Breaking News

ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲက စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံနေရတဲ့ မြန်မာနိုင်ငံ၊ စစ်ကောင်စီ လက်အောက်က စက်ရုံလုပ်ငန်းအချို့ကို NUG က သတိပေးချက်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း

(မိုးမခ) ဇွန် ၂၈၊ ၂၀၂၃


ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲက စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံနေရတဲ့ မြန်မာနိုင်ငံ၊ စစ်ကောင်စီ လက်အောက်က စက်ရုံလုပ်ငန်းအချို့ကို NUG က သတိပေးချက် 

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နှစ်လည် အစီရင်ခံစာမှာ ကမ္ဘာတဝှမ်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ စာသင်ကျောင်းနဲ့ ဆေးရုံတိုက်ခိုက်ခံရမှု ယခင်နှစ်တွေထက် တိုးတက်များပြားလာပြီး အဆိုပါ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံအချို့စာရင်းထဲ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။ အစီရင်ခံစာမှာ ရည်ညွှန်းထားတဲ့ နိုင်ငံတွေထဲမှာ ယူကရိန်း၊ အစ္စရေးလ်၊ ပါလက်စတိုင်း၊ အာဖဂန်နစ်စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့နဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်တာ ဖြစ်ပါတယ်။ 

ကုလအစီရင်ခံစာအရ အဆိုပါတိုက်ခိုက်မှုတွေကို ကျူးလွန်ကြရာမှာ အစိုးရရဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ထက်ဝက်မျှသောရာနှုန်း ပမာဏအချိုးအစားနဲ့ ကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဝင်ရောက်ခွင့်တားမြစ်တာ၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခွင့် ငြင်းပယ်တာတွေ လုပ်ခဲ့ကြပြီး သတ်ဖြတ်တာတွေမှာလည်း အစိုးရလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ အများအပြားမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ ဖျက်ဆီးတာတွေ ရှိတာကို ကြားသိမြင်တွေ့ကြရမှာဖြစ်ပါတယ်။ အဓိက အားဖြင့် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်မှုတွေ အများအပြားပါဝင်နိုင်ပြီး အပြန်အလှန်အားဖြင့် စာသင်ကျောင်းနဲ့ ဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလည်း ပါဝင်နိုင်ပါတယ်။ စာသင်ကျောင်းလိုမျိုးမှာ စခန်းချထားတဲ့ လက်နက်ကိုင် အဖွဲ့ကို ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့က လာရောက်တိုက်ခိုက်တာမျိုးတွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေကျ အဖြစ်အပျက်တွေ ဖြစ်နေတဲ့ သဘောမျိုး ကြားသိနေရတာပါ။ 

ယမန်နှစ်က ယူကရိန်း-ရုရှား စစ်ပွဲစတင်ဖြစ်ပွားခါစကာလမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ နေရာယူ တပ်စွဲတဲ့အကြောင်းကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ဖော်ပြရေးသားပြီး ရုရှားတပ်တွေသာမက ယူကရိန်းတပ်တွေအနေနဲ့လည်း စာသင်ကျောင်းလို ဆေးရုံလိုနေရာမျိုးတွေမှာ တပ်မစွဲသင့်ကြောင်း တိုက်တွန်းရေးသားချက်ပါရှိပြီး ယူကရိန်း နိုင်ငံကိုယ်စားတာဝန်ခံဖြစ်သူက AI ယူကရိန်းအဖွဲ့ခွဲ တာဝန်ခံအဖြစ်ကနေ နုတ်ထွက်သွားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ဖူးပါတယ်။ 

မြန်မာနိုင်ငံရဲ့ နောက်ခံအနေအထားမှာတော့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေမှာ လက်နက်ကိုင် တပ်တွေ နေရာယူတာ၊ ယာယီအားဖြင့် ခံတပ်စခန်းသဖွယ် အသုံးချကြတာ၊ စုဝေးကာ အစည်းအဝေး စတာတွေ လုပ်ဆောင်နေကျ ဖြစ်ပြီး ဆန့်ကျင်ဘက် အဖွဲ့တွေအနေနဲ့လည်း စာသင်ကျောင်း ဖြစ်လို့၊ ဆေးရုံဖြစ်လို့ တိုက်ခိုက်ခြင်း မပြုဘဲ ရှောင်ကွင်းတာမျိုး မရှိဘဲ တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

သာဓကအားဖြင့်ပြရရင် ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်း ကျေးရွာ၊ မြိုင်မြို့နယ်က မကျည်းကန် ကျေးရွာ ဆေးရုံ၊ ဖယ်ခုံမြို့နယ်က ဆောင်းဖွေး ကိုယ်ထူကိုယ်ထ ဆေးရုံ အစရှိတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံနေရတဲ့ အဖြစ်အပျက်တွေ မြန်မာနိုင်ငံမှာ အများအပြားဖြစ်ပွားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။  

စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာဖြစ်ရပ်မှာ ကလေးငယ် ၁၁ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး မြိုင်မြို့နယ်က မကျည်းကန် ကျေးရွာဆေးရုံ အဖြစ်အပျက်မှာတော့ ကျေးရွာက အရပ်သား ၂၀ ဦးခန့်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် မများသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွင့်လှစ်တဲ့ စာသင်ကြားမှုကို လက်မခံရေး၊ စာသင်ကျောင်းတွေမှာ ဆက်လက် အလုပ်လုပ်ကိုင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကို PDF တွေဘက်က ခြိမ်းခြောက်တာ၊ စာသင်ကျောင်းတွေကို ဗုံးဖေါက်ခွဲမှုတွေ လုပ်ဆောင်တဲ့ အဖြစ်အပျက်တွေလည်း ရှိနေပြီး အဆိုပါ အချက်လက်တွေဟာလည်း အခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ထည့်သွင်းရည်ညွှန်းခြင်း ခံရနိုင်ပါတယ်။ 

နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေ၊ သဘောတူညီမှုတွေအရ စာသင်ကျောင်းတွေ၊ ဆေးရုံတွေရဲ့ ပရဝုဏ်ထဲမှာ လက်နက်ကိုင် အဖွဲ့တွေ ဝင်ထွက်သွားလာတာ၊ နေရာယူတာ၊ ခံစစ်စခန်းအနေနဲ့ အသုံးချတာ၊ တိုက်ခိုက်တာတွေ လုပ်ဆောင်ခြင်း မပြုရပါဘူး။ မြန်မာနိုင်ငံမှာတော့ ဒီအချက်ကို လက်နက်ကိုင် အဖွဲ့အများစုက လိုက်နာမှု မရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျေးရွာတွေနဲ့ မြို့တွေမှာ ဒေသအခြေအနေ မတည်ငြိမ်လို့ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့ အနေအထားမှာ လက်နက်ကိုင် တပ်တွေအနေနဲ့ နေရာယူ စခန်းချဖို့ ဖြစ်လာတာမျိုး၊ သို့မဟုတ် စာသင်ကျောင်းတွေ သင်ကြားနေချိန်မှာလည်း စာသင်ကျောင်းတွေ တိုက်ခိုက်မှု ဖောက်ခွဲမှု မခံရအောင် အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းထဲ လုံခြုံရေးကင်းတွေ နေရာယူပြီး စောင့်ကြပ်တာမျိုးတွေ လုပ်ဆောင်လေ့ရှိကြတာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် စစ်ကောင်စီ လုံခြုံရေးကင်းတွေ ရှိတဲ့ စာသင်ကျောင်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက တိုက်ခိုက်တာ ဖောက်ခွဲတာတွေ ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်နေတဲ့ စက်ရုံ အလုပ်ရုံပိုင်ရှင်တွေကို NUG အစိုးရက သတိပေးလိုက်ပြီး ရပ်တန့်ခြင်း မပြုရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ကြေညာလိုက်တဲ့ သတင်းဖြစ်ပါတယ်။ 

မကြာသေးမီရက်တွေအတွင်းက ရန်ကုန်မြို့ စက်မှုဇုန်မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Ho Sheng အထည်ချုပ် စက်ရုံက အလုပ်သမားခေါင်းဆောင် အချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဘယ်လို အရေးယူမလဲ၊ တရားရုံးတင်ကာ ပြစ်ဒဏ်ချမှတ်မလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒီဖြစ်ရပ်အပေါ် မူတည်ပြီး ဥရောပ သမဂ္ဂအဖွဲ့အနေနဲ့ ဖမ်းဆီးမှုရဲ့ လက်သည် စစ်အစိုးရကို ထုတ်ပြန်ချက်ထုတ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

ဒီဖြစ်ရပ် ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ အခုလို NUG အနေနဲ့ လုပ်ငန်းရှင်တွေကို သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ NUG အနေနဲ့ စက်ရုံလုပ်ငန်းရှင်တွေကို ဘယ်လို ဥပဒေနဲ့ အရေးယူနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့ အနေအထားဖြစ်ပြီး စက်ရုံလုပ်ငန်းရှင်တွေ အနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းမှုကိုသာ လုပ်နိုင်တဲ့အနေအထားမျိုး လို့ ယူဆရပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်က ရှင်းရှင်းလင်းလင်း မရှိတဲ့ သဘောမျိုးတွေ့ရပြီး အလုပ်သမားခေါင်းဆောင်တွေ ဖမ်းဆီးခံရခြင်းက စစ်ကောင်စီက အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုကို နိုင်ငံရေး လှုပ်ရှားမှုနဲ့ ချိတ်ဆက်ပြီး ဖိနှိပ်အရေးယူမှု လုပ်နေတဲ့ အနေအထားဖြစ်ပြီး အဆိုပါ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်မှာ စက်ရုံပိုင်ရှင်တွေရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက်ရှိလဲဆိုတာမျိုး အသေးစိတ် ရှင်းလင်းပြောဆိုဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

အဲလိုမဟုတ်ခဲ့ရင် လုပ်ငန်းရှင်တွေကို ထိရောက်စွာ အရေးယူမယ်ဆိုခြင်းက ပစ်ခတ်တိုက်ခိုက်တာ၊ ဖောက်ခွဲတာ၊ လုပ်ကြံသတ်ဖြတ်တာမျိုးအထိ အဓိပ္ပာယ် သက်ရောက်နိုင်တာမို့လို့ တရားဥပဒေကို တန်ဖိုးထားတဲ့ အစိုးရတရပ်အနေနဲ့ NUG က အခုလို ဝေဝါးတဲ့ သတိပေးချက်ထက် ရှင်းလင်းတဲ့ သတိပေးမှုမျိုးနဲ့ ထုတ်ပြန် သင့်တယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar