နေသွင်ညိဏ်း - ရွက်ကြွေတောနှင့် ရေနွေးရောင်းသူ
ရွက်ကြွေတောနှင့် ရေနွေးရောင်းသူ
နေသွင်ညိဏ်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၃
‘အရေးတော်ပုံဆိုသည်မှာ ထိုသို့ပါတကား၊
လမ်းသစ် ဆိုသည်မှာ ထိုသို့ပါတကား၊
အဘယ်မုခ်ဦး ဆီသို့ ချီတက်မည်နည်း။’
တခါတခါ အဖြစ်အပျက်တွေက ဆရာဇော်ဂျီ ဘာသာပြန်တဲ့ ‘လမ်းသစ်’ ထဲက အတိုင်းပဲလို့ ထင်မိတယ်။ အကွက်အကွင်း ကောင်းတဲ့ လမ်းဆုံလမ်းခွမှာ ရေနွေးရောင်းတဲ့အဘိုးအိုတယောက်နဲ့ ပြောင်းလဲနေတဲ့ ခေတ်တခေတ်။ မူရင်းကို မဖတ်ရလို့ ဘယ်လိုရေးထားတယ် မပြောနိုင်ပါဘူး။ ဆရာဇော်ဂျီရဲ့ ဘာသာပြန်မှာ အဆုံး သတ်ထားပုံလေးက စာဆုံးပေမယ့် အတွေးကမဆုံး။
‘ထိုသို့ပါ တကား’ ဆိုတာက သံဝေဂ ကထာ။ အဘိုးအိုက ၁၂ ပေပတ် လည် သူ့ရေနွေးဆိုင်လေးကို သူ့အဖေ ဆီက အမွေရခဲ့တယ်။ သူ့မိသားစု စားဝတ်နေရေး၊ သူ့ သားပညာရေး၊ နောက်ဆုံး လူမမည် သူ့မြေးလေး အထိ လက်ဆင့်ကမ်းအမွေ ဖြစ်ဖို့ သူရည်မှန်းထားခဲ့တယ်။ ဒါပေမယ့် အနှစ် ၆၀ကြာပြီ ဖြစ်တဲ့ ရေနွေးဆိုင်လေးရဲ့ ကံကြမ္မာက တမျိုးတမည် ဖြစ်တော့မယ်။
ခေတ်က ပြောင်းနေပြီ။ မိုးလင်း မိုးချုပ် သူ့ရေနွေးဆိုင်လေးထဲဘဝကိုနှစ်မြှုပ်ထားတဲ့ အဘိုးအိုက မသိ။ အရေးတော်ပုံဆိုတာ သူနားမလည်၊ လမ်းသစ်ဆိုတာကို သူမသိ။
လမ်းချဲ့တဲ့အထဲ သူ့ရေနွေးဆိုင်လေး ပါနေတယ်လို့ အကြောင်းကြားလာတဲ့အခါ သူတုန်လှုပ်သွားတယ်။ ဒေါသထွက်တယ်။ ဒါပေမယ့် သူ့သားက သူနဲ့ပြောင်းပြန်၊ လမ်းသစ်ကို ကြိုဆိုသူ။ မျိုးဆက်နှစ်ခုရဲ့ အမြင်မတူ၊ ကွာဟချက်။
နောက်ဆုံးမှာတော့ လမ်းသစ်ဆိုတာ ထိုသို့ပါတကား လို့ သူနားလည်သွားတယ်။ သူ့မြေးလေး အရွယ်ရောက်လာရင်လည်း လမ်းသစ်ကို လက်ခံလိမ့်မယ်လို့ သူ့ ရိပ်စားမိလာတယ်။ သူက လူအို၊ အတိတ်။ သူ့သားက ပစ္စုပ္ပန်။ သူ့မြေးက အနာဂတ်၊ ဒီလိုနားလည်ရပါတယ်။
ဇာတ်လမ်းက တရုတ်ပြည်က ခေတ်ပြောင်းချိန်ကို ရေးဖွဲ့တယ်ဆိုပေမယ့်၊ လူသားရဲ့ စိတ်ကို ထင်ဟပ်တဲ့အတွက် ပထဝီကို ကျော်ခဲ့တယ်။ အချိန်ကာလကိုလည်း အနိုင်ရတယ်လို့ ကျနော်ထင်တယ်။
ခေတ်ပြောင်းချိန်ဆိုတာ လူ့သမိုင်းရှည်သရွေ့ ရှိနေမယ့်တရား။ လူ့သမိုင်းဆိုတာလည်း ပြောင်းလဲခြင်းတွေနဲ့ ဖွဲ့စည်းထားတာပဲမဟုတ်လား။ လောကမှာ မပြောင်းလဲတဲ့တရားဆိုလို့ ပြောင်းလဲခြင်းပဲရှိတယ်လို့ ဒဿနဆရာတို့က ဆိုကြတယ်။ သမိုင်းဆိုတာ ဘယ်တော့မှ မဆုံး။ သမိုင်း နိဂုံး ဆိုတာသာ နိဂုံး ချုပ်သွားရတယ်။
မျိုးဆက်ကွာဟချက်ဆိုတာလည်း ဒီသဘောအတိုင်းပါပဲ။ အတိတ်နဲ့နေထိုင်သူက အနာဂတ်ကိုလှမ်းမြင်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် အဟောင်းတွေနေရာမှာ အသစ်တွေက အစားဝင်ရင်း လူ့သမိုင်းဟာ ရှေ့ဆက်နေမည်သာ။
ရေနွေးဆိုင်ပိုင်ရှင် အဘိုးအိုကိုလည်း အပြစ်ဆိုဖွယ်ရာမရှိပါ။ ဒီအတိုင်း အပြောင်းအလဲကိုရော အပြစ်ဆိုကြမလား၊ ဆိုဖွယ်ရာမရှိပါ။ လောကဓမ္မသာ ဖြစ်ပါတယ်။
ဒီနေရာမှာ အမေရိကန်လူမျိုး ကဗျာဆရာ ရောဘတ် ဖရော့ဒ် (Robert Frost ) ရဲ့ နာမည်ကြီး ကဗျာ (The Road Not Taken) ထဲက တပိုင်းတစကိုလည်း သတိရပါတယ်။
Two roads diverged in a yellow wood,
And sorry I could not travel both
‘ရွက်ဝါကြွေ တောအုပ်ထဲက လမ်းနှစ်သွယ်
ငါ တပြိုင်တည်းလျှောက်သွားလို့ မရတာ
ဝမ်းနည်းစရာ။’
ဒီလိုပဲ လူ့ဘဝဆိုတာ ရွေးချယ်ရတဲ့ခရီး။ တခါတလေ လမ်းနှစ်သွယ်ထဲက တသွယ်ကို ရွေးရမယ်။ အနာဂတ်ကို ကြိုမမြင်ရပါ။ လမ်းဟောင်းနဲ့ လမ်းသစ်၊ ကြိုက်ရာရွေး။ ကိုယ်ရွေးတဲ့လမ်းခရီးအတိုင်း ကိုယ်လျှောက်ရမည်သာ။
နေသွင်ညိဏ်း
( ၁ အောက်တိုဘာ၊ ၂၀၂၃)
*** (*လမ်းသစ် မှာ စာပေနိုဘယ်ဆုရအမေရိကန် စာရေးဆရာမ Pearl S. Buck( 1892- 1973) ၏ The New Road ကို ဆရာဇော်ဂျိီက ဘာသာပြန်ထားခြင်း ဖြစ်သည်။ )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar