Breaking News

အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၂)


အောင်သစ် - နွေဦးတော်လှန်ရေး နှင့် လက်တွေ့အကျပ်အတည်းများ (အပိုင်း - ၂)

(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၃



နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံရေးဖော်ပြချက်များ၊ နိုင်ငံရေးအခင်းအကျင်းကို ဖော်ပြရလျှင် နွေဦးတော်လှန်ရေးမတိုင်မီကာလနှင့် နွေဦးတော်လှန်ရေးကာလဟူ၍  ၂ ပိုင်းခွဲ ဖော်ပြရမည် ဖြစ်ပါသည်။ 

၂.၁။ နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးအခင်းအကျင်း 

နွေဦးတော်လှန်ရေးမတိုင်မီကာလ နိုင်ငံရေးအခင်းအကျင်းသည် အဓိကအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ လွှတ်တော်နှင့် လွှတ်တော်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခေါ်  ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ၊ ထိုအခင်းအကျင်း နှစ်ခုစလုံးတွင် မပါဝင်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၏ လှုပ်ရှားမှုများ စသည့် လှုပ်ရှားမှုများ ရှိနေသည့် နိုင်ငံရေးအခင်းအကျင်း ဖြစ်သည်။ 

နွေဦးတော်လှန်ရေးကာလတွင် ထူးခြားသည့် ဖြစ်ထွန်းမှုတခုမှာ အဖွဲ့အစည်းအသစ်များ၊ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုတော်လှန်ရေးအဖွဲ့အစည်းသစ်များသည် အမည်နာမအားဖြင့် PDF ၊ LPDF စသည်ဖြင့် နာမည်များမည်သို့တပ်သည်ဖြစ်စေ၊ ယေဘုယျအားဖြင့် နွေဦးတော်လှန်ရေး အကျိုးဆက်အဖြစ် ပေါ်ပေါက် လာသော တော်လှန်ရေးအင်အားစုသစ် (New Resistance Organizations-NROs)များ ဖြစ်ပါသည်။ ထို NROs များ၏ လက်နက်ကိုင်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး၊ ၎င်းတို့၏ လက်နက်ကိုင် လှုပ်ရှားမှုများသည် နယ်စပ်ဒေသ၊ ကျေးလက်ဒေသများသာမက မြို့ပြဒေသအထိ ပျံ့နှံ့နေပါသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအောက်မှ လွှတ်တော်နှင့် လွှတ်တော်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ လုံးဝ ရပ်ဆိုင်းသွားပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ 

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ခေါ်  ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သက်ဆိုင်သူများ (actors) အစုံအလင် မရှိတော့သည့်အပြင် မဖျက်သိမ်း သို့မဟုတ် ရှေ့ဆက်လည်းမတိုးနိုင်အခြေအနေ ဖြစ်နေသည်။ 

နွေဦးတော်လှန်ရေးမတိုင်မီကာလ လွှတ်တော်အခင်းအကျင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲအခင်းအကျင်း နှစ်ခုစလုံးတွင် မပါဝင်ခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း(Ethnic Resistance Organizations – EROs) အချို့သည် ယခုအခါတွင် ၎င်းတို့၏အခြေအနေအတိုင်းအတာလိုက်၍ နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားလာကြသည်။ 

နွေဦးတော်လှန်ရေးကာလအတွင်း လှုပ်ရှားမှုများကို ခြုံငုံသည့် နိုင်ငံရေးအခင်းအကျင်းကို ဖော်ပြရလျှင် NROs များ၏ လက်နက်ကိုင်လှုပ်ရှားမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations - EROs) ၏ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများ သက်ရောက်ပါဝင်နေသော နိုင်ငံရေးအခင်းအကျင်း ဖြစ်ပါသည်။ 

၂.၂။ နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးဖော်ပြချက်များ 

နွေဦးတော်လှန်ရေးကာလ နိုင်ငံရေးဖော်ပြချက်များကို ဘက်အားဖြင့် လည်းကောင်း၊ အဖွဲ့အစည်းသဘောဖြင့် လည်းကောင်း၊ ခေါင်းဆောင်မှုသဘောဖြင့် လည်းကောင်း သုံးသပ်တင်ပြပါမည်။ 

နွေဦးတော်လှန်ရေး၏ ထူးခြားချက်မှာ မြန်မာ့သမိုင်းတွင် ဂျပန်တော်လှန်ရေးနှင့် လုံးဝ လွတ်လပ်ရေးကာလကဲ့သို့ပင် ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးဖြစ်သည့်အတွက်— 

ဘက်အားဖြင့် ဖော်ပြရလျှင် စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုသည့် စစ်အုပ်စုက တဖက်၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုသည့် ဆန့်ကျင်သည့် အင်အားစုများအားလုံးနှင့် ပြည်သူလူထုကတဖက် ဖြစ်ပါသည်။ 

အဖွဲ့ အစည်းသဘောအားဖြင့် ဖော်ပြရလျှင် တော်လှန်ရေးအဖွဲ့ အစည်းများထဲတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် တွင် ဖော်ပြထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(National Unity Consultative Council - NUCC) )၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် လွှတ်တော်ကိုယ်စားပြုကော်မတီများ၊ ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရ(Interim National Unity Government)၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာအဖွဲ့ အစည်းများ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့ အစည်းများ/ကောင်စီများနှင့် နွေဦးတော်လှန်ရေးကာလမတိုင်မီကတည်းက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာခဲ့ကြသည့် ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း(Ethnic Resistance Organization-EROs) များ ပါဝင်ပါသည်။ 

ဖော်ပြခဲ့သည့် အဖွဲ့အစည်းများနှင့် ဖော်ပြခဲ့သည့် နိုင်ငံရေးအခင်းအကျင်းတွင် အရေးကြီးသည့် အစိတ်အပိုင်းမှာ ခေါင်းဆောင်မှု ဖြစ်ပါသည်။ 

ခေါင်းဆောင်မှုသဘောကို ဖော်ပြရန်မှာလည်း ၂၀၂၁၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုမတိုင်မီကာလ နှင့် ဖေဖော်ဝါ ရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းကာလ ဟူ၍ ၂ ပိုင်းခွဲ ဖော်ပြရမည် ဖြစ်ပါသည်။ 

စစ်အာဏာသိမ်းမှုမတိုင်မီ ကာလတွင် တစုံလုံး နိုင်ငံရေးအခင်းအကျင်းကို လွှမ်းခြုံဦးဆောင်သည်ဟု ဖော်ပြလျှင် အငြင်းထွက်နိုင်စရာ ရှိကောင်းရှိနိုင်သော်လည်း လက်တွေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အဓိကအခန်းမှ ပါဝင်ဆောင်ရွက်နေသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖြစ်သည်ဟုဆိုလျှင် အငြင်းထွက်စရာ မရှိပါ။ 

စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီး နွေဦးတော်လှန်ရေးကာလတွင် ဤစာတမ်းအထက်၌ ဖော်ပြခဲ့သည့် ဖြစ်ပေါ်ပြောင်းလဲမှုအသစ်များ၊ အဖွဲ့အစည်းများ၏ ဖြစ်ထွန်းမှုများ၊ အခင်းအကျင်းဆိုင်ရာ အပြောင်းအလဲများသည် ခေါင်းဆောင်မှု အခန်းကဏ္ဍကိုလည်း ရိုက်ခတ်ပါသည်၊ ထိုရိုက်ခတ်မှုကြောင့် ခေါင်းဆောင်မှုအခန်းကဏ္ဍ အပြောင်းအလဲ ဖြစ်ပေါ်လာပါသည်။ 

ပုံမှန်အားဖြင့်ဆိုလျှင် ပြောင်းလဲသွားသည့် ခေါင်းဆောင်မှုအခန်းကဏ္ဍ ပုံသဏ္ဌာန်အရ၊ တနည်းအားဖြင့် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) သည် အဓိက ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ရောက်ရှိနေရမည်ဖြစ်ပါသည်။ ဤနေရာတွင် အထူးအလေးထား ဖော်ပြရန်လိုသည်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) တွင် မည်သည့်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ ပါသည်၊ မပါသည်၊ မည်သည့်အားနည်းချက်များ ရှိသည်၊ မရှိသည် ဆိုသည့်အပေါ်တွင် အခြေခံတင်ပြခြင်း မဟုတ်ဘဲ၊ ပြောင်းလဲသွားသည့် တော်လှန်ရေးအခင်းအကျင်း သဘောသဘာဝအရ ရှိနေသည့်ပုံစံ(revolution format)ကို ဖော်ပြခြင်းသာ ဖြစ်ပါသည်၊ တနည်းအားဖြင့် တော်လှန်ရေး တရပ်၏ တပ်ပေါင်းစုအဖြစ် ရှိနေသည့်ပုံစံကိုသာ ဖော်ပြခြင်းဖြစ်ပါ သည်။ 

လက်တွေ့တွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council-NUCC)သည် တော်လှန်ရေးတစုံလုံးကို ဦးဆောင်နေသည့် အနေအထားမျိုး၊ ခိုင်မာသည့် တော်လှန်ရေးတပ်ပေါင်းစုအဆင့်မျိုး မရရှိသေးပါ။ ထို့အပြင် မည်သူတဦးတယောက် သို့မဟုတ် မည်သည့်အဖွဲ့ အစည်းတခုခုမျှ လည်း တော်လှန်ရေးတစုံလုံးကို လွှမ်းခြုံဦးဆောင်နိုင်သည့်အနေအထားမျိုးတွင် ရှိမနေပါ။ 

စစ်အာဏာသိမ်းမှုမတိုင်မီကာလက ဦးဆောင်မှုအခန်းတွင် ရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည်လည်း ယခုနွေဦးတော်လှန်ရေးတွင် လက်တွေ့ အကြောင်းအချက်များအရ ခေါင်းဆောင်မှုအခန်းတွင် ရှိမနေတော့ပါ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လွန်ကဲစိတ်ဖြင့် ကြည့်မြင်မိလျှင် ထိုအချက်ကို လုံးဝ လက်မခံနိုင်ဖြစ်တတ်သည့်အတွက် လက်တွေ့ အကြောင်းအချက်များအရဟု ဆိုသည့်စကားရပ်ကို ထပ်မံဖွင့်ဆို ရှင်းပြထားရန် လိုအပ်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နွေဦးတော်လှန်ရေးတစုံလုံးဆိုင်ရာ ကိစ္စရပ်များ၊ ဖြစ်ပေါ်ပြောင်းလဲလာသည့် အခြေအနေများနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာကိစ္စရပ်များ ဖြစ်စေ၊ အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်စေ ဦးဆောင်လမ်းညွှန်မှုပေးနေခြင်း လက်တွေ့တွင် မရှိတော့ပါ။ ဦးဆောင်မှုအခန်းတွင် မရှိတော့သော်လည်း အထက်တွင်ဖော်ပြခဲ့သည့် အဖွဲ့အစည်းများနှင့်အတူ နွေဦးတော်လှန်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လက်တွဲ ပါဝင်နေပါသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လူငယ် ခေါင်းဆောင်များသည် နွေဦးတော်လှန်ရေးတွင် ရှေ့ဆုံးတန်းမှ ပါဝင်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော် ပါတီတရပ်အနေဖြင့် နွေဦးတော်လှန်ရေးကို လမ်းညွှန် ဦးဆောင်နေသည့် လက်တွေ့ ဖော်ပြချက် မရှိပါ။ 

ထိုသို့ဆိုလျှင် ယနေ့ နွေဦးတော်လှန်ရေး၏ ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် မည်သူ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့်စုစည်းမှုက ဦးဆောင်နေပါသလဲ ဆိုသည်ကို ဆန်းစစ်ဖော်ထုတ်ရန် လိုအပ်ပါသည်။ 

နွေဦးတော်လှန်ရေး၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို လက်တွေ့ အခြေအနေများဖြင့် ဆန်းစစ်ကြည့်သည့်အခါ အောက်ပါအချက်များကို တွေ့ ရှိရပါသည်—

၁။    တော်လှန်ရေးတရပ်ကို ဆင်နွှဲသည့်အခါ နိုင်ငံရေးပါတီတခု သို့မဟုတ် တပ်ပေါင်းစုတခု၊ တနည်းအားဖြင့်ဆို ရလျှင် ခိုင်မာအားကောင်းသည့်ဖွဲ့စည်းမှု(Institution)တခုခုက ဦးဆောင်ကြရသည်။ လက်ရှိ ဦးဆောင်မှုကဏ္ဍတွင် ရှိနေကြသော အဖွဲ့အစည်းများ၊ စုစည်းမှုများသည်လည်း တော်လှန်ရေးတရပ်လုံးကို လွှမ်းခြုံသည့် တခုတည်းသော ခေါင်းဆောင်အဖွဲ့ အစည်းနေရာသို့ မရောက်ရှိသေးပါ။ 

၂။ ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ရှိနေကြသော အဖွဲ့အစည်းများ၊ စုဖွဲ့မှုများသည် ပို၍လွှမ်းခြုံ ကျယ်ပြန့် ထိရောက်သည့် ဦးဆောင်မှုဖြစ်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည့်အတွက် တော်လှန်ရေး လုပ်ငန်းများကို တနိုင်ငံလုံး အတိုင်းအတာနှင့် ဟန်ချက်ညီ လှုပ်ရှား ဆောင်ရွက်နိုင်ခြင်းမရှိပါ။ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် အယူအဆ အမျိုးမျိုး အပြိုင်ပေါ်ထွန်း အကောင်အထည် ဖော်နေကြသည်ကို တွေ့ ရသလို၊ စစ်ပွဲဆိုင်ရာကိစ္စရပ်များ လက်တွေ့ ဆောင်ရွက်ကြရာတွင်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အမိန့်ပေးဗဟိုဌာနတခုတည်းမှ ဟန်ချက်ညီ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ၊ ကိုယ့်ဒေသ ကိုယ့်အခြေအနေ ကိုယ့်နားလည်မှုနှင့်ကိုယ် ဆောင်ရွက်နေကြသည်များကို တွေ့ ရှိရပါသည်။ 

၃။ ထို့အပြင် မြန်မာနိုင်ငံ၏ ထူးခြားသည့် သမိုင်းဖြစ်ပေါ်မှု အခြေအနေများကြောင့် တနိုင်ငံတည်းတွင် အတူ တည်ရှိနေကြသော်လည်း နွေဦးတော်လှန်ရေးနှင့် တိုက်ရိုက်မဆက်စပ်သည့် သီးခြားတော်လှန်ရေးအခြေအနေများ၊ သီးခြားလက်နက်ကိုင်လှုပ်ရှားမှုများလည်း ရှိနေပါသည်။ 

ထိုအချက်တို့ကို ကြည့်လျှင် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးတစုံလုံးကို လက်တွေ့ ကျကျ ဦးဆောင်မှ ပေးနိုင်သည့် ခေါင်းဆောင်အဖွဲ့ အစည်းတရပ် မရှိသေးကြောင်း ပေါ်လွင်ထင်ရှားပါသည်။ 

ထိုသို့ တခုတည်းသောခေါင်းဆောင်မှုကို မစုစည်း မတည်ဆောက်နိုင်ရခြင်းအကြောင်းရင်းများအဖြစ် အခက်အခဲ အကျပ်အတည်းများစွာ ရှိနိုင်ပါသည်။ ထိုအခက်အခဲအကျပ်အတည်း များစွာတွင် ရန်သူနှင့်ရင်ဆိုင်ရ သည့်အခါ ကြုံတွေ့ ရသည့် အခက်အခဲအကျပ်အတည်းထက် မိမိအင်အားစုအတွင်း ရှိနေသော အခက်အခဲ အကျပ်အတည်းက ပိုအဓိကကျပါသည်။


အပိုင်း ( ၃ ) ဆက်ရန်—

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း ( ၁ ) ဖတ်ရှုလိုပါက— https://www.moemaka.com/2023/10/blog-post_59.html

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar