ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅
(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၄
မြစ်ရိုးတလျှောက်၊ တောင်ရိုးတဆုံး၊ ပြည်သူရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားသူ
ရှခေတ် ရဲ့ နောက်ဆုံး ဧကရာဇ်ဟာ ကျယ်ဧကရာဇ် (桀王 Jie) ဖြစ်ပါတယ်။ ရှေးခေတ် တရုတ်သမိုင်းဆရာတွေက ကျယ်ဘုရင်ကို မိုးနတ်မင်းရဲ့ ဗျာဒိတ် (天命 tian ming) ရုပ်သိမ်းခံရသူလို့ သတ်မှတ်ကြပါတယ်။
ကျယ် ဟာ မာနထောင်လွှားပြီး ခက်ထန်ပါတယ်။ ပဏ္ဏာမဆက်တဲ့ မျိုးနွယ်စုတွေကို စိတ်ထင်တိုင်း ဝင်တိုက်လေ့ ရှိတာမို့ ရန်သူပေါပါတယ်။ နန်းစံသက် ၁၁ နှစ်မှာ အစောင့်ရှောက်ခံ တိုင်းငယ်ပြည်ငယ်တွေက ဘုရင်တွေ အားလုံးကို သူ့ဆီအခစားဝင်ဖို့ ဆင့်ခေါ်ပါတယ်။ ယောင်းမင်နိုင်ငံ (有緡 Youmin Kingdom) က ရောက်မလာလို့ ကျယ် က ဝင်တိုက်ပြီး သိမ်းယူလိုက်ပါတယ်။
တစ်ဖက်မှာက ကျယ်ဟာ မင်းစည်းစိမ်ကို ဇိမ်ခံယစ်မူးတာနဲ့ အချိန်ကုန်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းမှာ သောက်စားမူးယစ်တာ၊ ကာမဂုဏ်ခံစားတာတွေ ပြည့်နှက်နေတာပါ။
ကျယ်ဧကရာဇ်ဟာ နန်းသက် ၁၃ နှစ်မှာ စပြီး မင်းမှုထမ်းတွေ ထမ်းတဲ့ ထမ်းစင် (ဝေါယာဉ်) ကို သုံးပါတယ်။ လူထမ်းစင် (輦 nian) ပထမဆုံး အသုံးပြုတဲ့ ဘုရင်လို့ ဆိုပါတယ်။
အရက်သေစာ သောက်စားရာမှာ ပုံမှန်အရက်မဟုတ်ဘဲ၊ ချင်းချွမ် (清醇 qing chun) လို့ခေါ်တဲ့ အရက်ပြင်းကို စီစဉ်ပေးရပါသတဲ့။ သူ့စိတ်ကြိုက်အရက် မဟုတ်ခဲ့ရင်၊ စီစဉ်ပေးရတဲ့ မင်းမှုထမ်းကို သတ်ပစ်တာပါပဲ။
အရက်သောက်တဲ့အခါ ရိုးရိုးသောက်တာ မဟုတ်ပြန်ပါဘူးတဲ့။ လူတစ်ယောက်ယောက်ရဲ့ ကျောပေါ် မြင်းလို ခွစီးပြီး သောက်ပါသတဲ့။ တစ်ခါသားမှာ နန်းရင်းဝန်ရဲ့ ကျောပေါ် တက်စီးရင်း အရက်သောက်ပါတယ်။ နန်းရင်းဝန်ကိုတော့ လေးဖက်ထောက် လျှောက်ခိုင်းပါတယ်။ ကြာလာတော့ နန်းရင်းဝန်လည်း မောလာတာမို့ နားခွင့်ပေးဖို့ လျှောက်တဲ့အခါ ကျယ်ဧကရာဇ် က စိတ်ဆိုးမာန်ဆိုးနဲ့ နန်းရင်းဝန်ကို ဆွဲထုတ်သွားပြီး သတ်စေပါတယ်။
အရက်သောက်ပြီး မူးယစ်ရုံမျှမက အစားမှာလည်း ဇိမ်ခံတာပါပဲ။ သူ့အတွက် ဟင်းလျာတွေချက်ဖို့ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေကို သတ်မှတ်ထားတဲ့ ဒေသတွေကနေပဲ ရယူပြီး ချက်ပြုတ်ရပါတယ်။ ဘုရင့်စားတော်ပွဲအတွက် ဟင်းစားရဖို့အတွက်ပဲ အမှုထမ်းတွေ အမြောက်အများ ခန့်ထားရတယ်လို့ ဆိုပါတယ်။ စိတ်ကြိုက်စားတော်ပွဲမရရင် သက်ဆိုင်ရာ မင်းမှုထမ်းခမျာ၊ ခေါင်းဖြတ်သတ်ခံရပါတယ်။
ကျယ်ဧကရာဇ် ပျက်စီးရတဲ့အကြောင်းထဲမှာ သူ့မိဖုရားငယ် (concubine) တစ်ပါးရဲ့ စနက်လည်း ပါတယ်လို့ တချို့က ဆိုပါတယ်။
မော့ရှီ (妺喜 Mo Xi) လို့ခေါ်တဲ့ မိဖုရားငယ် တစ်ပါးကို ကျယ်ဧကရာဇ်က အတော်လေး စုံမက်တယ်လို့ ဆိုပါတယ်။ မော့ရှီက အရက်ကြိုက်သူ၊ အတီးအမှုတ်၊ အကအခုန် မှာ မွေ့လျော်သူ ဖြစ်ပါတယ်။ မော့ရှီရဲ့ တောင်းဆိုမှုကြောင့် ကျယ်ဘုရင်ဟာ နန်းတော်ထဲမှာ ကန်တစ်ကန်တူးပြီး အရက်တွေဖြည့်စေပါသတဲ့။ ပြီးတော့ သူတို့နှစ်ယောက်တည်းသာမက ကျန်အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ အရက်ကန်ထဲ ဝတ်လစ်စလစ် စိမ်ပြီး ပျော်ပွဲဆင်နွှဲကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မော့ရှီက လူ ၃၀၀၀ ကို ခေါ်ပြီး ကန်ထဲက အရက်ကို ကုန်အောင် သောက်ဖို့ အမိန့်ပေးခဲ့ပါသတဲ့။ လူတွေ အရက်မူးနေတာကြည့်ပြီး ရယ်ဖို့သတ်သတ် ဒီလိုခိုင်းတာလို့ ဆိုပါတယ်။
ဘီစီ ၁၈ (ဟန်ခေတ်) မှာ လျိုရှန့် (刘向 Liu Xiang) ရေးတဲ့ သမိုင်းတစ်စောင် ဖြစ်တဲ့ လျဲ့နွီချွမ် (列女传 Lienü zhuan)မှာ ဒီအကြောင်းကို အကျယ်တဝင့် ရေးထားတယ်လို့ မှတ်သားရပါတယ်။ လျဲ့နွီချွမ် ကို Biographies of Exemplary Women လို့ ဘာသာပြန်ကြပါတယ်။ ရာဇဝင်ထဲက စံနမူနာပြ အမျိုးသမီးများရဲ့ အတ္ထုပ္ပတ္တိ ပေါင်းချုပ် လို့ ဆိုရမှာပါ။
ကိုယ်ကျင့်ပျက်ယွင်းသူတွေ၊ အာဏာအလွဲသုံးတဲ့သူတွေ၊ တာဝန်မဲ့သူတွေ၊ အမျက်မာန်စောင်ကြီးသူတွေ ထုံးစံအတိုင်း ကျယ်ဧကရာဇ်ဟာလည်း သူ့ကိုဝေဖန်တာ၊ အကြံပေးတာကို မကြိုက်ပါဘူး။ ထောက်ပြဝေဖန် အကြံဉာဏ်ပေးသူတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပါတယ်။
သိပ်ပြီးပျက်စီးနေတဲ့ ကျယ် ကို နန်းရင်းဝန် ကွမ်းလုံဖန် (關龍逢Guan Longfeng) က သတိပေးစကား ပြောခဲ့ပါတယ်။ "အရှင့်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ မြစ်ရိုးတလျှောက်၊ တောင်ရိုးတဆုံး၊ ရှတစ်ပြည်လုံးမှာ ဆုံးရှုံးခဲ့ရပြီ" လို့ သတိပေးခဲ့တာပါ။
[ဒီနေရာမှာ ကွမ်းလုံဖန်က ကျန်းရှန်း (江山 jiangshan) ဆိုတဲ့ အသုံးအနှုန်းလေးကို သုံးပါတယ်။ Jiang က မြစ် ဖြစ်ပြီး၊ Shan က တောင် လို့ အဓိပ္ပာယ် ရပါတယ်။ မြစ်ရိုးတလျှောက်၊ တောင်ရိုးတဆုံး လို့ နားလည်မိပါတယ်။တိုင်းပြည် တစ်ပြည်ရဲ့ အသက်သွေးကြောဟာ မြစ် နဲ့ တောင်တွေ ဖြစ်တယ်လို့ ယူဆတဲ့ တရုတ်လူ့အဖွဲ့အစည်းဟာ တိုင်းပြည် ဆိုတာကို 江山 jiangshan ဆိုတဲ့ အီဒီယမ် အသုံးအနှုန်းနဲ့ တင်စားလေ့ ရှိပါတယ်။ မျက်မှောက်ခေတ်တရုတ်ပြည်မှာ ပြည်ချစ်စိတ် နှိုးဆွနိုင်ပြီး တရုတ်နိုင်ငံသားတိုင်း နှစ်နှစ်ခြိုက်ခြိုက် သီဆိုကြတဲ့ 我和我的祖国 (ကျွန်တော်နှင့် ကျွန်တော့် အမိမြေ) ဆိုတဲ့ သီချင်းမှာတောင် ဒီအီဒီယမ် ကို သုံးစွဲထားတာ တွေ့ရပါတယ်။ ဒီစကားချပ်က အတိတ်သမိုင်းထဲက အယူအဆတွေ၊ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေ၊ ဓလေ့စရိုက်တွေ၊ လုပ်ပုံကိုင်နည်းတွေ၊ သင်ကြားချက်တွေဟာ လက်ရှိတရုတ်ပြည်ရဲ့ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းထဲမှာ လွှမ်းမိုးနေသေးတာကို သတိပြုမိစေချင်လို့ပါ။]
ချုပ်ပြောရရင် ကျယ် ဧကရာဇ်ဟာ အတိုင်းအဆမဲ့တဲ့အထိ ကိုယ်ကျင့်ပျက်ပြီး နန်းတွင်းသူ၊ နန်းတွင်းသားတွေကို အင်မတန်နှိပ်စက်ကြောင်း ရာဇဝင်ဆရာတွေက မှတ်တမ်းထိုးထားတယ် ဆိုတာပါပဲ။ ဒါကလည်း ရာဇဝင်အစောင်စောင်မှာ တွေ့ရတဲ့ သဘောတစ်ခုပါပဲ။ ရှာဖတ်မိတဲ့အထဲ ပြည်သူအပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ အချက် မပါဝင်ပေမယ့် နန်းတွင်းသူ နန်းတွင်းသားတွေအပေါ် တောင် ဒီလောက် ရက်စက်ရင် ပြည်သူအပေါ် ဘယ်လောက်များ ဖိနှိပ်လိုက်လေမလဲ လို့ တွေးတောကြည့်နိုင်ပါတယ်။
ကျယ်ရဲ့ မှားယွင်းမှုကြောင့် တိုင်းပြည်က ချိနဲ့လာချိန် လက်အောက်ခံ ရှန်း နိုင်ငံငယ်က ဖွံ့ထွားလာပြီး အဆုံးမှာ ကျယ် ကို ပလ္လင်ပေါ်က ဆွဲချပြီး ရှ ခေတ်ကို အဆုံးသတ်လိုက်ပါတယ်။
"မိုးနတ်မင်းရဲ့ ဗျာဒိတ်" ဆိုတာ တကယ်တော့ ပြည်သူရဲ့ ယုံကြည်လက်ခံမှုပါပဲ။ ကျယ် ဧကရာဇ်ဟာ ရှခေတ်ကို ထူထောင်သူ ယွီ လို ပြည်သူ့အကျိုးကို မဆောင်ဘဲ အာဏာမှာ ယစ်မူးနေလို့ မြစ်ရိုးတလျှောက်၊ တောင်ရိုးတဆုံး ပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်မှု ကင်းမဲ့ခံခဲ့သူပါ။ ဒါကြောင့်လည်း ရာဇပလ္လင်ထက်က ဖယ်ရှားခြင်း ခံရတာပါ။
ရှခေတ် သမိုင်းဟာ ထိုးဇာတ် လို့ ဆိုရင်တောင်၊ အဲဒီထိုးဇာတ်ကို ဇာတ်ညွှန်းခွဲသူက မင်းဧကရာဇ်တွေကို "တိုင်းပြည်တည်ဆောက်သူ" ဇာတ်ဆောင်၊ "စစ်မက်လိုလားသူ" ဇာတ်ဆောင်၊ "အာဏာယစ်မူးသူ" ဇာတ်ဆောင်၊ "ပေါ့ပေါ့နေပေါ့ပေါ့စား" ဇာတ်ဆောင်တွေ အဖြစ် သရုပ်ဆောင်ခိုင်းပြီး၊ ဇာတ်ဆောင်တစ်ဦးချင်း ကပြရတဲ့ ဇာတ်ကွက်တစ်ခုချင်းစီရဲ့ အကျိုးရလဒ်တွေကို ခြယ်မှုန်းပြသ ထားတယ်လို့ ယူဆမိပါတယ်။
ရှခေတ်တစ်ခုလုံးကို မသိရင်တောင် တိုင်းပြည်ကို တည်ထောင်ပြုစုတဲ့ ယွီ နဲ့ တိုင်းပြည်ကို နင်းချေဖျက်စီးခဲ့တဲ့ ကျယ် တို့ရဲ့လက်ထက်တွေမှာ တိုင်းပြည်ရဲ့ အတက် နဲ့ အကျ ကွာခြားပုံ နှိုင်းယှဉ်ချက်ကို မှတ်မိနေရင် စာဖတ်သူအတွက် အကျိုးရှိနိုင်မယ်လို့ ယူဆမိပါတယ်။ နည်းနည်း ပိုမှတ်နိုင်ရင်တော့ ရှခေတ်ဟာ ဘီစီ ၂၀၇၀ က စတင်ပြီး၊ နှစ်ပေါင်း ၄၇၀ ကြာမြင့်ခဲ့တာမို့ ဘီစီ ၁၆၀၀ မှာ အဆုံးသတ်တယ် ဆိုတာလေး မှတ်သားထားစေချင်မိပါတယ်။
ရှခေတ် သမိုင်းမှတ်စုတိုတွေကို ဒီမှာ အဆုံးသတ်ရင်း မြစ်ရိုးတလျှောက်၊ တောင်ရိုးတဆုံး၊ မြန်ပြည်တစ်ခုလုံးမှာလည်း အမြန်ဆုံး ငြိမ်းချမ်းသာယာပြီး၊ ပြည်သူ့အကျိုးဆောင်တဲ့သူများ ပေါ်ထွန်းလာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar