Breaking News

မောင်တူး - ခရမ်းဦးတင်မောင်ဝင်းကျဆုံးခြင်း ၃၃ နှစ်

ခရမ်းဦးတင်မောင်ဝင်းကျဆုံးခြင်း ၃၃ နှစ် 
မောင်တူး
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၄

ခရမ်းဦးတင်မောင်ဝင်း
ကြယ် ကြွေခြင်း ရဲ့
သုံးဆယ့်သုံး နှစ်
ကြာပြီဖြစ်လည်း
ရင်ထဲထာဝရ ရှိနေသူ။ ။

ခရမ်း ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ် စားလှယ်ဖြစ်ပြီး စစ်တပ်ရဲ့လက်ချက်နဲ့ အင်းစိန်ထောင်တွင်းမှာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ကျဆုံးခဲ့ရသူပါ။ အခု ၂၀၂၄ ဇန်နဝါရီ ၁၈ ရက်မှာ သူကွယ်လွန်ခဲ့ရတာ ၃၃ နှစ်ပြည့်ပါပြီ။ ၃၃ နှစ်တိုင် ကျနော်တို့ သူ့ကို မမေ့ကြသေးပါ။ ကုန်ကုန်ပြောရရင် ဘယ်တော့မှမမေ့၊ မြန်မာ့သမိုင်းမှာ ထာဝရ ထွန်းလင်းတောက်ပနေမည့် ကြယ်နီကြီးတပွင့်ပေါ့။

# ခွပ်ဒေါင်းရဲဘော်
(ခရမ်း ကိုတင်မောင်ဝင်းသို့ .)

ကြီးမြတ်သော စိတ်ထား
ကြံ့ခိုင်သော မာန်အားနှင့်
သင်ကား ဘဝပြောင်းခဲ့ပြီ။

ကြွေရှာလေ တရွက်နှစ်ရွက်
မြေမှာလေ သက်ခဲ့ရ
ဖြေစရာ အကွက်မမြင်သာ
ရင်နာဖွယ် ကြုံရသည်။

ခွပ်ဒေါင်းအလံ သင်ကိုင်၍
တို့နိုင်ငံ အလင်းရောင်ရစေဖို့
သင့်ဘဝ မြှုပ်ခဲ့သည်
ဇာနည်ကွဲ့ ယောက်ျား။

ကိုယ်ကျိုးစွန့်၍ သေခြင်းကား
မြင့်မြတ်သော သေခြင်းဖြစ်၍
ထွန်းသစ်သော သင့်ဂုဏ်ရောင်
တို့ခေတ်ကို အလင်းဆောင်လိမ့်
အောင်ပွဲတွေ တသီတတန်းနဲ့
လွမ်းလေသမျှ
ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။

(တင်မိုး)
(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်။)

(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)

# ဦးတင်မောင်ဝင်းအတွက် ကဗျာဆိုတာ

ကဗျာဆိုတာ - - -
လူ့စိတ်ဓာတ်ရဲ့
မြည်ဟည်းသံ . . . လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးစပ်ခဲ့ဖူးပါတယ်။
ဒီသဘောပါပဲ။ ကဗျာဆရာကြီး "တင်မိုး" ကလည်း "ခွပ်ဒေါင်းရဲဘော်" (ခရမ်းဦးတင်မောင်ဝင်းသို့) ခေါင်းစဉ်တပ်ပြီး လွန်ခဲ့တဲ့ ၃၃ နှစ် ကွယ် လွန်တဲ့နေ့မှာပဲ ဂုဏ်ပြုကဗျာ ရေးစပ်ပေးခဲ့တာလေ။ ဦးတင်မောင်ဝင်းဟာ NLD ရန်ကုန်တိုင်း တာဝန်ခံပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုး စိတ်ချရတဲ့ လက်ရုံးတဆူပေါ့။ စစ်အုပ်စုကို မစေ့စပ်သူ၊ ပြည်သူသည်သာ အခရာဆိူတဲ့ မူကို မြဲမြဲကိုင်ထားသူ။ အသက်ကိုသာ စွန့်မယ် ဒီမိုကရေစီရရှိရေးတိုက်ပွဲကိုတော့ ဘယ်တော့မှ မစွန့်လွှတ်သူမို့ စစ်အာဏာသားတွေက အငြိုး အာဃာတထား ရှင်းပစ်ခံလိုက်ရတဲ့ သဘောပါပဲ။ ထုံးစံအတိုင်း ဦးတင်မောင်ဝင်းဟာ ကင်ဆာရောဂါနဲ့ ဆုံးခဲ့ပါတယ်လို့ ထောင် မှူးက မိသားစုကို ပြောခဲ့သတဲ့။ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမကြီး (ဒေါ်) ခင်လိုင်ကြူ ကတော့ - - - ရုတ်တရက် သေနိုင်တဲ့ ရောဂါမျိုးမရှိပဲ ထောင်တွင်းမှာ အရိုးအပြိုင်းပြိုင်းနဲ့ ကွယ်လွန်သွားပြီးမှ ကင်ဆာ ကြောင့်လို့ ထောင်ဆရာဝန်က အမည်တပ်ခဲ့ပါတယ် - - -လို့ သူ့ရဲ့ "လွမ်းလေသမျှ" စာအုပ်မှာ ရေးသားခဲ့ပါတယ် ။ ဒါကို ဈာပနပန်းခွေမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး မကျေနပ်ကြောင်း ဆန့်ကျင်ကြောင်းပြခဲ့ကြပါတယ်။

လူကိုသတ်တာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ ...။

# ခရမ်းဦးတင်မောင်ဝင်းဘဝအကြောင်း

ဦးတင်မောင်ဝင်းဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ခရမ်းမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့တာမှာ ခိုင်လုံမဲ (၁၇၄၂၈) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၆၀.၄၃) နဲ့ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။ ခရမ်းမြို့ဇာတိ ၁၉၄၀ ပြည့်နှစ်၊ နိုဝင် ဘာလ ၈ ရက်နေ့ဖွားဖြစ်တယ်။ ခရမ်းမြို့အစိုးရအထက်တန်းကျောင်း၊ ရေကျော်မက်သဒစ်နဲ့ရန်ကုန်မြို့မြို့မအထက်တန်းကျောင်းတို့မှာ ဆယ်တန်းအောင်မြင်တဲ့အထိ ပညာသင်ကြားပြီး ၁၉၅၇ - ၅၈ ခုနှစ် ရန်ကုန် တက္ကသိုလ်တက်တယ်။ ဗကသများအဖွဲ့ချုပ်နဲ့ တကသအဖွဲ့ဝင်၊ ကျောင်း သားညီညွတ်ရေးတပ်ဦးတွဲဖက်အတွင်းရေးမှူး၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင် အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲ ကော်မတီ ဥက္ကဋ္ဌ၊ ၁၉၆၃ ခုနှစ်က ၁၉၇၀ ပြည့်နှစ်ထိ လုံခြုံရေး ပုဒ်မ (၅) နဲ့ ထောင် ၇ နှစ် ကျခဲ့တယ်။ ၁၃၅၀ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂဝင်ဟောင်းများ ကော်မတီမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ အရေးတော်ပုံကြီးအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရန်ကုန်တိုင်းစည်းအဖွဲ့ဝင်ဖြစ်လာတယ်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တို ဘာလဖမ်းဆီးထောင်ချခံခဲ့ရပြီး နဝတ စစ်ထောက်လှမ်းရေးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ထောင်တွင်း သေဆုံးသွားခဲ့ပါတယ်။

# ဦးတင်မောင်ဝင်းရဲ့အကိုဗိုလ်မှူးကြီးရဲ့သံဝေဂ

ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးပါ။ ရန်ကုန်တိုင်း တာဝန်ခံပါ။ NLD အာဏာရချိန်မျိုးမှာ ရန်ကုန် တိုင်းဝန်ကြီးချုပ်တာဝန်အထိ ဖြစ်လာနိုင်သူလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားအထားရသူ တယောက်လဲဖြစ်တာကိုး။ ပြီးတော့ သူက သမ္မတကြီး ဦးဝင်းမြင့်တို့ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့လို “ငါ့ကို သတ်ရင်သတ် ယုံကြည်ချက်ကိုတော့ မစွန့်လွတ်ဘူး” ဆိုတဲ့သူ။ ဒါကြောင့်လဲ NLD အမာ ခေါင်းဆောင်လို့ယူဆပြီး ခင်ညွန့်ထောက် လှမ်းရေးက သူ့ကို ပညာပါပါ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါ။ သမိုင်းဝင်စကားတွေထဲမှာ ဦးတင်မောင်ဝင်းသေတော့ ဦးတင်မောင်ဝင်းရဲ့ အကိုဖြစ်သူ တစညပါတီက ဗိုလ်မှူးကြီးဇော်ဝင်းကို ဗိုလ်ချုပ်မှူးကြီး စောမောင်က “ကိုဇော်ဝင်းရေ လက် လွန်သွားတယ်ကွာ။ ဆောရီးပဲ။” လို့ ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဇော်ဝင်းကလည်း “ကျုပ်ညီဟာ ခံရမယ်ဆိုတာသိပါတယ်။ ဒီလောက် ဒီလိုအခြေအနေကြီးနဲ့ ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။” လို့ သံဝေဂနဲ့ ပြောသွားခဲ့ဘူးပါတယ်။

# ဒီမိုကရေစီအတွက်အသက်စွန့်သူ

၁၉၉၀ ရွေးကောက်ပွဲမှာ သူပြောခဲ့တဲ့ ရဲရဲတောက် မိန့်ခွန်းကတော့ “ ကျနော့ရဲ့ဘဝ၊ ကျနော့ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးတောင်ပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိရပါစေ့မယ်။” ဆိုတာပါ။ တကယ်လဲ သူဟာ ဒူးမထောက် လက်မမြှောက်စတမ်း အာဇာနည်ပီသစွာ အသက်စွန့်သွားခဲ့ပါတယ်။
နောက်တခါ ၉၀ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ခရမ်းအမတ်တဦးဖြစ်တဲ့ ဦးကျော်သွင်က အခုလို ရေးသားခဲ့တာကိုလည်း ပြန်လည် ဖော်ပြလိုက်ပါတယ်။
((((( အံ့ဩစရာကောင်းတာ တခုက ဦးတင်မောင်ဝင်းရဲ့ အကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီးဇော်ဝင်း) မဆလခေတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံ တော်လုံခြုံရေး ကော်မတီဝင်က ဦးနေဝင်းရဲ့စစ်တပ်က စစ်အာဏာရှင်တဦး။ ညီဖြစ်သူ ဦးတင်မောင်ဝင်းက စစ်အာဏာရှင်ကို အချိန်သရွေ့ တိုက်ပွဲဝင်နေသူ။ သူတို့ ၂ ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဖြစ်ပြီး သူ့အကိုကြီးဦးဇော်ဝင်းကတော့ မဆလ တဖြစ်လဲ တစည ပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား ဦးတင်မောင်ဝင်းက စစ်အာဏာရှင်တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။
ကျနော်နဲ့အတူ မဲဆွယ် စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာ အပြည့်ပါ။ မက္ကသံ ဆိုတဲ့ ရွာကြီးမှာ ဦးတင်မောင်ဝင်းက ...

“ဦးဇော်ဝင်းဟာ ကျနော့်အကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစအရာရာသွန်သင် ဆုံးမစောင့် ရှောက်ခဲ့လို့ ကျနော့်ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါသေကောင်ပေါင်းလဲဖြစ်တဲ့အခါမှာ စင်ကာပူက ဆေးတွေမှာပြီး ကျနော် ရောဂါပျောက်အောင်ကုပေးလို့ ကျနော့် အသက် သခင် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အခု ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲမှာ အကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘဝပြောင်းပြီး ဆယ်သက်ဆပ်ရဦးတော့ ကျနော် ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီလိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။
၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အကိုကြီးနဲ့ကျနော့် ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ်ဆို ကူးလို့ရနိုင်လောက်တဲ့ အကျယ်၊ ရေ တသွင်သွင်နဲ့ စီးနေတဲ့ မြောင်း။ ဒါပေမယ့် ဆဲဗင်းဂျူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့ မရတော့ဘဲ မြောင်းကြီးဖြစ်သွားပါပြီ။
အဲဒီနောက် ၇၂ ကျွန်းဆွယ် အရေးအခင်း၊ ၇၄ အလုပ်သမား အရေးတော် ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ အပြီးမှာတော့ အကိုကြီးနဲ့ ကျနော် ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။
အခု ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ အကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်)တို့ရဲ့ တအူတုံဆင်း ညီအကိုအရင်းတွေ ဖြစ်ကြပေမယ့် အကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှမဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ” ။ ပြီးတော့ “ကျနော့်ရဲ့ ဘဝ၊ ကျနော့်ရဲ့အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံး နေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။))))))))))

# နွေဦးကာလဦးတင်မောင်ဝင်းနဲ့စိတ်တူသူများ

ဦးတင်မောင်ဝင်းက သူ့အစ်ကို ဗိုလ်မှူးကြီးနဲ့ ပင်လည်ကြီးခြားခဲ့လေပြီ။ သည်သို့ဆိုပါက ဒီနေ့ ပြည်သူ ၄၄၀၀ နီးပါးကို ၃ နှစ်အတွင်း သတ်ဖြတ်ခဲ့သော၊ ပြည်သူ ၂၅၀၀၀ ကျော်ကို ၃ နှစ်တာအတွင်း ဖမ်းဆီးနှိပ်စက်နေခဲ့သော၊ ပြည်သူ့အိုးအိမ် သောင်းချီပြီး မီးရှို့ဖျက်ခဲ့သော အကြမ်းဖက် စစ်တပ်ဆိုလျှင်တော့ ပြည်သူတွေနဲ့ စက်ြာဝဠာကြီးပင် ခြားနေပါတော့မည်။ ဒါကြောင့်လည်းပဲ မျိုးဆက်သစ် လူငယ်ထုက စစ်တပ်၊ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြပြီ မဟုတ်ပါလား။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီ ၁၈ ရက်မှာ မတရား သတ်ဖြတ်ခံခဲ့ရသူ ဦးတင်မောင်ဝင်း ၃၃ နှစ်ပြည့်မှာ ဦးတင်မောင်ဝင်းနဲ့တကွ ခေတ်အဆက်ဆက် အာဇာနည်အထောင်အသောင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပြီး စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် ဦးတည် ညီညာဖျဖျ တိုက်ထုတ်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

--

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar