Breaking News

စစ်ပွဲတွေကြားထဲက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ၈ နှစ်ပြည့် အခမ်းအနား


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၄ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၃


စစ်ပွဲတွေကြားထဲက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ၈ နှစ်ပြည့် အခမ်းအနား

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ အဲဒီအချိန်က အုပ်ချုပ်တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ပထမဆုံး လက်မှတ်ရေးထိုးခဲ့ကြတာ အခုဆို ၈ နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် သမိုင်းတလျှောက် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ရာက အနှစ် ၆၇ နှစ်မြောက်ကာလမှာ နှိုင်းယှဥ်ချက်အားဖြင့် အပစ်အခတ်ရပ်စဲရေးနဲ့ နောက်တဆင့် နိုင်ငံရေးအရ ဆွေးနွေးပွဲ အထိတက်လှမ်းဖို့ ဆွေးနွေးသဘောတူကာ နိုင်ငံတကာ အစိုးရအချို့ကို သက်သေထားပြီး လက်မှတ်ရေးထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာတော့ မှတ်တိုင်တခုလို့ဆိုနိုင်တဲ့ အနေအထားထိ ရောက်ရှိခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ်များစွာ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အတော်များများအနေနဲ့ မြန်မာနိုင်ငံမှာ အမှန်တကယ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်လာနေပြီလားလို့ မျှော်လင့်ခဲ့ကြတဲ့ အနေအထားမျိုးလည်း ဖြစ်ခဲ့ပါတယ်။ 

ဒီ NCA စာချုပ် ထွက်ပေါ်လာဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများအပြားနဲ့ ဦးသိန်းစိန် အစိုးရတာဝန်ပေးထားတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC တို့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့၊ ညှိနှိုင်းခဲ့ကြပြီးနောက် NCA ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ် အကြမ်းရေးဆွဲရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ခဲ့တယ်လို့ဆိုပေမယ့် လက်မှတ်ရေးထိုးချိန်မှာတော့ ၈ ဖွဲ့ကသာ ပထမဆုံးအသုတ်အနေနဲ့ ရေးထိုးခဲ့ပြီး နောက်အစိုးရ ဖြစ်တဲ့ အန်အယ်လ်ဒီ လက်ထက်မှာ နောက်ထပ် ၂ ဖွဲ့က ရေးထိုးကာ ၁၀ ဖွဲ့ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် မှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူစာချုပ် ဖြစ်တဲ့ NCA ပေါ် အခြေခံပြီး  ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ အစိုးရလက်ထက် နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထပ်မံလက်မှတ်ရေးထိုးလာကြဖို့နဲ့  ဆယ်စုနှစ်များစွာ ရှည်ကြာတဲ့ ပြည်တွင်းစစ်ကနေ အဖြေရတော့မလားဆိုတဲ့ မျှော်လင့်ချက်ဟာ စစ်တပ်ရဲ့ တင်းမာတဲ့ ရပ်တည်ချက်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရှေ့မတိုးနိုင်အောင် မကြာခဏ မြေပြင်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခြင်း၊ ငြိမ်းချမ်းရေး ညီလာခံတွေမှာ စစ်တပ်ဘက်က သဘောတရားမူဝါဒတွေ တင်မက စကားလုံး တခုနဲ့တင် နာရီနဲ့ချီ ရက်နဲ့ချီ ဆွေးနွေးရအောင် တင်းခံထားခြင်းတွေကြောင့် အန်အယ်လ်ဒီရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံက ခရီးမရောက်ပဲ ၂၀၁၅ မတိုင်ခင် အခြေအနေထက် နောက်ပြန်လန်ရတဲ့ အနေအထားမျိုးတွေ ဖြစ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ နှစ်လည်မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္တအစည်းအဝေးမှာ စစ်တပ်ဘက်က ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်လေ့လာကြည့်ရင် ဘယ်လောက်ထိ နောက်ပြန်ရောက်နေသလဲ ဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး သို့မဟုတ် ပြည်တွင်းစစ် ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကြား ပြဿနာသာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်၊ လက်နက်ကိုင် စစ်တပ်ဟာ တက်လာတဲ့ အစိုးရကို အကာအကွယ်ပေးဖို့သာ ဖြစ်တယ်ဆိုတဲ့ စကားနဲ့ ငြိမ်းချမ်းရေးမရခြင်းဟာ စစ်တပ်ရဲ့ ရပ်တည်ချက်ကြောင့်လို့ နိုင်ငံရေးသမားတွေ ပြောဆိုခြင်းကို ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်း တယ်ဆိုတဲ့ မရိုးမသား လုပ်ရပ်၊ လိမ်လည်တဲ့ လုပ်ရပ်ကို တင်စားတဲ့ ဆိုရိုးစကားနဲ့ တင်စားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံလိုမျိုးမှာ စစ်တပ်ခေါင်းဆောင်လုပ်သူက အခုလို လူမိုက်ဆန်တဲ့ မိန့်ခွန်းမျိုး အရပ်ထဲပြောတဲ့ စကားလုံးမျိုးနဲ့ ပြောဆိုခဲ့တာကို ကြည့်ရင် စစ်တပ်ဟာ ငြိမ်းချမ်းရေး ကို လိုလားခြင်းမရှိတာ ထင်ရှားနေတာ ဖြစ်ပါတယ်။ 

အန်အယ်လ်ဒီ အစိုးရ မဖြစ်ခင် သမ္မတဦးသိန်းစိန် လက်ထက်မှာကတည်းက ကချင်ပြည်နယ်မှာ ဆယ်စုနှစ် ၂ ခုနီးပါး သဘောတူ ထိန်းသိမ်းခဲ့တဲ့ အပစ်ရပ်မှုကို လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ စစ်ပွဲ ပြန်လည်ဖြစ်စေခဲ့သလို ဦးသိန်းစိန် လက်ထက် တဖတ်သတ်အပစ်ရပ်တယ်ဆိုတဲ့ သမ္မတရုံးရဲ့ ကြေညာချက်ကိုလည်း လက်တွေ့မှာ အရာမထင်အောင် ကန့်လန့်တိုက်ခဲ့တာလည်း စစ်တပ်ကို ဦးဆောင်သူ မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ အဲဒီသက်တမ်းကာလမှာ လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်အရာရှိသင်တန်းကျောင်းထိမှန်ကာ ဒါဇင်နဲ့ချီတဲ့ အရာရှိလောင်းတွေ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် စစ်တပ်ဟာ ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အခြေအနေ၊ စစ်ရေး နဲ့ နိုင်ငံရေး အင်အားချိန်ခွင်လျှာ၊ စစ်မျက်နှာများစွာ တပြိုင်နက်ထဲ ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီ၊ ယခင်က လက်နက်ကိုင်အဖွဲ့ မရှိခဲ့ဖူးတဲ့ လူမျိုးစုတွေတောင် လက်နက်ကိုင် အဖွဲ့တွေ ဖွဲ့စည်းဖြစ်ပေါ်လာတာတွေက စစ်ကောင်စီ အတွက် စစ်တပ်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပရိယာယ် တခုအနေနဲ့ အသုံးချဖို့ ဖြစ်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တဖက်မှာ တိုက်ခိုက်နေသလို တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု နဲ့ ဖေါ်ဆောင်ရေး ကော်မတီလို ဖွဲ့ပြီး စကားပြောဖို့ စေခိုင်းထားတာ ဖြစ်ပါတယ်။ မီးစတဖက် ရေမှုတ်တဖက် ပေါ်လစီလို့ဆိုရင်တောင်မှ ရေမှုတ်ဘက်ထက် မီးစဘက်က ပိုမိုပြင်းထန်စွာ တောက်လောင်နေတဲ့ မီးစကို မွှေးပြီးကိုင်ဆောင်ထားတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

အထက်က အဖြစ်အပျက်တွေ အထောက်အထားတွေကို ကြည့်ရင် အခု ကျင်းပမယ့် NCA ၈ နှစ်မြောက် အခမ်းအနားဟာ လက်ရှိရင်ဆိုင်နေတဲ့ စစ်မျက်နှာတွေကနေ စစ်ကောင်စီ အဖို့ အင်အားပြန်လည်စုစည်းချိန် ရအောင် အချိန်ဆွဲတဲ့ နည်းပရိယာယ် တခုလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar