ခွန်ကကြီး - ပအိုဝ်းလူငယ်တွေ ဘယ်လောက် သေနေပြီလဲ
ခွန်ကကြီး - ပအိုဝ်းလူငယ်တွေ ဘယ်လောက် သေနေပြီလဲ
(မိုးမခ) ဩဂုတ် ၁၇ ၊ ၂၀၂၃
“စစ်ကောင်စီကို ကူညီဖို့ PNO ပြည်သူ့စစ်က တပ်သားသစ် အဓမ္မစုဆောင်းလို့ ပအို၀်းဒေသခံတွေ ဒုက္ခရောက်နေ” ဆိုတဲ့ သတင်းဆောင်းပါးကို မဲခေါင်နယူးစ်မှာ ဖတ်ရတယ်။
အဲဒီသတင်းကို "စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆက်ကြေး မကြာခဏ ကောက်ခံတာအပြင် တပ်သားသစ် စုဆောင်းနေတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေရတယ်လို့ ဒေသခံ ပအိုဝ်း အမျိုးသမီးတွေက ပြောပါတယ်"ဆိုပြီး စထားတယ်။
တကယ်တော့ ပအိုဝ်းဒေသမှာ စစ်ဖြစ်မနေပါဘူး။ ဘယ်သူတွေများ ပအိုဝ်းနဲ့ စစ်တိုက်နေတယ်လို့ ကြားဘူးပါသလဲ။ ဒါပေလို့ ပအိုဝ်းတွေကတော့ စစ်စရိတ်ထောင်းလှပါပြီ။ စစ်စရိတ်တင်မက စစ်သားပါ တောင်းလို့ ငွေပေး ရှောင်လိုက်ရ၊ ထိုင်း ထွက်ပြေးရနဲ့ လူငယ်လူရွယ်တွေဟာ ကိုယ့်ဒေသ ကိုယ့်မိသားစုကို စွန့်ခွာနေကြရပါတယ်။ ကောက်တာတွေကလဲ သေနတ်ဖိုး ကျည်ဖိုးမပြောနဲ့ ရေဖိုးကအစ ပါပါတယ်။ တခါကောက် ငါးသောင်း တသိန်းပါ။ မကြာမကြာ ကောက်ပါတယ်။
တကယ်တော့ စစ်က တပ်မတော်နဲ့ ကရင်နီ ဖြစ်နေတာပါ။ ပအိုဝ်းနဲ့ မဟုတ်ပါဘူး။ ဒါပေလို့ ဦးအောင်ခမ်းထီ၊ ဦးစံလွင်၊ ဦးလာစန်း၊ ဦးနေဝင်းထွန်း စတဲ့ PNO လူကြီးမင်းများရဲ့ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းမှန်သမျှက ရှမ်းတောင်မှာ ရှိသမျှ မြေယာနဲ့ ရှမ်းတောင်မှာ ရှိသမျှ လုပ်ငန်းအားလုံးလိုလို ဖြစ်နေတော့ သူတို့က စစ်ကောင်စီကို သူတို့အကျိုးစီးပွားတွေ မဆုံးရှုံးရေးအတွက် လူမျိုးတမျိုးလုံး ဆက်ကြေးပေးလိုက်တဲ့ သဘောပါ။
ခု ကရင်နီနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေမှာ အသေအဆုံးများတာ လူတိုင်း သိပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ်တွေကို အများကြီး အသုံးပြုပါတယ်။ ဒါပေလို့ ပအိုဝ်းစစ်သား ဘယ်နှယောက် သေတယ် ဆိုတာကိုတော့ PNO က ဘယ်တော့မှ မဟပါဘူး။ စစ်မတိုက်တတ်တဲ့ စစ်သင်တန်းကောင်းကောင်းမရှိတဲ့ ပအိုဝ်းတွေ သောက်သောက်လဲသေမယ်ဆိုတာ ပြေးကြည့်စရာ မလိုပါဘူး။
ပအိုဝ်းလူငယ်တွေ ဘယ်လောက် သေနေလဲ ဆိုတဲ့ မေးခွန်းဟာ မဲခေါင်နယူးမှာ ပါတဲ့ ပအိုဝ်းအမျိုးသမီးတယောက်ရဲ့ စကားကြောင့် ပအိုဝ်းတွေကြားမှာ လှုပ်ခတ်သွားပါတယ်။
“ဒီနှစ်ထဲမှာတော့ တစ်အိမ် ၅ သောင်းနှုန်းနဲ့ ပြန်လာကောက်တယ်။ ကျမတို့ ရွာက အိမ်ခြေ ၃၀၀ တောင် ရှိတယ်။ ၅ သောင်း ထည့်ရတာပါပဲ။ သေနတ်ဝယ်ဖို့နဲ့ ရှေ့တန်းတက်တဲ့ ပြည်သူ့စစ်တွေကို ထောက်ပံ့တာရယ်၊ ပြီးတော့ သေသွားတဲ့ PNO ရဲ့ မိန်းမတွေကို ထောက်ပံ့ဖို့ဆိုပြီး ကောက်တာပေါ့။”
“သေသွားတဲ့ PNO ရဲ့ မိန်းမတွေကို ထောက်ပံ့ဖို့”တဲ့။
ဘယ်သူနဲ့မှ စစ်မဖြစ်ရဘဲ ပင်ကိုဗီဇအားဖြင့် စစ်ကောင်းကောင်းမတိုက်တတ်တဲ့၊ မတိုက်ချင်တဲ့ ပအိုဝ်းလူငယ်တွေ စစ်ပွဲမှာ ဘယ်လောက်ကျဆုံးနေသလဲဆိုတဲ့မေးခွန်းဖို့ဖြေပေးဖို့ဟာ PNOလူကြီးတွေရဲ့တာဝန်ပါပဲ။
ပအိုဝ်းဘုန်းကြီးတွေလဲ ကိုယ့်လူမျိုးရှေ့ရေးအတွက် သွေးအေးမနေသင့်တော့ပါဘူး။ PNO လူကြီးများကို မေးခွန်းထုတ်ဖို့ လိုလာပါကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar