Breaking News

မြန်မာနိုင်ငံမှာ ရိက္ခာပြတ်လပ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ FAO သတိပေး

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၉ မြင်ကွင်း

(မိုးမခ) မေ ၃၀ ၊ ၂၀၂၃


မြန်မာနိုင်ငံ မှာ ရိက္ခာပြတ်လပ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ FAO သတိပေး

ရိက္ခာဆိုင်ရာ အကူအညီပေးတာ၊ စောင့်ကြည့် သတိပေးတာတွေ လုပ်ဆောင်တဲ့ ကုလသမဂ္ဂစိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့က FAO က မြန်မာနိုင်ငံကို စားနပ်ရိက္ခာနဲ့ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ထည့်သွင်းထားကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံကို ကမ္ဘာပေါ်ရှိ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နိုင်ငံအထဲ တနိုင်ငံအဖြစ် စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။ 

စားနပ်ရိက္ခာနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး အဓိကလုပ်ကိုင်ကြတဲ့နိုင်ငံဖြစ်ပြီး မိမိနိုင်ငံလူထု အဓိက စားသုံးတဲ့ ဆန်စပါးကို လုံလောက်စွာ ထုတ်လုပ်နိုင်ရုံတင်မကပြည်ပကိုတောင် တင်ပို့နိုင်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ သို့ပေမယ့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတာကြောင့် လုံခြုံရေး အခြေအနေတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားလာတာ၊ လက်နက်ကိုင်တိုက်ပွဲတွေက စိုက်ပျိုးရေး အဓိကလုပ်ကိုင်ကြတဲ့ ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာတာ၊ စိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်ကိုင်နိုင်တဲ့ လူငယ်လူလတ်ပိုင်း အရွယ်တွေ အများအပြား မလေးရှား၊ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ အခြားသောနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြတာကြောင့် ပြည်တွင်းမှာ လုပ်သားအင်အား ရှားပါးလာတာ၊ ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ မုန်တိုင်းလို သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းတွေက ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတာ စတဲ့အချက်တွေက မြန်မာနိုင်ငံမှာ ရိက္ခာထုတ်လုပ်မှုနဲ့ ဖြန့်ဝေမှုကို ကြီးကြီးမားမား ထိခိုက်စေတာ ဖြစ်ပါတယ်။ နောက်အချက်တချက်က  စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ဝင်ငွေနည်းပါးသူတွေ ဝလင်စွာ ဝယ်ယူစားသုံးနိုင်တဲ့ အခြေအနေမရှိတဲ့ အဖြစ်တွေက ပြီးခဲ့တဲ့ နှစ်နဲ့ ယခု ၂၀၂၃ လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေတွေလို့ဆိုရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဆန်စပါး စိုက်ပျိုးမှု ဒုတိယ အများဆုံးလို့ ဆိုနိုင်တဲ့ ပဲခူးတိုင်းဒေသအချို့၊  စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသအချို့ တို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ဒေသခံတွေအဖို့ စိုက်ပျိုးရေးကို မလုပ်နိုင်တဲ့ အနေအထားမျိုးကို ပြီးခဲ့တဲ့နှစ်ကတည်းက ရောက်လာနေပြီး စပါးနဲ့ ရိက္ခာစိုက်ပျိုးတဲ့ လယ်သမား တောင်ယာသမားတွေအဖို့ ၄င်းတို့ စားသောက်ဖို့ စုဆောင်းထားတဲ့ ရိက္ခာတွေပါ လက်နက်ကိုင်တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံနေကြရတဲ့ သတင်းတွေ တနှစ်ပတ်လုံး ကြားသိနေရတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ် မန္တလေးတိုင်းရဲ့ ဒေသအချို့မှာ နေအိမ်တွေ မီးရှို့ခံရတာနဲ့အတူ ရိက္ခာဖျက်ဆီးခံရတဲ့ အဖြစ်အပျက်တွေက ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

မြန်မာကျပ်ငွေ တန်ဖိုးကျပြီး ငွေကြေးဖောင်းပွမှု၊ ကမ္ဘာမှာ လောင်စာဆီဈေးနဲ့ မြေဆီဈေးတွေ မြင့်တက်တဲ့ ဂယက်ကိုလည်း မြန်မာနိုင်ငံက စိုက်ပျိုးသူတွေ ခံကြရပြီး ထုတ်လုပ်မှုစရိတ်မြင့်တက်လာရာက ဆန်ချော ၁၆ ပြည် တတင်းအိတ် ဈေးက ကျပ် တသိန်းကျော် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ 

ဒါတင်မကပဲ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေ ဒေသအများအပြားကို ဖြတ် ၄ ဖြတ်လို့ ခေါ်တဲ့ပိတ်ဆို့ရေး နည်းဗျူဟာကို စစ်ကောင်စီက ကျင့်သုံးတာကြောင့်လည်း အဆိုပါ ဒေသတွေမှာ ဆန်နဲ့ အခြားစားသောက်ကုန်ဈေးက ပိုမိုမြင့်တက်သွားတာလည်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးပြီး ဝင်ငွေနိမ့်ပါးတဲ့ ဒေသတွေ၊ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေ ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ်တွေ၊ ရခိုင်ပြည်နယ်က မြို့နယ်အချို့၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့နယ် အချို့မှာ ဆန်စျေးတွေ သိသိသာသာ မြင့်မားနေတာလည်း သတင်းတွေမှာ ဖတ်ရှုရပါတယ်။ တခါမှ မကြားဖူးတဲ့ ဆန်ဈေးနှုန်းတွေ လက်ရှိဖြစ်နေတာ ဖြစ်ပြီး ဒေသခံလူထုအနေနဲ့ မိမိကိုယ်တိုင် ရိက္ခာမထုတ်လုပ်နိုင်ခဲ့ရင် မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်စားနိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ 

အထက်က အဖြစ်အပျက်တွေကို ထပ်ပြီးဆိုးရွားစေတဲ့ ဖြစ်ရပ်က အခုလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်က နေ မြန်မာနိုင်ငံ ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းက ရခိုင်ပြည်နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ရိက္ခာထုတ်လုပ်ကြတဲ့ လုပ်ငန်းတွေကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းမှာလည်း ပဲ၊ နှမ်းနဲ့ အခြားသီးနှံတွေ အနည်းဆုံး ဧက ၆သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြန်ပါတယ်။ 

ဒီအခြေအနေတွေကို သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံရနိုင်ခြေ ရှိနေတဲ့ အနေအထားဆိုတာ သံသယဝင်စရာ မရှိပါဘူး။ ရိက္ခာဝယ်ယူလို့ ရတယ်ဆိုခဲ့ရင်တောင် ဝယ်ယူဖို့ ငွေရှားပါးတဲ့ ပြဿနာလည်း ကြုံတွေ့ကြရမယ့် သဘောဖြစ်ပါတယ်။ 

ကုလသမဂ္ဂ အနေနဲ့ လတ်တလော ဆိုင်ကလုန်း မိုခါတိုက်ခတ်အပြီး  လူသားချင်းစာနာမှု အကူအညီတွေပေးဝေနိုင်ဖို့အတွက် နိုင်ငံတကာအလှူရှင်နိုင်ငံတွေကို ငွေကြေးထည့်ဝင်ကြဖို့ တောင်းခံထားတယ် ဆိုတဲ့ သတင်းတွေလည်းပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖတ်ရှုကြရတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ ကမ္ဘာမှာလည်း ယူကရိန်း-ရုရှားစစ်ပွဲ ဖြစ်ပွားတဲ့ အကျိုးသက်ရောက်မှုတွေ၊ ယူကရိန်း စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်ကူညီရေး၊ အဲဒီစစ်ပွဲမှာ ယူကရိန်းကို စစ်လက်နက်တွေ ကူညီရေးအတွက် သုံးစွဲကြရတဲ့ ငွေကြေးပမာဏက ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနေပြီး မြန်မာ့အရေး ကိစ္စလိုမျိုးက ဒီလောက် အရေးမထားနိုင်တော့တဲ့ အရိပ်လက္ခဏာတွေလည်း တွေ့လာနေရပြီး မြန်မာနိုင်ငံရဲ့ ပြဿနာ အရေးကိစ္စက ကိုယ့်အားကိုယ်ကိုးပြီး ပိုအားစိုက်ကြရမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း ဖြစ်ပွားပြီးနောက် ပြည်တွင်းက လူမှုကူညီရေးအဖွဲ့တွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ထွန်းလာကာ နာဂစ်ဒဏ်ခံရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းရဲ့ ဒေသအချို့ကို လနဲ့ချီ ကူညီခဲ့ကြဖူးတဲ့ သာဓကရှိပါတယ်။ အခု ဆိုင်ကလုန်းမိုခါ ဖြစ်ပွားတဲ့အနေအထားမှာ ပြည်တွင်းနိုင်ငံရေး အခြေအနေက အဲဒီအချိန်က အခြေအနေမျိုးမဟုတ်တဲ့ အချက်က အားနည်းချက် ဖြစ်ပေမယ့် ကူညီမှု ချိတ်ဆက်မှု စည်းရုံးမှုအတွေ့အကြုံတွေကတော့ နာဂစ်ဖြစ်ပြီးနောက် အခြေအနေထက် သာလွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ကမ္ဘာ့နေရာဒေသတချို့ နိုင်ငံတချို့လို လက်နက်ကိုင် ပဋိပက္ခနဲ့ စားနပ်ရိက္ခာ အခက်အခဲ နှစ်ခုပေါင်းဆုံပြီး နိုင်ငံရေးပြဿနာက ပိုမိုဖြေရှင်းရ ခက်ခဲလာနိုင်မလားဆိုတဲ့ စိုးရိမ်စရာ အချက်တချက်လည်း ရှိနေတာဖြစ်ပြီး နိုင်ငံရေးအင်အားစုတွေ သတိပြု ကြိုတင်ပြင်ဆင်ထားကြဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar