Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂


ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂

(မိုးမခ) ဇန်နဝါရီ ၁၂ ၊ ၂၀၂၄


ရှခေတ် (夏朝 Xia Dynasty)

ရှခေတ်ဟာ တရုတ်ပြည်ရဲ့ သမိုင်းတင်နိုင်တဲ့ ပထမဆုံး ခေတ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ရှခေတ် သမိုင်းဟာ ပါးစပ်ရာဇဝင်လို့ ဆိုရမယ့် ဒဏ္ဍာရီပုံပြင်တွေနဲ့ အဖြစ်မှန်တွေ ရောပြွမ်းနေတယ်လို့ ဆိုပါတယ်။ 

ရှပြည်ကို ယွီ(大禹 Yu the great) ဆိုတဲ့ ဘုရင်က ဘီစီ ၂၀၇၀ မှာ ထူထောင်တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်မတိုင်မီက တရုတ်ပြည် တနံတလျားမှာ ထီးဆောင်းမင်းတွေ အမြောက်အမြားက နယ်ကျဉ်းကျဉ်းလေးတွေမှာ သူတစ်လူ ငါတစ်မင်းနဲ့ ဗိုလ်လုပ်နေကြတာပါ။

အဲဒီခေတ်ကာလက ရေလွှမ်းမိုးမှုဒဏ်ကို နှစ်စဉ် အကြီးအကျယ် ခံစားရပါသတဲ့။ အဲဒီရေ‌လွှမ်းမိုးမှုကို ယွီ က အင်ဂျင်နီယာအတတ်ပညာနဲ့ ထိန်းချုပ်ပြီး မြို့ရွာတွေ (တနည်းအားဖြင့်တော့ တိုင်းပြည်ငယ်တွေ) ကို ရေဘေးက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြားတိုင်းပြည်ငယ်အချို့က ဘုရင်တွေ စုစည်းပြီး ယွီ ကို ဧကရာဇ်အဖြစ် တင်မြှောက်လိုက်ကြပါတယ်။ ဒါကြောင့် ပထမဆုံးအကြိမ်အဖြစ် အင်ပါယာတစ်ခု ဖြစ်ပေါ်လာတယ်လို့ ဆိုရမှာပါ။ 

ရှခေတ်ရဲ့ ပြည်တည်ခန်းဟာ ပြည်သူ့အခက်အခဲကို ကူညီဖြေရှင်းပေးခြင်းနဲ့ အစပြုပါတယ်။ အဲဒီလို အများပြည်သူရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်တဲ့ လူစွမ်းကောင်းတွေက တိုင်းပြည်ကို စတင်ထူထောင်တယ် ဆိုတာမျိုးက ထိုးဇာတ်အတော်များများရဲ့ "ပြည်တည်ခန်း" တွေမှာ ပါနေကျပါ။ မြန်မာတို့ရဲ့ ပျူစောထီး ပုံပြင်ကလည်း ဒီသဘောပါပဲ။ (ပျူစောထီးပုံပြင်ကို နန်ချောင်တွေဆီက ရတယ်လို့ ရေးတာလည်း တွေ့ဖူးပါတယ်။) ဒါကြောင့် ရှပြည်ကို ယွီ တည်ထောင်တဲ့ ဇာတ်လမ်းဟာ ဘယ်လောက် မှန်သလဲ မပြောနိုင်ပါဘူး။ 

ဧကရာဇ်ဖြစ်သွားတဲ့ ယွီ ဟာ သူ့ရဲ့ မျိုးဆက်တွေကို ဧကရာဇ် အရာ ဆက်ခံစေတဲ့ စည်းမျဉ်းကို အုပ်ချုပ်ရေးမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် မင်းဆက် ဆိုတာ စတင်ပေါ်ပေါက်လာတာ လို့ ဆိုရပါလိမ့်မယ်။ 

ရှခေတ်ဟာ နှစ်ပေါင်း ၄၇၀ ကြာမြင့်ခဲ့ပါတယ်။ ဘီစီ ၂၀၇၀ ကနေ၊ ဘီစီ ၁၆၀၀ အထိပါ။ တချို့သမိုင်းတွေမှာ ဧကရာဇ် ၁၇ ပါး အုပ်စိုးခဲ့တယ်လို့ ဆိုပြီး၊ ဘရစ်တနီကာ စွယ်စုံကျမ်း (Britannica Encyclopedia) မှာတော့ ၁၆ ပါး လို့ ရေးတာ မှတ်သားရပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာတော့ ယွီ နောက်မှာ သူ့သား ချီ (Qi) က အရိုက်အရာဆက်ခံပြီး သူ့နောက်မှာ ဘုရင် ၁၇ ပါးအထိ ရှိခဲ့တယ်လို့ ရေးတာ ဖတ်ရပြန်ပါတယ်။ စုစုပေါင်း ၁၉ ပါး ရှိခဲ့တယ် ဆိုတဲ့သဘောပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ရှခေတ်ရဲ့ နောက်ဆုံး ဧကရာဇ်ဟာ ကျယ်ဧကရာဇ် (桀王 Jie) ဖြစ်တယ်ဆိုတာတော့ အားလုံးက သဘောတူထားပါတယ်။ 

ကျယ်ဧကရာဇ်ဟာ ကိုယ်ကျင့်ပျက်သူ၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်တာမို့ တော်လှန်ပုန်ကန်ကြပြီး နန်းချခံခိုက်ရတယ်လို့ ဆိုပါတယ်။ ဘရစ်တနီကာစွယ်စုံကျမ်းမှာတော့ ကျယ်ဧကရာဇ်ဟာ အင်မတန်လှပတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်မိပြီး၊ အဲဒီအမျိုးသမီးက အင်မတန် ရက်စက်တတ်သူ ဖြစ်တဲ့အကြောင်း၊ အဲဒီအမျိုးသမီးကြောင့် ပြည်သူတွေက မကျေနပ်ဘဲ ပုန်ကန်တော်လှန်ကြတဲ့အကြောင်း ရေးထားတာ ဖတ်ရပါတယ်။ 

ရှခေတ်ရဲ့ နှစ်ကာလတွေကို သမိုင်းအမျိုးမျိုးရေးထိုးထားတာမို့ ဘီစီ ၂၀၇၀ နဲ့ ဘီစီ ၁၆၀၀ ကြား ဆိုတဲ့ ဖော်ပြချက်နဲ့ ကွဲလွဲတာမျိုး တွေ့ရနိုင်ပါတယ်။ 

၁၉၉၆ ခုနှစ်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုပြီး Xia–Shang–Zhou Chronology Project ဆိုတဲ့ သုတေသန စီမံကိန်း စတင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ဦးဆောင်သူက Tsinghua တက္ကသိုလ်က ပါမောက္ခ Li Xueqin ဖြစ်ပြီး သူနဲ့အတူ ပညာရှင် ၂၀၀ လောက် ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ရှ၊ ရှန် နဲ့ ကျို့ ခေတ်တွေအကြောင်း (တည်နေရာ၊ အချိန်ကာလနဲ့ သမိုင်းကြောင်း မှန်ကန်မှုတွေကို) လေ့လာတဲ့ စီမံကိန်းပါ။ အဲဒီစီမံကိန်းက ရှခေတ်ရဲ့ သက်တမ်းကို ဘီစီ ၂၀၇၀ နဲ့ ဘီစီ ၁၆၀၀ ကြား လို့ အတည်ပြုပေးထားပါတယ်။ 

မင်းကောင်းတစ်ပါး ဖြစ်လာမယ့် ယွီရဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်ပုံ၊ ပြည်သူအတွက် စွန့်လွှတ် အနစ်နာခံခဲ့ပုံ၊ မင်းဆိုးမင်းညစ် ကျယ်ဧကရာဇ်ရဲ့ အာဏာအလွဲသုံးစားပြုမှုကြောင့် ပြည်သူတွေက တော်လှန်ပုန်ကန်ခဲ့ပြီး ဘီစီ ၁၆၀၀ ဝန်းကျင်မှာ ရှမင်းဆက် ပျက်သုဉ်းခဲ့ရပုံအကြောင်းတွေကို ‌ဆက်လက် လေ့လာတင်ပြပါဦးမယ်။ 

သမိုင်းပညာရှင်တစ်ယောက် စနစ်တကျ လေ့လာပြုစုထားတဲ့ သမိုင်းဆောင်းပါး တစ်ပုဒ် မဟုတ်ဘဲ၊ ‌တရုတ်ပြည်အကြောင်း အခုမှ စလေ့လာဖြစ်တဲ့ သာမန်စာဖတ်သူတစ်ယောက်က ဖတ်မှတ်မိတာလေးကို မှတ်စုထုတ်ထားတာသာ ဖြစ်တယ် ဆိုတာကိုတော့ တင်ကူးအစီရင်ခံထားပါရစေခင်ဗျား။ 

~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar