လွတ်မြောက်နယ်မြေသစ်များမှ အုပ်ချုပ်ရေးပုံစံ နဲ့ ပြည်ထောင်စု
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၇ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၄
လွတ်မြောက်နယ်မြေသစ်များမှ အုပ်ချုပ်ရေးပုံစံ နဲ့ ပြည်ထောင်စု
ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ က စတင်လိုက်တဲ့ ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တနည်းအားဖြင့် စစ်အခြေစိုက် စခန်းတွေတင်မကပဲ မြို့တွေကိုပါ တမြို့ပြီးတမြို့ တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ဆင်ရေး တဖြတ်နားတဲ့နောက်မှာ သိမ်းယူထားတဲ့ မြို့တွေ ဒေသတွေကို အုပ်ချုပ်ရေး အတွက် စီစဥ်လုပ်ဆောင်ရမယ့် အရေးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တာဝန်ရှိလာတာ ဖြစ်ပါတယ်။
စစ်ရေးအရ တိုက်ခိုက်နေစဥ်မှာ တိုက်ပွဲ အနိုင်ရရေး၊ စစ်စခန်း သိမ်းယူနိုင်ရေးက အဓိကဖြစ်နေခဲ့တာဖြစ်ပြီး တိုက်ပွဲငြိမ်သွားတဲ့အခါ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေထဲက မြို့တွေ၊ ကျေးရွာတွေနဲ့ အဲဒီဒေသက လူထုရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ဒေသတခုလုံးကို အုပ်ချုပ်တဲ့ စနစ်က ဘယ်လိုစနစ်နဲ့ သွားမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့မှာပါဝင်တဲ့ AA အနေနဲ့တော့ ရှမ်းမြောက်ဒေသဟာ ၄င်းရဲ့ အခြေစိုက်ဒေသမဟုတ်တာမို့လို့ ရှမ်းမြောက် ဒေသမှာ AA လက်နက်ကိုင် အဖွဲ့အနေနဲ့ အုပ်ချုပ်ရေး၊ နယ်မြေစိုးမိုးရေးကိစ္စတွေ ဘာမှ ပါဝင်ဆောင်ရွက်စရာ မရှိဘူးလို့ သိရှိရသလောက် သတင်းအချက်အလက်တွေအရ ကောက်ချက်ချရပါတယ်။
နောက် လက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအောင်း TNLA လက်နက်ကိုင် အဖွဲ့တွေလည်း နကိုကတည်းက ၄င်းတို့ လွတ်မြောက်နယ်မြေ အခြေစိုက် ဒေသတွေရှိခဲ့ပြီး ဖြစ်လို့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ကိစ္စရပ်တွေက အခက်အခဲမရှိဘူး ဆိုတဲ့ အကဲဖြတ်ချက်တွေလည်း ရှိကောင်းရှိပါလိမ့်မယ်။
ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ ၂၀၀၉ ခုနှစ်မတိုင်ခင်က ကိုးကန့်ဒေသကို စစ်တပ်နဲ့ အပစ်ရပ်သဘောတူကာ အုပ်ချုပ်ခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး၊ TNLA အနေနဲ့တော့ လွတ်မြောက်နယ်မြေ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့ ဒေသတွေရှိခဲ့ပြီး မြို့တွေတော့ သတ်သတ်မှတ်မှတ် မရှိခဲ့တဲ့ သဘောမျိုးတွေ့ရမှာ ဖြစ်ပါတယ်။
အခုလို ရှမ်းမြောက်ဒေသရဲ့ အတိုင်းအတာတခုထိ ကျယ်ပြန့်တယ်လို့ဆိုနိုင်တဲ့ ဒေသအကျယ်အဝန်းနဲ့ မြို့အရေအတွက် ၁၆ မြို့လောက်ထိ ရှိတဲ့ နယ်မြေတွေကို သိမ်းယူထားပြီးနောက်မှာ တဖက်မှာ ဒီဒေသတွေကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်သိမ်းယူခံရနိုင်တဲ့ အရေးလည်း ရှိနေချိန်မှာ တဖက်မှာ ရက်အနည်းငယ်သိမ်းယူပြီး ပြန်ဆုတ်သွားမယ့် အနေအထားမဟုတ်ပဲ စစ်ရေးအရ ကာကွယ်ပြီး ဒီဒေသနဲ့ မြို့တွေကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ထားတာ ထင်ရှားပါတယ်။
စစ်ရေးအရ အုပ်ချုပ်ရာမှာတော့ စစ်တပ်ရဲ့ အမိန့်ပေးသူတွေ တပ်မှူးတွေက လုံခြုံရေး ရှုထောင့်က အဓိကကြည့်ပြီး နယ်မြေဒေသတွေကို အုပ်ချုပ်တာမှန်ပေမယ့် ဒိထက်ပိုရှည်ကြတဲ့ ကာလ၊ တနည်းအားဖြင့် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့က ဒီဒေသတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ စွမ်းဆောင်နိုင်စွမ်း မရှိတော့တဲ့ အခါမှာ ဒီဒေသတွေကို သိမ်းယူထားတဲ့ လက်နက်ကိုင် အဖွဲ့အနေနဲ့ ၄င်းတို့ အုပ်ချုပ်ခွင့်ရပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်အကောက်၊ ဖွံ့ဖြိုးရေးနဲ့ ဒေသတွင်းမှာနေထိုင်နေကြတဲ့ အခြားသော လူမျိုးစုတွေနဲ့ ၄င်းလူမျိုးစုတွေရဲ့ လွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ လွတ်မြောက်နယ်မြေ အချင်းချင်း ကူးလူးဆက်သွယ်မှု၊ ကုန်စည်ရောင်းဝယ်မှု စတဲ့ အရေးကိစ္စတွေက စစ်ရေးလုပ်ဆောင်မှုတွေထက် ပိုပြီး ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ ဝန် ဖြစ်လာမယ့် အနေအထားလို့ မှန်းဆတွေးကြည့် ရပါတယ်။
ကိုးကန့်တပ်ဖွဲ့က သိမ်းယူခဲ့ပြီး နာရီပိုင်းအတွင်း ဝ လက်နက်ကိုင် အဖွဲ့ထံ လွှဲပြောင်းပေးခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံ မြို့တွေကိုတော့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်နဲ့ ပါတီက ၄င်းတို့ရဲ့ အုပ်ချုပ်ရေးအောက်ကို ရက်ပိုင်းအတွင်း သွတ်သွင်းခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခန့်အပ်ထားတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ဥက္ကဌ ကပါ တရားဝင်လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ဝ ပြည် အနေနဲ့တော့ နကိုက ၄င်းတို့အုပ်ချုပ်နေတဲ့ ဒေသတွေနဲ့ အလားသဏ္ဌာန်တူ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအသွင်အတိုင်း ထည့်သွင်းအုပ်ချုပ်သွားမယ့် သဘောဖြစ်လို့ ထူးထူးခြားခြား ပြောဆိုစရာ မရှိလောက်တဲ့ သဘောဖြစ်ပါတယ်။ သို့ပေမယ့် နောက် ၂ ဖွဲ့ဖြစ်တဲ့ ကိုးကန့် လက်နက်ကိုင် အဖွဲ့၊ TNLA အဖွဲ့တွေအနေနဲ့ရော ဘယ်လို နိုင်ငံရေးစနစ်၊ ဘယ်လို အုပ်ချုပ်ရေး ပုံစံနဲ့ အုပ်ချုပ်သွားမလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
တိုတို ပြောရရင် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ/ လက်နက်ကိုင်တပ် အနေနဲ့ ဝ ပြည်ကို ကွန်ဖက်ဒရေးရှင်း အနေနဲ့ သွားဖို့ ရည်မှန်းထားကြောင်း နဲ့ လက်တွေ့လည်း ကျင့်သုံးနေကြောင်းကို ဆယ်စုနှစ်တွေကတည်းက လက်တွေ့ ပြသခဲ့ပြီးသားမို့လို့ ထွေထွေထူးထူး ဆွေးနွေးရမယ့် ကိစ္စမဟုတ်ပါဘူး။ TNLA နဲ့ MNDAA တို့အနေနဲ့ ကွန်ဖက်ဒရေးရှင်းလား သို့မဟုတ် ဖက်ဒရယ် ပြည်ထောင်စုလား ဆိုတာက ရှင်းရှင်းလင်းလင်း မသိရှိရသေးတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး နယ်မြေတွေ မြို့တွေ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ AA အနေနဲ့လည်း ကွန်ဖက်ဒရေးရှင်း လောက်တော့ မှန်းထားကြောင်း ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မကြာသေးတဲ့ နစ်တွေတုန်းက ပြောဆိုခဲ့ဖူးတာရှိပါတယ်။
အခုလို စစ်ကောင်စီ တပ်တွေ တနေရာပြီးတနေရာ တမြို့ပြီးတမြို့ လက်လွှတ် ဆုတ်ခွာနေရချိန် မှာ နေပြည်တော်၊ ရန်ကုန် တို့လိုမြို့တွေကို မကြာခင် သိမ်းယူနိုင်တော့မယ်လို့ မျှော်မှန်းခဲ့ရင် အဲဒီမျှော်မှန်းချက်က စိတ်ကူးယဥ်လွန်းတဲ့ မျှော်မှန်းချက်လို့ ပြောဆိုကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ နေပြည်တော် ၊ ရန်ကုန် တို့ကို လပိုင်းအတွင်း သို့မဟုတ် ခု ၂၀၂၄ ခုနှစ်အတွင်း သိမ်းယူနိုင်မယ်လို့တော့ မဆိုနိုင်သေးပေမယ့် မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေ၊ နယ်မြေတွေကိုတော့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေက ပိုမိုသိမ်းယူ ထိန်းချုပ်လာနိုင်မယ်ဆိုတာ မှန်းဆလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုတစတစ တိုက်ခိုက်သိမ်းယူလာနိုင်တဲ့ မြို့တွေ၊ နယ်တွေ၊ ပြည်နယ်တွေကို ဘယ်လို နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်သွားကြမှာလဲ ဆိုတာ အခုနေအခါမှာ အရေးတကြီး မလိုအပ်ဘူးလို့ ယူဆမှုတွေ ရှိကောင်းရှိနေမှာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုပုံဖေါ်မလဲ ဆိုတာနဲ့ အခုလို ကြားကာလမှာ ဘယ်လို အုပ်ချုပ်ကြမလဲဆိုတာ ထဲထဲဝင်ဝင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေ ဖြစ်နေပြီး အခုလို စစ်ကောင်စီ၊ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ခိုက်ကြတဲ့အရင်းခံအကြောင်းက ဒီမိုကရေစီအရေး ဖက်ဒရယ် အရေး ၊ တန်းတူညီမျှခွင့်ရှိရေး၊ လူ့အခွင့်အရေး ဆိုတဲ့အရေးတွေ နဲ့ ကြွေးကြော် စည်းရုံးခဲ့ကြတယ်ဆိုတာ မေ့ထားလို့ မရတဲ့ အချက်ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ ဖက်ဒရယ်အရေး၊ မြန်မာ့နိုင်ငံရေးကို ပညာရှင်ရှုထောင့်တွေက လေ့လာ ရေးသားနေသူ ဆောင်းပါးရှင်တဦးကတော့ မြန်မာနိုင်ငံကို ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့ “နိုင်ငံတော်” စနစ်နဲ့ တည်ထောင်ဖို့ထက် မန်ဒလာစနစ်လို့ ၄င်းခေါ်ဝေါ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ စုစည်းထားတဲ့ စနစ်နဲ့ သွားဖို့ အခြေအနေမျိုးက ပိုဖြစ်နိုင်တယ်၊ ပိုလက်တွေ့ကျတယ်ဆိုတဲ့ သဘော ရေးသားလိုက်ပါတယ်။ အခြားသော မြန်မာ့အရေး လေ့လာရေးသားနေသူ အရှေ့ဥရောပ နိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးကတော့ လတ်တလော ပေါ်ထွန်းလာတဲ့ လွတ်မြောက်နယ်မြေတွေ မြို့တွေ ဒေသတွေရဲ့ အခြေအနေတွေကို ကြည့်ပြီး “တကယ်လို့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်ရှိမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေးလှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဗဟိုကို ထည့်ပြီး မစဉ်းစားတော့ဘူးဆိုရင် တော်လှန်ရေးဟာလည်း တစစီဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်'” လို့ မှတ်ချက်ချပြီး နောက်မှတ်ချက် တခုက “ မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်စနစ်ကို လူမျိုးစုတွေပေါ်မှာ အခြေခံရင် အင်မတန် အန္တရာယ်များနိုင်ပါတယ်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သူ ဆိုလိုတဲ့ “ဗဟို”ဆိုတဲ့ နေရာ၊ အခန်းကဏ္ဍက လက်ရှိ “အမျိုးသားညီညွတ်ရေး အစိုးရ” ရဲ့ အခန်းကဏ္ဍ၊ နေရာကို ဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူကတော့ အရှေ့ဥရောပ ဇာတိဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့ကာလအလွန် အရှေ့ဥရောပမှာ အမျိုးသားရေးကို အခြေခံတဲ့ အစိုးရတွေ ပေါ်ထွန်းလာတာ၊ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလ ယူဂိုဆလားဗီယား နိုင်ငံ ပြိုကွဲတာတွေကို သင်ခန်းစာယူပြီး မြန်မာ့အရေးကို အကဲဖြတ် သုံးသပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စစ်အာဏာရှင်ပြုတ်ကျရေးက ဘုံအကြောင်းအရာ ဖြစ်တယ်၊ စစ်ကောင်စီ ပြုတ်ကျရင် ကျန်တာအားလုံးက အဖြေရှာဖို့ မခက်ဘူး၊ ဖြေရှင်းလို့ ရတယ်လို့ ဆိုကြတဲ့ မှတ်ချက်စကားရှိပါတယ်။ တဖက်မှာလည်း “အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိတယ်” ဆိုတဲ့ လက်တွေ့ဆန်လွန်းတဲ့ တနည်းအားဖြင့် သေနတ်ကို အားကိုးလွန်းတဲ့ နိုင်ငံရေးနည်းလမ်းကို လျစ်လျူရှုစေတဲ့ အဆိုတွေကို လမ်းညွှန်မှု အဖြစ်မခံယူမိကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar