Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့အာသာဖြေဘုရား


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့အာသာဖြေဘုရား

(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၃


အစိမ်းသရဲတွေ လူလုံးမပြရတာ ဘာလိုလိုနဲ့ သုံးနှစ်သုံးမိုး ရှိပေါ့။ 

ငဗစ်နဲ့တနှစ်ကျော် ပိတ်မိပြီး ရွေးကောက်ပွဲစည်းရုံးခွင့်လေး ဒေါ်စုက ပေးသနားခိုက် ကပျာကယာတို့ပတ်ရိုက်ထွက်ခဲ့ပြီးကထဲက ပျောက်သွားလိုက်တာ ကျောက်ဆင်းတုကိုယ်တော်ကြီး ပွင့်တော်မူမှဘဲ  ပေါ်လာရတော့တာကလား။ 

အာ့ကြောင့် ဘုရားတရုံးရုံးသွား စိမ်းလုံးပြနေကြတာ။ သူရို့ခမျာ ငဗစ်ကာလထဲ စေတနာ့ဝန် တကယ်မထမ်းနိုင်ကြတော့ အစိမ်းရောင်မသန်းလိုက်ရ။ တဖြည်းဖြည်းနဲ့ လူတန်းမစေ့ လူတွေ့မခံ လူ့ထံမရောက် ဓါးမနောက်ပိတ်ခွေး လူရေးမဝင် လူတွင်မဆန့် လူနံ့မရ ဖြစ်နေကြတာကြာပလေ။ ငဗစ်ကာလမှာ အစိမ်းဥက်ကြီးသံလမ်းမဲ့ဘူတာရုံသန်းဌေးက ကြက်ဥတောင် ဈေးချရောင်းမပေးဖို့ပြောနေတဲ့ဗီဒိုဖိုင် အပြင်ပေါက်သွားတော့ လူရုပ်ပေါက်စရာမရှိတော့ဘူးလေ။ ဖွတ်စိတ်ဖွတ်သဘောက လူတောနဲ့ကို မကိုက် လူ့စရိုက်နဲ့လဲ မညီ လူပီဘို့ဝေး လူတွေးမှ မတွေးတတ်တော့တာ ကြာပကော။ သူတို့မို့ကြည့်လိုက်ရင် ဘောင်းဘီဘဲဝတ်ဝတ်၊ ခေါင်းပေါင်းဘဲပေါင်းပေါင်း ကျောင်းဘဲသွားသွား ဘုရားဘဲတက်တက် လူရည်ကိုမထွက်တာချည်း။ အင်း လူတွေးတွေးမှ လူသွေးကလဲ ဝင်တာကလား။

ရွေးကောက်ပွဲပြီးတော့လဲ မဲဝဲစွဲ မဲပြာကျဆိုတော့ လူထဲထွက် ဖွတ်မြီးမလိမ်လိုက်ကြရ။ အယားပြေအောင်ပွဲခံရအောင်ကို နိုင်တဲ့ရပ်ကွက် မရှိချက်၊ ဒါတောင် ဒေါ်စုက သူ့လူတွေ အောင်ပွဲမခံဘို့အမိန့်ထွက်လိုက်လို့ သက်သာသွားတာ။ မဟုတ်ရင် အိမ်ပြင်ထွက် သေးဆင်းပေါက်ဖို့ကို မလွယ်တာ။ ဆိုတော့ ငဗစ်ဒုက္ခ တွင်းဆုံးကျကာလမှာ ကြက်ဥတောင်ဈေးချမရောင်းချင်တဲ့ ဖွတ်အုပ်သန်းဌေးက ဖွတ်ကလိဒင်္ဂါးလဲ ချမပေးတော့ လမ်းပေါ်တက် ခြေအေးဝမ်းရောင်မလုပ်ရရှာဘူးပေါ့လေ။ ဟိုကောင်ကလဲ မရှုံးခင်သာ သုံးချင်တာ။

အာဏာသိမ်းလိုက်တော့ ပိုဆိုးပေါ့။ တတိုင်းပြည်လုံး အနီလုံးကြီးဖုံး၊ အုံးအုံးညံကျွက် ထွက်လာကြတော့ အစိမ်းတံခါး ပိတ်ကာထား ချောင်းဖျားချောင်းနားတောင် မဟတ်သာ။ မောင်ရင်လာ အဲ မဘသလာ တံခါးပိတ် ဂျိတ်ပဲ။ မတိတ်မနေ အသက်ရှည်။ လူမှုရေးပြစ်ဒဏ်ကြောက်လို့ သဟောက်သဟာလဲ မလုပ်ရဲ၊ မလှုပ်သာ။

အင်း ခု မာရဝိဇယကိုယ်တော်ကြီး ပွင့်တော်မူမှဘဲ အစိမ်းတွေခမျာ ကိုယ်ပိုင်ငရဲက လွတ် ကျွတ်တန်းဝင်လာကြရရှာတော့တာ။

ဒါလဲ သူတို့ဘဝရဲ့ ယာယီအခွင့်အရေးပ။ မကြာခင် ခံမြဲငရဲဆက်ခံ ရာသက်ပန်မက သားစဉ်မြေးပါ ဆက်ကြရတော့မယ်လေ။ ဖုရားဖူးရင်းမှာကို ဝန်ထမ်းတွေ အရံတပ်လုပ်ရတော့မယ်သတင်းတက်လာလို့ ခမျာများ ဘုရားတောင် ထိခြင်းငါးပါးပြည့်အောင် မဖူးလိုက်ရ၊ ဘယ်တော့မှ စိတ်ရောကိုယ်ရော ဒင်ပြည့်ကျပ်ပြည့်ဘဝ မရနိုင်တော့ဘူးလေ။ အစိတ်သားငရဲက မလွတ်နိုင်၊ ကျပ်မပြည့်ငရဲမှာ ဝဲစွဲအောင်သာ ခံကြပေတော့ပေါ့။ အစိတ်သားထောက်ခံခဲ့တဲ့  ဘယ်တော့မှ ကျပ်မပြည့်ရတော့မယ့် အကုသိုလ်အကျိုးပေးတွေ။

မာရဝိဇယ အစိမ်းရင်ပြင်မှာ ဆဲ့လ်ဖီ ဆွဲပြ၊ ဂုဏ်ဆာပြနဲ့ လူ့အာသာဖြေကြရတာပ။ လူထဲသူထဲ လူပွဲမနွှဲရတာ ကြာပကိုး။ အဲသလို လူညောင်းဆန့်ပြရင်း အချင်းချင်းလဲ ငါတို့ငရဲမှာ ငါတို့ဘဲ ရှိပါတယ်ဆိုပြီး အပြန်အလှန် အားပေးကြပေါ့လေ။ လူလူချင်း အသိအမှတ်မပြုတာလောက် ကြီးတဲ့လူ့ငရဲဆိုတာ မရှိဘူးမဟုတ်လား။ လူစာရင်း ဖယ်ထားခံရတာလောက်  ချောက်ချားနာကျင်စရာ ဘာရှိမှာလဲ။ လူရည်လူရောင် မပြောင်တာထက် နိမ့်ကျတဲ့လူ့အဖြစ်ရော ရှိလို့လား။ လူနဲ့မပြော လူတောမတိုး လူမျိုးမဝင်၊ အင်း ငရဲဆိုတာ ချမ်းသာမဲ့တာတဲ့။ ဘယ်နောက်ဘဝထိ စောင့်စရာလိုမလဲ။ ဒါ မျက်မြင်ငရဲကျတာဘဲလေ။

ကဲ ကဲ စစ်ရေးကလဲ နေပြည်တော် ရောက်တော့မယ်။

အချိန်ရှိတုန်း မာရဝိဇယ ထွက်ဖူးပြီး လူလုံးပြခွင့်လေးလာယူကြ။ လူ့အာသာဖြေကြ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar