ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၄
ရှခေတ် နဲ့ ဖြစ်ပျက်သံသရာ
ရှခေတ်ရဲ့ အနှစ် ၄၇၀ သမိုင်းဟာ တသမတ်တည်း ဖြောင့်ဖြူးနေတာ မဟုတ်ဘဲ၊ နိမ့်မြင့်တက်ကျ တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
ရှခေတ် ကို စတင်တဲ့ ယွီ နတ်ရွာစံပြီးနောက်၊ သူ့ရဲ့သား ချီ နန်းတက်ပါတယ်။
ချီရဲ့နောက် သူ့ရဲ့သား ထိုက်ခန်း(太康Tai Kang) ထီးနန်းကို ဆက်ခံပါတယ်။ ထိုက်ခန်းက အမဲလိုက်ရတာ ဝါသနာထုံပြီး၊ အချိန်တိုင်း အမဲလိုက်ထွက်နေတတ်ပါသတဲ့။ တိုင်းရေးပြည်ရေးကို ပစ်ထားတာမို့ တိုင်းပြည်ဟာ ယုတ်လျော့ ကျဆင်းလာပါတယ်။ အမဲလိုက်ထွက်နေတုန်း မြို့တော် ကျန်းရွှင် (斟鄩 Zhenzun) ကို အနီးအနားက မျိုးနွယ်စုတွေက လာတိုက်တာတောင် ခံရပါသေးတယ်။ လာတိုက်တဲ့အဖွဲ့ကို ဟို့ယိ(后羿 Hou Yi) က ခေါင်းဆောင်ပါတယ်။ နန်းသက် ၄ နှစ်မှာ သေတယ်လို့ မှတ်တမ်းတင်သလို၊ ၁၀ နှစ်မှာ သေတယ်လည်း ရေးကြပါတယ်။ စစ်မာချန်းရဲ့ မှတ်တမ်းမှာတော့ ထိုက်ခန်းရဲ့ နန်းစံသက်ဟာ ၁၉ နှစ်လို့ ဆိုပြန်ပါသတဲ့။
ထိုက်ခန်း ရဲ့ အရိုက်အရာကို ညီဖြစ်သူ ကျုံ့ခန်း (仲康 Zhong Kang) က ဆက်ခံပါတယ်။ သူ့ကလည်း အစ်ကိုဖြစ်သူလောက် မဆိုးလှပေမယ့် အရည်အချင်းတော့ သိပ်အထက်မြက်ကြီး ဟုတ်ပုံမရပါဘူး။ သူ့လက်ထက်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်က ထင်ရှားပါတယ်။ တစ်ခါသားမှာ နေကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒါကို ဘုရင့်နန်းတော်က ကြိုတင် တွက်ချက်ပြီး အများပြည်သူ တွေသိအောင် ထုတ်ပြန်ထားတာမျိုး မလုပ်ခဲ့ပါဘူး။ အကြောင်းကတော့ ကျုံ့ခန်း ခန့်ထားတဲ့ နက္ခတ်ဗေဒင် ဝန်တွေ အမတ်တွေက အရက်မူးနေတာကြောင့်ပါ။ ကောင်းကင်မှာ ဘာဖြစ်မှန်း မသိတဲ့ သာမန်အရပ်သားပြည်သူတွေက နေကြတ်တဲ့အပေါ် ကြောက်ရွံ့စိုးရိမ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။ ဒီအကြောင်း ကျုံ့ခန်း သိတော့ နက္ခတ်ဗေဒင် နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အမတ်တွေကို အပြစ်ပေးခဲ့ရပါတယ်။
ကျုံ့ခန်းရဲ့ နန်းသက်က ၇ နှစ်လောက်ပဲ ကြာပြီး သူ့နောက်မှာ သားတော် ရှန်း (相 Xiang) နန်းတက်ပါတယ်။ ရှန်းက ရှန်းချိုး (商丘 Shangqiu) ကို မြို့တော်အဖြစ် သတ်မှတ်ပါတယ်။
ရှန်းဟာ ရှမင်းဆက်တွေထဲ စစ်အတော်တိုက်တဲ့သူလို့ ဆိုရမှာပါ။ သူ့ရှေ့က မင်းဆက်တွေကလည်း အင်းအားချည့်နဲ့ခဲ့တာ ပါပါတယ်။
ရှန်း ရဲ့ ဦးလေး ထိုက်ခန်းလက်ထက်မှာ မြို့တော်ကို ဝင်တိုက်တဲ့ ဟို့ယိ လက်အောက်ကို ဝင်လာတဲ့ စစ်မင်း (warlord) တစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဟန်ကျို (寒浞 Han Zhuo) ပါ။ ဟို့ယိက ဟန်ကျိုကို သိပ်နေရာပေးပါတယ်။ ဒါပေမဲ့ ဟန်ကျိုက ဟို့ယိ ကို ပြန်လုပ်ကြံပြီး ဗိုလ်လုပ်ပါတယ်။ ရှန်းရဲ့ နန်းသက် ၈ နှစ်မြောက်မှာပါ။ ဟို့ယိကို သတ်ပြီး ဗိုလ်ဖြစ်လာတဲ့ ဟန်ကျို ဟာ သူ့ရဲ့သားကို လွှတ်ပြီး ရှန်းကို လုပ်ကြံခိုင်းပြန်ပါတယ်။ ရှန်းရဲ့ နန်းစံသက် ၂၈ နှစ်မြောက်မှာပါ။
အဆုံးသတ်မှာ ရှန်း သေပွဲဝင်ရပါတယ်။ သူ့ရဲ့ မိဖုရားလည်း ထွက်ပြေးရပါတယ်။ မိဖုရားမှာ ကိုယ်ဝန်ပါသွားပြီး မိဖုရားရဲ့ မိဘများက ပြုစုစောင့်ရှောက်ထားပြီး အချိန်တန်တော့ သားလေး မွေးပါတယ်။ ကလေးရဲ့ နာမည်က ရှောက်ခန်း (少康 Shao Kang) ပါ။
ရှောက်ခန်းကို မအေနဲ့ အဘိုးဖြစ်သူက ပညာတတ်အောင် သင်ပေးပြီး အရည်အချင်းမြှင့်ပေးပါတယ်။ သူ့ဖခင် ရှန်းဘုရင်နဲ့ ရှေ့ပိုင်း မင်းဆက်တွေရဲ့ ညံ့ဖျင်းမှုတွေကို သင်ခန်းစာယူစေပါတယ်။ နောက်ပြီး ဘုရင်နေရာ အရပြန်ယူဖို့နဲ့ မင်းကောင်းတပါးအနေနဲ့ တိုင်းပြည်ကို ပြန်လည်အုပ်ချုပ်နိုင်ဖို့ ကြိုးစားစေပါတယ်။
၁၉ နှစ်အကြာမှာ ရှောက်ခန်းဟာ သူ့ရှေ့က မျိုးဆက်တွေ ကျရှုံးခဲ့တဲ့ နယ်မြေတွေကို အရပြန်တိုက်ယူပြီး ရှ ခေတ်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပါတယ်။
ရှောက်ခန်းရဲ့ နောက်ပိုင်း ရှ မင်းဆက်တွေရဲ့ လက်ထက်တွေမှာလည်း တိုင်းပြည်ဟာ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာပါတယ်။
ဒါပေမဲ့ ၁၄ ဆက်မြောက် ဧကရာဇ် ခုန်းကျာ (Kong Jia 孔甲) လက်ထက်မှာ တိုင်းပြည်က စတင် ယိုယွင်းလာပါတယ်။ သူဟာ အရည်အချင်းမဲ့သူမို့ သူ့ဖခင်ဆီက ထီးနန်းကို တန်းမရဘဲ၊ ဦးရီးတော် နှစ်ပါးက ထီးနန်းယူပြီး၊ မဖြစ်မနေမှ သူ့ကို ထီးနန်းအပ်ခဲ့ပါတယ်။ အရက်သေစာ အလွန်အကျူး သောက်စားတဲ့ ခုန်းကျာ ဟာ တိုင်းရေးပြည်ရာကို ကောင်းကောင်း မစီမံနိုင်ပါဘူး။ ဒီကြားထဲ သဘာဝလွန်ကိစ္စတွေကို အယုံအကြည်လွန်ကဲတဲ့သူ ဖြစ်ပါတယ်။ နန်းသက် အနှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။
သူ့ရဲ့နောက်မှာ သားဖြစ်သူ ကောင် (Gao 皋) နန်းတက်ပါတယ်။ နောက်တော့ ကောင် ရဲ့ သား ဖာ Fa 發) နန်းတက်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ တိုင်းပြည်ကို ပြန် မတည့်မတ်နိုင်ခဲ့ပါဘူး။ ဖာ ရဲ့ အရိုက်အရာကို သားဖြစ်သူ ကျယ် (桀 Jie) က ဆက်ခံပါတယ်။ ရှခေတ်ရဲ့ နောက်ဆုံးဧကရာဇ်ပါပဲ။
ကျယ်ဧကရာဇ်ဟာ ကိုယ်ကျင့်ပျက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ အာဏာကို အလွဲသုံးစား ပြုသူ ဖြစ်ပါတယ်။ (သူ့အကြောင်း သီးသန့် ရေးပါမယ်။)
တစ်ဖက်မှာ ရှ မင်းဆက်က အားနည်းချည့်နဲ့လာပေမယ့် အခြားတစ်ဖက်မှာတော့ ရှ သစ္စာခံ နိုင်ငံငယ်ဖြစ်တဲ့ ရှန်း (商 Shang) က တဖြည်းဖြည်း အင်အားကြီးလာပြီး နောက်ဆုံးမှာ ကျယ် ကို ဖြုတ်ချပြီး ရှခေတ်ကို အဆုံးသတ်ခဲ့ပါတယ်။ ရှန်းခေတ် ကို ထူထောင်နိုင်ခဲ့ပါတယ်။
ချုပ်ပြောရရင် ယွီ တည်ထောင်ခဲ့တဲ့ ရှခေတ်ဟာ ရှေ့ပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာပေမယ့်၊ ချီနောက်ပိုင်း ဧကရာဇ်တွေဟာ အရည်အချင်းကျလာသလို၊ တိုင်းပြည်ကလည်း ချည့်နဲ့လာခဲ့ပါတယ်။ ရှန်း လက်ထက်မှာ အဆိုးဆုံးအခြေအနေကို ရောက်သွားပြီး၊ ရှောက်ခန်းက တိုင်းပြည်ကို ပြန်လည် ထူမတ်ခဲ့ရပါတယ်။ နောက်ထပ်တစ်ခါ ခုန်းကျာ လက်ထက်ကနေ စလို့ပြန်လည် ယိုယွင်းလာပြီး၊ ကျယ် ရဲ့ လက်ထဲမှာ အနှစ် ၄၇၀ ကြာ တည်တံ့ခဲ့တဲ့ ရှခေတ်ကြီး ပျက်သုဉ်းခဲ့ပါတယ်။
မျက်မှောက်ခေတ် သမိုင်းသုတေသီ တချို့က စစ်မာချန်းဟာ ရှခေတ်သမိုင်းကို ရေးပြပြီး ပဒေသရာဇ် မင်းဆက်တွေရဲ့ ဖြစ်-ပျက် သံသရာကို ပြချင်ပုံ ရတယ်လို့ သုံးသပ်ကြပါတယ်။
ပြည်သူ့အကျိုး ကြည့်သူတွေက တိုင်းပြည်ကို ထူထောင်လိုက်၊ နည်းနည်းကြာလာရင် အုပ်ချုပ်ရေးထဲမှာ တရားပျက်သူတွေ ပေါ်လာပြီး တိုင်းပြည်က အင်အားချည့်နဲ့သွားလိုက်၊ ပြုပြင်ရေးသမားတွေက တော်လှန်ပုန်ကန်ပြီး ခေတ်ကို ပြန်ပြင်လိုက်၊ တိုင်းပြည်က ပြန်လည် ထွန်းတောက်လာလိုက်၊ အချိန်ကြာရင် အုပ်ချုပ်သူတွေက ပြန်ပျက်စီးလာပြီး တိုင်းပြည်က ချည့်နဲ့သွားလိုက် စသည်ဖြင့် သံသရာလည်နေတာကို အထင်အရှား သတိပြုနိုင်ပါတယ်။ ဒီသဘောတွေကို သတိပြုပြီး အုပ်ချုပ်ရေးကောင်း (good governance) တည်ဆောက်ကြဖို့ စစ်မာချန်းက သူ့ခေတ်က အုပ်ချုပ်သူတွေကို သင်ပြပေးခဲ့တာ ဖြစ်နိုင်ပါတယ်။
ရှခေတ် သမိုင်းဟာ ထိုးဇာတ် ပုံပြင်တစ်ပုဒ် ဖြစ်စေဦးတော့၊ မျက်မှောက်ခေတ် အုပ်စိုးသူတွေ၊ ပြည်သူတွေ၊ အုပ်ချုပ်ရေးကို တာဝန်ယူလိုသူတွေ၊ မတရားမှုကို တော်လှန်နေသူတွေ အားလုံး အတွက် မှတ်သားစရာတွေ၊ တွေးတောစရာတွေ အများကြီး ပါနေတယ်လို့ ယူဆမိပါတယ်။
~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html