့ပါတယ်။ ပြန်လည်ရင်ကြားစေ့ရေးအတွက် ကိုယ်တိုင်နမူနာပြခဲ့တဲ့ ‘မန်ဒဲလား’ ကတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းများနဲ့ ပျော့ပျောင်းစွာ ချဉ်းကပ်မှုကို နှစ်သက်သူတဦးပါ။
ထပ်ဖြည့်ပြောရရင် ‘မန်ဒဲလား’က အာဏာရှင် ‘ကဒါဖီ’နဲ့လည်း ရင်းနှီးသလို ဒါကိုလည်း ဖုံးကွယ်ထားလေ့ မရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ‘မန်ဒဲလား’ဟာ ဒီလိုအာဏာရှင်မျိုးတွေကို ဖျောင်းဖျပြောဆိုဖို့ အခါအခွင့်သင့်တိုင်း ကြိုးစားအားထုတ်ခဲ့မှာပါ။ အောင်မြင်မှု ရ၊ မရ ဆိုတာကတော့ ထိုအာဏာရှင်များရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ် က ဇာတ်သိမ်းခန်းများက သက်သေပါပဲ။
‘မန်ဒဲလား’က မြန်မာနိုင်ငံက အကျယ်ချုပ်ကျခံနေရတဲ့ သူ့လို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တဦးအတွက် လမ်းစတွေ ရှာဖွေကောင်း ရှာဖွေခဲ့မယ်လို့လည်း တွေးမိပါသေးတယ်။ ၁၉၉၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ သူ့ကို ဆက်ခံမယ့် သမ္မတသစ် ‘သာဘို အမ်ဘက်ကီ’(Thabo Mbeki)ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဝေဖန်သံများကြားက ထိုစဥ်က မြန်မာပြည်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ပြီး စစ်ထောက်လှမ်းရေး ခေါင်းဆောင်က ကိုယ်စား တက်ရောက်ခဲ့တာမျိုးကို သတိပြုမိခဲ့တဲ့အတွက်ပါ။
အာဏာရှင်တွေက နားဝင်လွယ်တတ်ပါသလား
ယေဘုယျအားဖြင့် မြင်မိတာက The Eldersကို တည်ထောင်သူ ‘မန်ဒဲလား’အနေနဲ့ကတော့ အာဏာရှင်တွေကို လူလိုသူလို နေရာပေးဆက်ဆံပြီး နားချစေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားတတ်ပုံပါပဲ။
ပြဿနာက ဒီအာဏာရှင်တွေဟာ သူ့လို စိတ်ထားမျိုးမဟုတ်သလို တန်ဖိုးထားရကောင်းမှန်းလည်း မသိကြတာပါ။ ကိုယ်ချင်းစာတရား ကင်းမဲ့ကြကာ လူ့အခွင့်အရေးကိုမလေးစား၊ ဥပဒေကို ချိုးဖောက်ဖို့ ဝန်မလေးကြသူတွေပဲ ဖြစ်ပါတယ်။ လက်ရှိ The Elders အဖွဲ့ဝင်များနဲ့ ပျော့ပျောင်းဖုံးဖိရေး သံတမန်များရဲ့ အာဏာရှင်များကို ချဥ်းကပ်ပုံကလည်း ‘မန်ဒဲလား’ နဲ့ ဘာများ ကွာခြားနေပါသေးသလဲ။ ပိုလို့ဆိုးတာက ထိုသူတွေမှာ ‘မန်ဒဲလား’လို ဩဇာအရှိန်အဝါမျိုး မရှိကြတာပါ။
The Elders ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဟောင်း တဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ရင်ကြားစေ့နိုင်ရေး တိုင်းပြည်အကျိုး ရှေးရှု ကြိုးစားခဲ့ပါသေးတယ်။ အောင်မြင်မှုရရှိ၊ မရှိကတော့ မြန်မာပြည်သူတွေ အသိဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ‘ဒေါ်အောင်ဆန်းစုကြည်’ဟာ Elder အဖွဲ့ရဲ့ စည်းမျဉ်းအရ ‘အစိုးရ ရာထူးလက်ကိုင်ရှိသူ မဖြစ်စေရ’ ဆိုတဲ့ အချက်ကို လိုက်နာတဲ့အနေနဲ့ မြန်မာစစ်တပိုင်း လွှတ်တော်ထဲ ဝင်ရောက်သွားချိန်မှာ The Elders ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့သူ ဖြစ်တဲ့အတွက်ပါ။
‘အာဏာရှင် နားဝင်လွယ်တတ်ပါသလား’ ဆိုတဲ့ မေးခွန်းအတွက်တော့ မှတ်ချက်ပြုပြီး ဆောင်းပါးကို အဆုံးမသတ်လိုတော့ပါ။ စာဖတ်သူကိုယ်တိုင်ကပဲ မိမိစိတ်တိုင်းကျ အဖြေရှာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
ရည်ညွှန်းဗီဒီယိုလင့်ခ်
https://www.abc.net.au/news/2019-09-13/xanana-gusmao-embraces-bj-habibie/11508706
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar