နေသွင်ညိဏ်း - ခေါင်းလောင်းထိုးသံ
ခေါင်းလောင်းထိုးသံ
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၃
ဗီယက်နမ်ဘုန်းတော်ကြီး ‘ သစ်နက်ဟန်’ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ interbeing ဆိုတဲ့ စာအုပ်ကို အရင်ဆုံးဖတ်ဖူးခဲ့တယ်။
တကယ်တော့ interbeing ဆိုတာ အင်္ဂလိပ်အဘိဓာန်ထဲမှာမရှိတဲ့ဝေါဟာရပါ။အပြန်အလှန် တည်ရှိတဲ့သဘော interdependence နဲ့ အဓိပ္ပာယ် နီးစပ်မယ်လို့ ထင်ပါတယ်။ ပဋ္ဌာန်း ၂၄ ပစ္စည်းထဲ ‘အညမည ပစ္စယော’ ဖြစ်နေမလားလို့ မရဲတရဲ တွေးကြည့်ပါတယ်။
သေခြင်းတရားနဲ့ပတ်သက်လို့ ဒကာ/ဒကာမတွေကိုပြောခဲ့တဲ့ ဆရာတော် ရဲ့ နောက်ဆုံး အဆိုမိန့်တခုက ‘ရွာနေတဲ့ မိုးရေထဲ နက်နက်ရှိုင်းရှိုင်းကြည့်ရင် တိမ်ကို မြင်ရလိမ့်မယ်။ ဝမ်းနည်းငိုကြွေး မနေပါနဲ့’ တဲ့။
ဒီစကားနဲ့ ဆက်စပ်မိအောင် ဆရာတော်ရဲ့ The heart of understanding ထဲက စာသားတချို့ကိုဖတ်ကြည့်ဖို့ လိုလိမ့်မယ်။
‘သင်သာ ကဗျာဆရာတယောက်ဆိုရင် သင့်ရှေ့က စာရွက်ပေါ်မှာ တိမ်တွေ လွင့်မျောနေတာကို မြင်လိမ့်မယ်။ တိမ်တွေ မရှိဘဲ မိုးမရွာနိုင်ဘူး။ မိုးမရွာရင် သစ်ပင်တွေ ဘယ်နှယ်လုပ်ရှင်သန်နိုင်ပါ့မလဲ။ သစ်ပင်တွေ မရှိရင် စက္ကူ တွေ ဘယ်မှာ ရှိလာဦးမလဲ။ ဒါကြောင့် တိမ်တွေဟာ စက္ကူအတွက် မရှိမဖြစ် လို့ ဆိုလိုတာပါ။ တိမ်တွေသာ မရှိရင် စက္ကူဆိုတာလည်း မရှိနိုင်တော့ဘူးပေါ့။ ဒါကြောင့် တိမ်နဲ့ စက္ကူ ဆိုတာ အပြန်အလှန် အမှီသဟဲပြုနေတယ်။ ...
စက္ကူ ကိုပဲ လေးလေးနက်နက် ဆင်ခြင်ရင် နေရောင်ခြည်ကို တွေ့မယ်။ နေရောင်ခြည် မရှိဘဲလည်း သစ်တောတွေ မရှင်သန်နိုင်ဘူး မဟုတ်လား။ တကယ်ဆို ဘာမှ မရှင်သန်နိုင်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် စက္ကူထဲမှာ နေရောင်ခြည်ရှိတာကို မင်းရိပ်မိလိမ့်မယ်။ နောက်ထပ် လေးလေး နက်နက် ဆင်ခြင်ကြည့်ပါအုံး။ စက္ကူထဲမှာ သစ်ခုတ်သမားကို တွေ့ရလိမ့်မယ်။ သစ်ခုတ်သမားလေးရဲ့ အမေ စီစဉ်ပေးလိုက်တဲ့ ထမင်းချိုင့်လေးကို တွေ့လိမ့်မယ်။ ဒါတွေ မရှိဘဲ စက္ကူဆိုတာ ဘယ်လိုလုပ် ဖြစ်လာမလဲ။ ….
ဒါဟာ ဆရာတော်ရဲ့ နာမည်ကျော် interbeing အယူအဆပါ။
ဒါက အရှေ့တိုင်း အယူသက်သက်၊ ဗုဒ္ဓဘာသာ အယူသက်သက်လို့ ယူဆဖို့ ခဲယဉ်းပါတယ်။ ၁၇ ရာစု အင်္ဂလိပ်ကဗျာဆရာ (ခရစ်ယန်ဘုန်းတော််ကြီးလည်း ဖြစ်တဲ့ John Donne ရဲ့ နာမည်ကျော် ကဗျာ (အက်ဆေး) ‘For Whom the bell tolls’ မှာ ‘No man is an island’ ဘယ်သူမှ ကျွန်းတကျွန်းလို သီးသန့် ရှိနေတာမဟုတ်ဘူးလို့ ဖွင့်ထားတယ်။
Each man's death diminishes me,
For I am involved in mankind
Therefore, send not to know
For whom the bell tolls,
It tolls for thee
( လူတယောက်သေရင်
လူထဲက လူသား
ငါ့မှာ သံဝဂနှင့်
ခေါင်းလောင်းထိုးသံ
ဘယ်သူ့ထံသို့
မေးရန်မလို
သင့် မရဏံ။)
ဒီကဗျာရဲ့ ဩဇာမကင်းတဲ့ စပိန်ပြည်တွင်းစစ်နောက်ခံ ဟဲမင်းဝေးရဲ့ နာမည်ကြီးဝတ္ထုအမည်ကလည်း For Whom the Bell Tolls ပါပဲ။ ကိုယ်ကျိုးစွန့်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ ရဲဘော်ရဲဖက်စိတ်၊ ချစ်ခြင်းမေတ္တာတို့နဲ့ ဖွဲ့ထားတဲ့ဝတ္ထုပါ။ ပြည်တွင်းစစ်ဖြစ်နေချိန်မှာ မရဏခေါင်းလောင်းထိုးသံ ဘယ်သူ့အတွက်လဲဆိုတာ မေးဖို့မလို။
ခင်မောင်တိုးဆိုထားတဲ့ စောင်းကြိုးရှိုက်သံကလည်း တကယ်တော့ ခေါင်းလောင်းထိုးသံ ကဗျာရဲ့ ဩဇာမကင်းလို့ ယူဆရပါတယ်။
‘ခေါင်းလောင်းထိုးသံ သဲ့သဲ့လေး ကြားနေတယ်။
…
လောက ဓမ္မကို သူမြင်သိသွားလို့ ဖြစ်မယ်’
လူသေရင် ခေါင်းလောင်း မထိုးပေမယ့်၊ ကြေးစည်တီးလေ့ရှိတဲ့ မြန်မာတွေအတွက်လည်း ဒီတရားကို နားလည်ဖို့ မခက်ခဲပါဘူး။
စိတ်နားနဲ့ နားထောင်ကြည့်ပါ။ ကြေးစည်သံတွေလေ။ ဘယ်သူ့အတွက်လဲ မေးဖို့ လိုသေးလား။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar