Breaking News

သီအိုဇော် - တရုတ်တစ်နိုင်ငံတည်းမူဝါဒ အရေးကိစ္စ

သီအိုဇော် - တရုတ်တစ်နိုင်ငံတည်းမူဝါဒ အရေးကိစ္စ

(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၄


၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ (XXVI) နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China-PRC) ကို ကိုယ်စားပြု တရားဝင်အစိုးရအနေနဲ့ လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် အရင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းကိုယ်စားလှယ်နေရာ ရယူထားတဲ့ ထိုင်ဝမ် (The Republic of China-ROC) နေရာကိုလည်း PRC နဲ့ အစားထိုးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်စားပြုစေခဲ့ပါတယ်။

နှစ်ဘက်လုံးမှာ သမိုင်းကြောင်းပြန်လှန် ပြောဆိုစရာတွေ ရှိကြပါတယ်။ ဒီဘက်ကာလမှာ ပစ်ပယ်လို့ မရတာက ဒီကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ချက်အဆုံးသတ်မှာ ကုလသမဂ္ဂနဲ့ သူ့ရဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ တရားမဝင် နေရာရယူထားတဲ့ ချန်ကေရှိတ်ရဲ့ ကိုယ်စားလှယ်တွေကို ထုတ်ပယ်ပစ်ဖို့ ဆိုတဲ့ စာသားမျိုး သုံးထားတာကလည်း ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို သိသာစေပါတယ်။

၂၀၂၃ ခုနှစ် မေလက ဂျီနီဗာမှာ ကျင်းပတဲ့ World Health Organization လို အရေးကြီးတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ ညီလာခံမျိုးမှာ လေ့လာသူအဖြစ်တောင် ထိုင်ဝမ်အနေနဲ့ မတက်ရောက်နိုင်တော့ပါဘူး။ ဒါဆိုရင် နိုင်ငံတကာ အခင်းအကျင်းကို ပိုမြင်သာသွားပါလိမ့်မယ်။

ထိုင်ဝမ်အပေါ် ကရုဏာသက်ကြတဲ့ နိုင်ငံများကိုယ်တိုင်လည်း သူတို့ရဲ့ ထိုင်ဝမ်မူဝါဒကို သတိကြီးကြီးထားပြီး သိမ်မွေ့စွာ ကိုင်တွယ်နေကြပါတယ်။ ဒီအထဲမှာ အမေရိကန်ပြည်ထောင်စုကိုယ်တိုင် အပါအဝင်ဖြစ်တာကို အားလုံး သတိထားမိကြပြီးသားပါ။ သမ္မတ ကာတာအစိုးရလက်ထက် ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ထိုင်ဝမ် (ROC) ကို အသိအမှတ်ပြုတာ ရုပသိမ်းခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသာ တရားဝင်အစိုးရအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ယူကေပါလီမန် စာကြည့်တိုက်မှတ်တမ်း (၁၄.၈.၂၀၂၃) အရဆိုရင် ထိုင်ဝမ်ကို နိုင်ငံအဖြစ် သတ်မှတ်ဆက်ဆံတာ ၁၃ နိုင်ငံပဲ ကျန်ပါတော့တယ်။ အထက်ကဆိုခဲ့သလို အမေရိကန်ပြည်ထောင်စုကိုယ်တိုင် ဒီနိုင်ငံတွေထဲ မပါဝင်တော့ပါဘူး။

စကားလုံး တလုံးစီတိုင်းဟာ အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အတိမ်းအစောင်း မခံနိုင်သလို သူ့ဘက်ကိုယ့်ဘက် အနက်ဖွင့်ကြတဲ့အခါ တခါတရံ ဝိုးတိုးဝါးတား ဖြစ်နေတာ၊ ဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားကြတာမျိုးက ထိုင်ဝမ်အရေးကိစ္စမှာ အထူးအဆန်း မဟုတ်တော့ဘူးလို့ပဲ ဆိုကြရမှာပါ။

တရုတ်နိုင်ငံဘက်က ပြောတဲ့ One China Principle က အမေရိကန်နိုင်ငံက ပြောနေတဲ့ One China Policy နဲ့ တထပ်တည်း ကျမနေပါဘူး။ One China Policy က တရုတ်နိုင်ငံရဲ့ One China Principleရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ပြောဆိုထားချက်များကို အပြည့်အဝ မထောက်ခံထားပါဘူး။

တရုတ်နိုင်ငံ ဥရောပသမဂ္ဂဆိုင်ရာမစ်ရှင်ရုံးရဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ One China Principle ပေါ်အခြေခံပြီး စုစုပေါင်း ၁၈၁ နိုင်ငံက သံတမန်ဆက်ဆံရေး ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ Carnegie Endowment for International Peace ရဲ့  ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့ထုတ် စာတမ်းမှာ တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်အစိုးရအဖြစ်လက်ခံပြီး ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့ ခွဲထွက်မရတဲ့ အ စိတ်အပိုင်းလို့ အသိအမှတ်ပြုတဲ့နိုင်ငံပေါင်းက ၅၁ နိုင်ငံလို့ ပါရှိပါတယ်။

ဘာကြောင့် ကွဲလွဲနေလဲ ဆိုတော့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ အသိအမှတ်ပြုတယ်၊ သတ်မှတ်တယ်၊ လေးစားတယ်၊ နားလည်သဘောပေါက်တယ်၊ မှတ်ချက်ပြုထားတယ်၊ ထောက်ခံတယ် အစရှိသဖြင့် သုံးစွဲတဲ့ စကားလုံးတွေအပေါ် မူတည်ပြီး အုပ်စုတွေ ထပ်ခွဲတဲ့အတွက် အဲဒီလို ဖြစ်သွားရတာပါ။ အမေရိကန်နိုင်ငံ ရပ်တည်ချက်က သူ့ချည်းထီးထီးကွဲထွက်နေပြီး သူ့အုပ်စုမှာ သူ့တစ်နိုင်ငံတည်းပါ။ ယူကေ၊ ဩစတြေးလျတို့နဲ့တောင် မတူပါဘူး။ သူတို့ နှစ်နိုင်ငံက အုပ်စုတူပါ။ ထိုင်ဝမ်ကိုပဲ အသိအမှတ်ပြုတဲ့ နိုင်ငံတွေ အပါအဝင် စုစုပေါင်း ၁၀ အုပ်စု ခွဲထားပါ တယ်။

တရားဝင်အရင်းအမြစ်က အတည်ပြုနိုင်တာမဟုတ်ရင် ချန်လှပ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲ ထည့်လိုက်လားတော့ မသိပါဘူး၊ မြန်မာနိုင်ငံကို ဘယ်အုပ်စုမှာမှ မတွေ့ရလို့ မျက်စိလျှမ်းသွားသလားဆိုပြီး သေချာပြန်ကြည့်လည်း မြန်မာရော ဘားမားပါ ရှာမတွေ့ခဲ့ပါဘူး။

သမ္မတကျန်ဇီမင်းရဲ့ ၂၀၀၁ ခုနှစ် မြန်မာခရီးစဉ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံသမ္မတခရီးစဉ်လို့ သတ်မှတ်ရတဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ ၂၀၂၀ခုနှစ် ဇန်နဝါရီ (၁၇-၁၈) ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာတော့ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတဲ့အကြောင်းအပြင် ထိုင်ဝမ်ကိုလည်း တရုတ်နိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းဆိုပြီး သုံးနှုန်းခဲ့ပါတယ်။ ဒီအတွက် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတောင် ကန့်ကွက်စာ ထုတ်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် ထည့်မယ်ဆိုရင် မြန်မာနိုင်ငံကို အထက်က ၅၁ နိုင်ငံအုပ်စုထဲ ထည့်နိုင်တယ်လို့ ထင်ပါတယ်။

ပြောခဲ့သလိုပါပဲ၊ သုံးစွဲတဲ့စကားလုံး အသုံးအနှုန်းတွေပေါ် မူတည်ပြီး သဘောထား မတူတာတွေ ရှိပေမယ့် လက်တွေ့မှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေပြု ဆက်ဆံနေကြတာပါ။ တရုတ်နိုင်ငံဘက်က ထိုင်ဝမ်ကို သူ့ရဲ့ ပြည်နယ်တခုလို့ သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်အနေနဲ့ လွတ်လပ်ရေးစကားကို မပြောဘဲ အခုလို ပိုနေမြဲ ကျားနေမြဲ ဆက်ပြီးရှိစေချင်တဲ့ နိုင်ငံများလည်း မနည်းလှပါဘူး။ တကယ်တမ်းတော့ ထိုင်ဝမ်အရေးဆိုတာက အတော့်ကို လက်ဝင်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာက ရင်တမမ ဆက်ဖြစ်နေကြရဦးမယ့် သိမ်မွေ့လွန်းတဲ့ အကြောင်းအရာပါ။ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်နေကြပါတယ်။ 

လက်ရှိအာဏာရ Democratic Progressive Party (DPP) အနိုင်ရရင် တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒ သိပ်မထူးခြားနိုင်ပေမယ့် အတိုက်အခံ ကူမင်တန်ပါတီ (Kuomintang-KMT)ကတော့ တရုတ်နဲ့ ပိုနီးကပ်သွားနိုင်တဲ့သဘော တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒကောက်ခံမှုများမှာတော့ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းတဲ့ DPP ပါတီ ရဲ့ သမ္မတလောင်းက ရှေ့ကပြေးနေတယ်လို့ သိရပါတယ်။

အခု NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစိုးရတရပ်ရဲ့ ရှုထောင့်နဲ့ တက်ကြွလှုပ်ရှားသူများရဲ့  ရှုမြင်ပုံတို့ ကွဲပြားမှုတွေရှိနေတာက သဘာဝကျတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲတွေ့ကြရတာပါ။ NUG ရဲ့ ရပ်တည်ချက်သဘောထားဟာ အထက်မှာ ရည်ညွှန်းခဲ့သလို NLD အစိုးရလက်ထက် ရပ်တည်ချက်နဲ့ ထူးထူးခြားခြား ကွဲလွဲနေတာမျိုး မတွေ့မိပါဘူး။ ပြောရရင် မြန်မာအစိုးရတွေဟာ အိမ်နီးချင်းနိုင်ငံကြီးအပေါ် အစဉ်အဆက် ဒီလိုသဘောထားမျိုးပဲ ပေးခဲ့ကြတာပါ။ အခုကာလမှာလည်း ဒီထက်ပိုပြီး သိသာတဲ့ အပြောင်းအလဲ လုပ်နိုင်ဖို့က မလွယ်ကူသလို အဲသလိုလုပ်ဖို့ အခြေအနေရော ပေးရဲ့လားလို့ စဉ်းစားကြရမယ် ထင်ပါတယ်။

ဒီနေ့ဒီအချိန်မှာ မြန်မာပြည်သူလူထုအတွက် နွေဦးတော်လှန်ရေးထက် အရေးကြီးတဲ့အရာ မရှိဘူးလို့ ဆိုရပါမယ်။ ဒီလိုအနေအထားမှာ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒက နွေဦးတော်လှန်ရေးအတွက် မလိုလားအပ်တဲ့ အနှောင့်အယှက် အဟန့်အတားတွေကို ရှောင်ကြဉ်နိုင်ဖို့ သတိကြီးကြီးထား ဖော်ဆောင်ထားတာလို့  မြင်ကြည့်ပေးနိုင်ဖို့ လို အပ်ပါလိမ့်မယ်။

NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ RFA အင်တာဗျူးက ဒီအကြောင်းကိစ္စ ထပ်သိချင်သူများအတွက် ပိုမို ရှင်းလင်းစေမှာပါ။ တကမ္ဘာလုံး သတိနဲ့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်နေကြရတဲ့အရေးကို ထိုက်သင့်သလောက်ပဲ အစဆွဲထုတ်ကြရင် ကောင်းမယ်ထင်ပါတယ်။ နွေဦးတော်လှန်ရေး အောင်မြင်သွားတဲ့တနေ့မှာ ကိုယ် အလေးထားတဲ့ စံတန်ဖိုးတွေအကြောင်း ဆက်ဆွေးနွေးကြဖို့ အခွင့်အရေးတွေ ပေါ်ပေါက်လာမှာပါ။ အခုအချိန်မှာတော့ နွေဦးတော်လှန် ရေးအပေါ် ကိုပဲ ပိုအာရုံစိုက်ကြရင် ကောင်းမလားလို့ ယူဆမိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar