Breaking News

နွေဦးတော်လှန်ရေး အင်အားစုတွေ၏ ပူးပေါင်းဆောင်ရွက်မှုတွေ အားပြိုင်မှုတွေနဲ့ အတိုက်အခိုက်


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၃


နွေဦးတော်လှန်ရေး အင်အားစုတွေ၏ ပူးပေါင်းဆောင်ရွက်မှုတွေ အားပြိုင်မှုတွေနဲ့ အတိုက်အခိုက်

စစ်ရေးသတင်းတွေကို ကြည့်လိုက်ရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တိုးပြီး ခြိမ်းခြောက်လာပါတယ်။ ဒီဇင်ဘာလ ၂၁ရက်၊ နံနက်၂း၃၀ အချိန်တွင် မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာအဆောင်၊ လပခ တိုင်းမှူးနှင့် ဒု-တိုင်းမှူးအဆောင်တို့အား ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ဆိုပါတယ်။

သတင်းတွေထဲမှာ လှုပ်ရှားတဲ့အဖွဲ့အမည်တွေကို ကြည့်လိုက်ရင် အမည်မျိုးစုံတာကို တွေ့နိုင်ပါတယ်။ စစ်ဆင်ရေးကိုBrave Warriors for Myanmar (BWM) အဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့များဖြစ်ကြသော Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်ပကဖ နှင့် No More Dictatorship NMD-PDF အဖွဲ့တို့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ စစ်ဒေသ ၁၊ ၂၊ ၃ ဆိုတဲ့ NUG  ကာကွယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနဲ့ သူ၏ အမည်သတ်မှတ်ထားတဲ့ တပ်ရင်း တပ်ဖွဲ့ အမည်များ၊ နံပါတ်များနဲ့ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ ဒေသခံ အိမ်ရှင်အဖွဲ့တွေ အိမ်နီးချင်း ဧည့်သည်အဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ကြတာလို့ ဆိုနိုင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာတော့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်များ ဦးဆောင်ပြီး ထုနဲ့ထည်နဲ့ သူတို့၏ လက်နက်ကိုင်တပ်များနဲ့အတူ ပီဒီအက်ဖ်တွေ၊ အခြားနွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်ကြတာမို့ သတင်းတွေမှာ အဓိကဦးဆောင်သူတွေဖြစ်တဲ့ တအန်းတပ် TNLA ၊ ရခိုင့်တပ်တော် အေအေ နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ ထုတ်ပြန်တဲ့ သတင်း၊ နဲ့ သူတို့၏ စိုးမိုးနယ်မြေ၊ သိမ်းယူနယ်မြေတွေအဖြစ် သတင်းဌာနတွေက ရည်ညွှ့န်းသတင်းထုတ်ပြန်နေတာကို တွေ့ရပါတယ်။ သူတို့နဲ့ လက်တွဲတိုက်ခိုက်တဲ့ အဖွဲ့တွေထဲမှာ ပီဒီအက်ဖ်အမည်နဲ့ လက်နက်ကိုင်အဖွဲ့၊ BPLA အဖွဲ့စသည်တို့ ပါဝင်တယ်ဆိုပေမယ့် သူတို့၏ ပါဝင်ပတ်သက်မှုတွေကို သူတို့ကိုယ်ပိုင်သတင်းတွေက ထုတ်ပြန်ချက်ကနေသာ ပရိသတ်က သိရှိကြတာလို့ ဆိုနိုင်ပါတယ်။

အဲသည်အတွက် တရုတ်နိုင်ငံက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး၊ တင်းမာမှု ပြေလျော့ရေး ကြားဝင် ညှိနှိုင်းဆွေးနွေးနေတယ် ဆိုကြပြန်တော့လဲ မြောက်ပိုင်းမဟာမိတ်များ၏ သဘောထားနဲ့ တုန့်ပြန်ချက်ကို ပြည်သူတွေက အဓိက စောင့်ကြည့်ကြပြီး NUG နဲ့ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ၏ သဘောထားတို့ ရပ်တည်ချက်တို့ကိုတော့ ယဉ်တွဲလေ့လာစရာအဖြစ် သတင်းဌာနတွေက ရေးသားကြတာဖြစ်ပါတယ်။ ပြောချင်တာက စစ်ဆင်ရေးတွေမှာ အဓိကတာဝန်ရှိသူတွေက မဟာမိတ်တွေဖြစ်ပြီး NUG PDF နဲ့ နွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက ဝန်းရံသူတွေလို သဘောထားပုံမျိုးလို့ ကောက်ချက်ချ ချင်စရာ ဖြစ်ပါတယ်။

၁၀၂၇ နဲ့ တပြိုင်နက်တည်း တိုက်ပွဲတွေ ဖော်ဆောင်လာတဲ့ စစ်ကိုင်းတိုင်းနဲ့ မြန်မာပြည်တောင်ပိုင်းဘက်မှာဆိုရင်လည်း KIA မဟာမိတ်၊ KNU မဟာမိတ်တို့၏ ဦးဆောင်မှုနဲ့ PDF စစ်ကြောင်းတွေ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တပ်ပေါင်းစုတွေ ဝန်းယံ ပါဝင်လာကြတာ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ပြီးနောက် အချို့မြို့တွေကိုတော့ NUG ၏ ပကဖ၊ ပအဖ၊နဲ့ ကြားကာလအုပ်ချုပ်ရေးအဖွဲ့တွေကို လွှဲပေးတာ မြင်ရပါတယ်။  

ကရင်နီပြည်နယ်မှာဆိုရင်လည်း  ၂၀၂၃ ခုနှစ်အတွင်း ဖွဲ့စည်းထူထောင်ခဲ့တဲ့ ကရင်နီဖယ်ဒရယ်ယူနစ်အောက်က ကရင်နီလက်နက်ကိုင်အဖွဲ့တွေ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စစ်ဆင်ရေးတွေလို့ သတင်းတွေက ရေးသားကြတာ ဖြစ်ပါတယ်။ 

အဲသည်လို စစ်ရေးအရှိန်မြင့်လာချိန်မှာ ချင်းပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသား မျိုးနွယ်စုံက သူတို့၏ စစ်ရေး နိုင်ငံရေး ဖော်ဆောင်မှုတွေ အားကောင်းလာစေဖို့ ချင်းပြည်နယ်ကောင်စီ Chin Land ဖယ်ဒရယ်ယူနစ်တခု ကို CNF CDF နဲ့ ဒေသခံ အဖွဲ့အစည်း အင်အားတွေ တတ်နိုင်သလောက် စုစည်းပြီး ထူထောင်ကြောင်း ထုတ်ပြန်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဲသည်မှာလည်း Chin Land ဆိုတဲ့ အမည်နာမနဲ့ ကိုယ်စားပြုမှုကို ထုတ်ဖော်လိုက်ပြီး ဗဟိုအစိုးရသဖွယ် ရပ်တည်နေတဲ့ NUG တို့နဲ့ ဆက်လက် ချိတ်ဆက်သွားမယ်လို့ ပြောထားပါတယ်။ နောက်ပိုင်းမှာလည်း Chin Land ဖယ်ဒရယ်ယူနစ်၏ ချင်းတိုင်းရင်းသားအခြေပြု လက်နက်ကိုင်တပ်များ၏ တိုက်ပွဲများ၊ နယ်မြေစိုးမိုးမှု ချုပ်ကိုင်မှုများအဖြစ် သတင်းဌာနများက သတ်မှတ် သတင်းရေးလာကြပါတယ်။

ရခိုင်ဒေသပြန်လည်စိုးမိုးနိုင်ရေးအတွက် ရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီ၏ စစ်ရေးပဋိပက္ခကိုလည်း အများပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်ကြတာ တွေ့ရပါတယ်။ အဲသည် တော်လှန်ရေးတိုက်ပွဲစဉ်တွေကို နွေဦးတော်လှန် ရေး တိုက်ပွဲတွေနဲ့ တဆက်တည်း ရှုမြင်ကြသလား၊ နွေဦးတော်လှန်ရေးတပ်ဦးကရှိနေတဲ့ NUG PDF တွေနဲ့ ဘယ်လို ချိတ်ဆက် နားလည်မှုတွေ ရှိကြသလဲဆိုတာကို သာမန်မြန်မာပြည်သူတွေအတွက် သိသာထင်ရှားတဲ့ သတင်းအချက်အလက်မရှိတာကတော့ သေချာပါတယ်။ 

ထို့အတူ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ထို့အတူ နှစ် ၇၀ ပြည်တွင်းစစ်ကို ဖြတ်သန်းလာခဲ့တဲ့ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦခေတ်ပြိုင် နိုင်ငံရေး စစ်ရေးအဖွဲ့တွေ တပ်ပေါင်းစုတွေ၏ လာရာ၊ လားရာ၊ ပေါင်းဆုံလာနိုင်မှု၊ ခွဲဖြာထွက်သွားနိုင်မှုတွေကလည်း အခုချိန်အထိ လေထဲမှာ အရုပ်ရေးနေရသလိုပဲလို့ သာမန် သတင်းတွေ ထုတ်ပြန်သလောက်ကိုသာ နားထောင်သိရှိနေရသူ ပရိသတ်အတွက် မှတ်ချက်ချချင်စရာ ဖြစ်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဗမာလူမျိုး အများစု အခြေစိုက်တဲ့ တိုင်းဒေသတွေမှာတော့ ခုချိန်ထိ အဖွဲ့တွေအချင်းချင်း ဆက်ဆံရေးတွေမှာ ပဋိပက္ခတွေ အကြိတ်အခဲတွေ ဖြစ်နေဆဲဆိုတာ တွေ့နေရလို့ပါပဲ။ အနီးကပ်ဆုံး သာဓက တခု နှစ်ခုကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီဇင်ဘာ ၁၆ သတင်း။ ပြီးတော့ - ဒီဇင်ဘာ ၁၈ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇောင်ငြမ်းကုန်းကျေးရွာအနီးမှာ ရွှေဘိုခရိုင် တပ်ရင်း ၅ က ရဲဘော်တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ ရဲဘော်တွေကို  ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုင်းအလိုက် ဖယ်ဒရယ်ယူနစ်တွေအဖြစ် ပုံဖော်ကြဖို့ CRPH ၏ တိုင်းလွှတ်တော်ယူနစ်တွေနဲ့ ဒေသခံ နွေဦးတော်လှန်ရေး၏ နိုင်ငံရေး စစ်ရေး အင်အားစုတွေ ဆက်ဆံရေးတွေမှာလည်း အားပြိုင်မှုတွေ တွေ့နေရတာလည်း သတင်းများက ပြဆိုနေပါတယ်။

အဲသည်အတွက် အများက NUG ၏ ခေါင်းဆောင်ပိုင်းက ဘယ်လိုများ တုန့်ပြန်သလဲ၊ သဘောထား ပေးသလဲ၊ ခေါင်းဆောင်မှု လမ်းညွှန်မှုချပေးသလဲဆိုတာကို သတင်းတွေ ဆိုရှယ်မီဒီယာတွေကနေ မျော်လင့်နေကြတယ်၊ ရှာဖွေနေကြတယ်၊ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ ဒီနေ့သတင်းတွေထဲမှာတော့ NUG သမတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက TM Media  နဲ့ တွေ့ဆုံပွဲမှာ ပြောဆိုတာကို ကောက်နုတ်ရရင် NUG ခေါင်းဆောင်ပိုင်းက မဟာမိတ်ဆက်ဆံရေး၊ မိတ်ဆွေဆက်ဆံရေးကို အကောင်းဆုံး ထိန်းသိမ်းပါကြောင်း၊ စစ်မက်ဖြစ်ပွားနေတဲ့ နယ်မြေထဲမှာ နယ်မြေခံ စစ်ရေးတာဝန်ခံများ၏ ဆုံးဖြတ်ချက်ကို အလေးထားကြောင်း၊ သမတကြီးလမ်းညွှန်ချက်အရ ခုချိန်မှာ ရန်သူ စစ်ကောင်စီကို အောင်နိုင်ရေးက အဓိကဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း သွေးကွဲခြင်း ကွဲပြားခြင်းတွေက စစ်အုပ်စုအလိုကျဖြစ်သွားနိုင်ကြောင်း သဘောထားပေးသွားတာ နားဆင်လိုက်ရပါတယ်။ ဆိုတော့ - နွေဦးတော်လှန်ရေး ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်သို့ အရွေ့မှာ ဦးဆောင်သူများ၊ မဟာမိတ်များ၊ မိတ်ဆွေများနဲ့ အင်အားစုများ ဘယ်လို အရှိန်မြင့်တင်ကြမလဲ၊ နွေဦးတော်လှန်ရေး အင်အားစုအတွင်း အားပြိုင်မှုတွေ၊ ရန်သူ၏ ပြန်လှန် ထိုးနှက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ကြမလဲ ဆိုတာ ဆက်နားစွင့်နေကြပါစို့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar