Breaking News

ကလေးမြို့ တောင်ပိုင်းက ကျေးရွာတွေ ရိက္ခာနဲ့ လောင်စာဆီ ပိတ်ဆို့ခံထားရ၊ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဖမ်းဆီးခံရ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၃


ကလေးမြို့ တောင်ပိုင်းက ကျေးရွာတွေ ရိက္ခာနဲ့ လောင်စာဆီ ပိတ်ဆို့ခံထားရ၊ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တောင်ဘက်ကျတဲ့ ဂန့်ဂေါမြို့ဘက်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ကျေးရွာအချို့မှာ ရိက္ခာနဲ့ လောင်စာဆီတွေ ကလေးမြို့ကို တက်ပြီး ဝယ်ယူဖို့မလွယ်ကူတော့တာကြောင့် စျေးနှုန်းတွေ မတန်တဆမြင့်တက်လာပြီး အဲဒီကျေးရွာတွေက အိမ်ထောင်စု ရာဂဏန်းလောက် PDF တွေထိန်းချုပ်ထားတဲ့ ရွာတွေဆီ ပြောင်းရွှေ့ခိုလှုံလာတယ်လို့ သတင်းတပုဒ်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ 

အဆိုပါ ကျေးရွာတွေကတော့ ဂန့်ဂေါမြို့နယ်က ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း၊ ကျောက်ဆည် အစရှိတဲ့ ကျေးရွာ ၁၂ ရွာဖြစ်ပြီး အဆိုပါကျေးရွာတွေဟာ မူလက စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးလို့ ခေါ်ဆိုကြတဲ့ ပြည်သူ့စစ် အဖွဲ့တွေ အားကောင်းတဲ့ ကျေးရွာတွေဖြစ်ပြီး လောင်စာနဲ့ ရိက္ခာတွေကိုတော့ ကလေးမြို့ကို သွားရောက်ဝယ်ယူကြရပါတယ်။ 

ကလေးမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတချို့ကို PDF တွေက ထိန်းချုပ်ထားတာ ဖြစ်လို့ ကာလကြာရှည်လာတဲ့အခါ စက်သုံးဆီနဲ့ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေ မတန်တဆဈေးကြီးမြင့်လာနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ တိုင်ကြားစာတစောင်မှာတော့ အဲဒီဒေသမှာ နေထိုင်နေကြသူတွေအဖို့ စက်သုံးဆီ တဂါလံကို ကျပ် ၆ သောင်းလောက်နဲ့ ပေးဝယ်နေကြရပြီး လူသုံးကုန် ပစ္စည်းတွေလည်း ရှားပါးလာနေတယ်လို့ ဆိုပါတယ်။ 

ဒီကျေးရွာတွေဟာ စစ်တပ်၏ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ၄င်းတို့ကို ထောက်ခံတဲ့ ကျေးရွာတွေက အခုလိုရင်ဆိုင်နေရတဲ့ အခက်အခဲကို စစ်ရေးအရ အကူအညီပေး ဖြေရှင်းပေးပုံ မရတာကြောင့် အခုလို အကူအညီတောင်းတဲ့ စာက အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ သဘောလို့လည်း ကောက်ချက်ချရပါတယ်။ 

လက်နက်ကိုင် တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားကာစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ်လယ်ပိုင်းကာလတွေက အဲဒီဒေသတွေမှာ PDF လှုပ်ရှားမှုတွေ၊ စစ်ကောင်စီတပ်က နှိမ်နှင်းတိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး အစောဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စည်းရုံးမှု လက်နက်တပ်ဆင်ပေးမှုအောက်မှာ ပျူစောထီး ကျေးရွာလို့ ဒီဘက်က နာမည်တပ်ကြတဲ့ ပျူစောထီးလို့ခေါ်ဆိုတဲ့ စစ်ကောင်စီဘက်ကဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ် အားကောင်းတဲ့ ကျေးရွာတွေ အဖြစ်ပြောင်းလဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးရွာတရွာလုံးကို ပျူစောထီးကျေးရွာ တနည်းအားဖြင့် ပြည်သူ့စစ်ထောက်ခံတဲ့ ကျေးရွာ အဖြစ်သတ်မှတ်ကြတာဟာ စည်းရုံးရေး သဘောမပါတဲ့ အဖြူအမဲခွဲသတ်မှတ်ကြတဲ့ သဘောမျိုး ဆောင်ပြီးရေရှည်မှာ နိုင်ငံရေး စစ်ရေး အရစည်းရုံးဖို့ ရည်ရွယ်တာထက် ကျေးရွာအလိုက် အနီထောက်ခံတဲ့ရွာ နဲ့ အစိမ်းထောက်ခံတဲ့ရွာ ခွဲခြားသတ်မှတ်ပြီး တိုက်ခိုက်တာ၊ လုယက်တာ၊ စားနပ်ရိက္ခာ ပိတ်ဆို့တာတွေဆီ ဦးတည်သွားနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အရပ်သားနဲ့ လက်နက်ကိုင် လှုပ်ရှားတဲ့ ပြည်သူ့စစ်ကိုခွဲခြားပြီး မသတ်မှတ်နိုင်ခဲ့ရင် လက်နက်ကိုင်သူရော မကိုင်သူ အမျိုးသမီး ကလေးငယ်တွေပါ သိမ်းကျုံးထည့်သွင်းပြီး ရန်သူ့ကျေးရွာ သဖွယ် စဥ်းစားပြုမူကြတဲ့အခါ မှားယွင်းမှုတွေနဲ့ ကြုံတွေ့ရနိုင်သလို အရပ်သားတွေကိုပါ သတ်ဖြတ်တာတွေ အထိ ဖြစ်ပေါ်လာနိုင်တာလည်း သတိပြုရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ပြုမူတဲ့ ရာဇဝတ်မှုမျိုးတွေ ဖြစ်တဲ့ အရပ်သားတွေကိုပါ ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း ဖြတ်တောက်မှုမျိုး၊ အရွယ်မရောက်သေးသူတွေရာ အမျိုးသမီးတွေကိုပါ ရန်သူထောက်ခံအားပေးသူ၊ ပူးပေါင်းကြံစည်သူတွေ အဖြစ်သတ်မှတ်ကာ ဖမ်းဆီး နှိပ်စက်မှု၊ သတ်ဖြတ်မှုမျိုးတွေ မဖြစ်ပွားရအောင် နိုင်ငံရေးအရ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေအရ ထိန်းသိမ်းကြပ်မတ်ဖို့ မူဝါဒအားဖြင့် ရှင်းရှင်းလင်းလင်း အသိပေး ကြေညာထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေထဲ အခြားသော သတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို စစ်ကောင်စီက အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်မှု အနေအထားက အခြားသော ပြည်မ တိုင်းဒေသတွေနဲ့ ပြည်နယ်တွေထက်စာရင် ပိုမို အားကောင်းတဲ့ သဘောမျိုးတွေ့ရပြီး အေအေ ရဲ့  စင်ပြိုင် အုပ်ချုပ်ရေး  တည်ဆောက်မှုတွေ၊ CSO အဖွဲ့အစည်းတွေရဲ့ ထုတ်ဖေါ်ပြောဆိုမှု၊ လှုပ်ရှားမှုတွေ ပိုလုပ်ဆောင်နိုင်တဲ့ အနေအထားလည်း တွေ့ရပါတယ်။ ယခုအဖမ်းခံရတဲ့ ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ ဥက္ကဋ္ဌ အနေနဲ့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့ ကိစ္စတွေက အစ၊ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေအထိ ပါဝင်လှုပ်ရှားလုပ်ကိုင်နေသူ တဦးဖြစ်ပြီး မကြာခင်က စစ်တွေ ဆန်ပြဿနာ ဖြစ်ပွားတဲ့ အထိမ်းအမှတ်နေ့ ကျင်းပရာမှာ တက်ရောက်ဟောပြောခဲ့ပြီးနောက် အခုလို အဖမ်းခံရတာလို့လည်း သတင်းတွေအရ သိရှိရပါတယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းတပုဒ်မှာ ဒေါ်ညိုအေးရဲ့ သမီးဖြစ်သူက ဖြေကြားထားပါတယ်။ 

စစ်တွေ ဆန်ပြဿနာ အရေးအခင်းဟာ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်မှာ ဆန်စျေးနှုန်းကြီးမြင့်မှု၊ ဆန်ရှားပါးမှုကြောင့် ထမင်းဝအောင် မစားနိုင်ကြတဲ့ အနေအထား၊ ဆန်ပြုတ်သောက်ကြရတဲ့ အခြေအနေကနေ ထွက်ပေါ်လာတဲ့ ဆန်ဂိုဒေါင် ဖွင့်ပြီးဆန်တွေကို ဆန္ဒပြကြတဲ့ လူအုပ်က ယူသွားခဲ့ကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်ရက်မှာ ဖြစ်ပွားတဲ့ စစ်တပ်က ပစ်ခတ်မှုဖြစ်ပြီး ဆန္ဒပြသူ လူ ၂၀၀ လောက် သေဆုံးခဲ့ကြရတယ်လို့ သမိုင်းအဖြစ်အပျက်မှတ်တမ်းတွေ အရ သိရှိရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဆန္ဒပြသူ လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ သမိုင်းဖြစ်ရပ်အတွက် ၊ သေဆုံးခဲ့ရသူတွေ အတွက် နှစ်စဥ်အမှတ်တရ အခမ်းအနားတွေ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ မဆလခေတ် လို့ခေါ်တဲ့ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ စစ်ဗိုလ်ချုပ်တွေက တော်လှန်ရေး ကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ စသဖြင့် အမျိုးမျိုး အမည်ပြောင်း အုပ်ချုပ်ခဲ့တဲ့ ခေတ်ကာလက မူဝါဒအလွဲတွေ၊ စီမံခန့်ခွဲမှု အလွဲတွေကြောင့် လူထုအနေနဲ့ ဆန်စပါးကို လုံလောက်အောင် ဝယ်မစားနိုင်တဲ့ အခြေအနေထိ ရောက်ရှိ အလွဲတွေ၊ စီမံခန့်ခွဲမှု အလွဲတွေကြောင့် လူထုအနေနဲ့ ဆန်စပါးကို လုံလောက်အောင် ဝယ်မစားနိုင်တဲ့ အခြေအနေထိ ရောက်ရှိခဲ့ကြရတဲ့ ကာလတွေလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar