နတ္ထိ - "ဪ... လူတွေ၊ လူတွေ"
"ဪ... လူတွေ၊ လူတွေ"
နတ္ထိ ကလိသည်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄
"ဪ... လူတွေ၊ လူတွေ၊ ခြောက်လလောက်လေး သက်တမ်းတိုးမိတာများ... အဖြစ်သည်းနေလိုက်ကြတာ"
ဤသည်ကား ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းမှ စပြီး ကျွန်ုပ်၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ခံစားမှု ဖြစ်သည်။ ပို၍ အခံရဆိုးသည်မှာ ကျွန်ုပ် ကိုယ်တိုင် "၂ ချုပ်၊ ၁ ဥုက်" အဖြစ်၊ တနည်းဆိုရလျှင် ဝန်ကြီးချုပ်၊ တပ်ချုပ်နှင့် နစက ဥက္ကဌအဖြစ် ပိုင်ပိုင်နိုင်နိုင် စိုးမိုးဦးဆောင်နေသည့် အိမ်စောင့်အစိုးရကြီးအား သက်တမ်းတိုးခြင်းကို ရန်သူများက ဖာသိဖာသာ နေခဲ့ကြသော်လည်း၊ တပ်မတော်ထောက်ခံသူများ (ဝါ) ဘောမ ဆိုသူများက တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ အောက်လုံးထိုးနေကြခြင်းပေတည်း။ သူတို့က "အဘကြောင့် ပြည်သူတို့ ဒုက္ခရောက်နေကြပြီ၊ တိုင်းပြည်ကြီး ပျက်စီးနေပြီ၊ တပ်မတော်ကြီး ပြိုကွဲနေပြီ၊ ပြည်သူများနှင့် တပ်မတော်သားများက အဘအား အလိုမရှိကြတော့ပြီ" စသည်ဖြင့် ကလိန်စေ့ငြမ်းဆင်ကာ အကျွန်ုပ်အား သိက္ခာချလျက်ရှိချေပြီ။
ကျော်မျိုးမင်း၊ ကျော်စိုးဦး၊ ငါးမင်းဆွေ၊ ဇော်ဘုန်းဟိန်း၊ ပြောင်ကြီး၊ ပုတုမ၊ ပေါက်ကိုယ်တော် အစရှိသည့် သန္ဓေမမှန်သော ဘောမပုဂ္ဂိုလ်အပေါင်းတို့သည် အကျွန်ုပ်၏ ဘောဒွိစုံကို သုံးနှစ်နီးပါးမျှ ငြင်ငြင်သာသာ မခဲ့ကြရာမှ၊ ယခုအခါတွင် အဘယ်သို့သော ပရောဂက ဝင်မွှေသည် မသိ၊ ထိုဘောကိုပင် နို့စားနွားမအား နို့ညှစ်ဘိသကဲ့သို့ မညှာမတာ စုံကိုင်၍ အားပါးတရ ဆွဲညှစ်လာကြသည်။ အချို့ကမူ ထိုမျှလောက်နှင့် အားမရ၊ ဘောတွဲစုံကို အရင်းမှ ဆုတ်ကိုင်၍ ဒိုဘီသမားများ အဝတ်လျှော်သကဲ့သို့ လေထဲတွင် အားပါးတရလွှဲကာ ကျောက်ဖျာနှင့် အသားကုန် ရိုက်ကြနှက်ကြလေသည်။ သူတို့၏ ဒဏ်ကြောင့် ယခင်က ဥတုသုံးပါးမရွေး နေပူခံ ရေစိမ်ခံခဲ့သည့် အကျွန်ုပ်၏ မဟာဘောတွဲကြီးသည် ယခုအခါ အညိုအမည်းစွဲကာ အထိမခံနိုင်အောင် နာကျင်နေလေပြီ။ ဤအကြောင်းကြောင့်ပင် အဂ္ဂမဟေသီကြီးနှင့် ကာမေ-မသုရသည်မှာ ရက်အတန်ကြာခဲ့လေပြီ။ နစက-လက်နက်နိုင်ငံတော်ကြီး၏ အရှင်သခင်ဖြစ်သည့် အကျွန်ုပ်အနေဖြင့် အဝေးကွင်းဖြစ်သည့် ရှမ်းမြောက်နှင့် ရခိုင်စစ်တလင်းတွင် မရှုမလှ ရှုံးနိမ့်ခဲ့ရပေမင့်၊ အိမ်ကွင်းဖြစ်သည့် ချစ်တလင်းတွင်တော့ ချစ်ဗျူဟာခင်းခွင့် ရချင်ပါသေးသည်။ တနိုင်ငံလုံးက စစ်ဗျူဟာကုန်းတွေ ရန်သူ့လက် ပါချင်ပါသွားပါစေ... အိမ်ရှိ ချစ်ဗျူဟာကုန်းလေးကိုတော့ မဟေသီကြီးနှင့်အတူ ပိုင်ဆိုင်ခွင့်ရလိုပါသေးသည်။ ယခုတော့... ယခုများတော့...
"လခွမ်း"
ဒေါသတကြီး ရေရွတ်လိုက်သည့် ကျွန်ုပ်၏ လခွမ်းသံကြောင့် အိပ်ခန်းနံရံပေါ်တွင် ထွန်းညှိထားသည့် ဖန်မီးသီးများ ဖျတ်ခနဲ ကွဲသွားကြသည်။ မျက်နှာကြက်တွင် ကပ်နေသော အိမ်မြောင်သည်ပင် ခြေလွတ်လက်လွတ်ဖြစ်ကာ အောက်သို့ ပြုတ်ကျလာသည်။ အိပ်ရာပေါ်တွင် မဟေသီကြီး၏ တင်ပါးကို လျက်ပေးနေသည့် ကြောင်ကြီးသည်လည်း အမွှေးများထောင်သွားသည်အထိ ကြောက်လန့်တကြားဖြစ်ကာ လေထဲသို့ ကားယားကြီး မြောက်တက်သွားသည်။ လေထဲမှ ကျအလာတွင် ကြမ်းပေါ်၌ မေ့မျောနေသည့် အိမ်မြောင်ကို ဇတ်ခနဲ ကိုက်ချီကာ ခန်းဆီးနောက်သို့ ဝင်ပုန်းလိုက်သည်။ အိပ်ရာပေါ်တွင် ခွေကာ ဇိမ်ယူနေသည့် မဟေသီကြီးသည်လည်း အကျွန်ုပ်၏ ပုဆိုးကို သူ၏ ထမီအမှတ်နှင့် မှားစွပ်ကာ အခန်းအပြင်သို့ အူယားဖားယား ပြေးထွက်သွားသည်။ သတ္တိကြီးလှသဖြင့် ဘာမဆို လုပ်ရဲပါသည်ဆိုသော အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် ဂျီအီးဂျီလန့် ဖြစ်ကာ မဟေသီကြီး၏ ထမီအား အထက်အောက် ဇောက်ထိုးဝတ်ကာ ရေအိမ်တော်ထဲသို့ ဒရောသောပါး ပြေးဝင်လိုက်မိပါတော့သည်။
~~~~~~~~~~~
ရှုးရှဲထနေသည့် ဖားဖိုကြီးတခုကဲ့သို့ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသည့် အကျွန်ုပ်၏ ရင်အစုံကို တည်ငြိမ်အောင် အတန်ကြာ ဖောင်းပိန်ရှု၍ ထိန်းသိမ်းလိုက်ရသည်။ ပြီးမှ အိမ်သာရွှေကမုတ်အဖုံးပေါ်တွင်ထိုင်ရင်း ဘောမများ ပြောနေကြသည့် အချက်အလက်များ မှန်-မမှန် စဉ်းစားနေမိသည်။ သူတို့၏ စကားများ မှန်-မမှန် သိဖို့ရန်မှာ တနည်းသာ ရှိသည်။ ဤသည်ကား - ဘေးလောင်းတော် မင်းတုန်းမင်းတရားကြီးက ရတနာပုံသတင်းစာဆရာ ဘိုးဝဇီရအား ပြောခဲ့သည့် စကားကို အနည်းငယ် ကွန့်ညွန့်ကာ "ငါမကောင်းလျှင် သူများအကြောင်းရေး၊ ငါ့မယား မကောင်းလျှင် သူများမယားအကြောင်းရေး" ဟူသော စိတ်ထားမြတ်ဖြင့် သတင်းစာရှင်းလင်းပွဲသဘင်ကို ဝှဲချီးကျင်းပမှ ဖြစ်ချေတော့မည်။
~~~~~~~~~~~
ကြပ်ပြေးနေပြည်တော်ကြီး၏ ကျပ်ခိုးများနှင့် ပင့်ကူအိမ်များ စွဲနေသည့် ချောင်ဂလောင်မှ အခန်းငယ်တခုတွင် သတင်းစာရှင်းလင်းပွဲကြီးကို ကျင်းပပါသည်။ ဤသို့ ပြုရခြင်းမှာ မခမ်းနားစေလို၍ မဟုတ်၊ ပဒက်များ၏ လက်ရုံးဖြစ်သည့် ဒရုန်းများကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ အရင်းစစ်လျှင် ရှင်းလင်းပွဲ ဖြစ်မြောက်ခြင်းကသာလျှင် အခရာအကျဆုံး ဖြစ်ချေသည် မဟုတ်ပါလော။
အစဉ်အလာအရ သတင်းစာရှင်းလင်းပွဲများတွင် မဲလုံးအား ဖြေကြားစေခဲ့သည်။ သို့သော် သူ၏ ထစ်အ၊ ထစ်အ၊ အာ့ကျ၊ အာ့ကျကြီးကို သည်းမခံနိုင်တော့သည်က တကြောင်း၊ သူ့အား ဖရဲသီးဟု သံသယရှိနေသည်က တကြောင်းတို့ကြောင့် ယခုတခေါက်တွင် အကျွန်ုပ်ကိုယ်တိုင် ဖြေကြားမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤရှင်း လင်းပွဲကြီးသို့ သတင်းသမားအရေခြုံ ဘောမများဖြစ်ကြသည့် ကျော်မျိုးမင်းနှင့် ကျော်စိုးဦးတို့ အပါအဝင် အခြား အနုံညာတ ဘောမများကိုပါ ဖိတ်ကြားထားသည်။
အကျွန်ုပ်သည် မနောမယ ကျောက်စိမ်းလက်စွပ်တော်ကြီး၏ အရှိန်အဝါကြောင့် ခန့်ငြားနေသည့် လက်ဝဲလက်တော်ကို ဟန်ပါပါမကာ ညိုကပ်၊ ပိန်ခြောက်၊ မျောက်ရုပ်ပေါက်နေသည့် ကျော်စိုးဦးကို လက်ညှိုးညွှန်လိုက်ပြီး ...
"ကဲ၊ မောင်မင်း။ မင်း အရင်ဆုံး လျှောက်တင်စမ်း"
ကျော်စိုးဦးသည် ဇဝေဇဝါဖြင့် ဘေးဘီသို့ လှည့်ကြည့်ကာ...
"ကျနော့်နာမည် မောင်မင်းမဟုတ်ဘူး အဘ၊ ကျော်စိုးဦးပါ ခည" ဟု ပြန်ပြောသည်။
ဪ... နန်းတွင်းအသုံးအနှုန်းကို လားလားမှ နားမလည်သည့် စစ်သားလူထွက်၊ တောသား၊ ပါကလားလေး ပါကလား။ အကျွန်ုပ်သည် ဝါးလုံးကွဲ ရယ်မောလိုက်ချင်စိတ် ပေါ်သော်လည်း ရာဇကုန္ဒြေပျက်မည်စိုး၍ ဟန်နုမန်၏ ဟန်ပန်ဖြင့် "ခွိ ခွိ" ဟုသာ ရယ်တော်မူလိုက်သည်။ ပြီးမှ သူနားလည်မည့် အောက်တန်း ကျဘန်း စကားဖြင့်...
"ဒွတ်တဲ့မှပဲ၊ မင်း မေးစရာရှိရင် မေးဖို့ ပြောနေတာကွ"
"ဟုတ်၊ အဘ။ ဟုတ်၊ ဟုတ်။ အဘတို့ တက်ပြီးမှ ငွေတန်ဖိုးတွေ တအားကျတယ်လို့ လုပ်ငန်းရှင်တွေက ညည်းနေကြနေပါတယ် ခည။ အဲ့အတွက် အဘရဲ့ မှတ်ချက်လေး..."
"ဪ... အဲဒါ လူတွေက နားမလည်ကြလို့ပါ။ ငွေတန်ဖိုးက ဘယ်မှာကျလို့လဲကွ။ ငါတို့ မတက်ခင်က တဒေါ်လာကို ဗမာငွေ ၁၂၀၀ ပဲ ရှိခဲ့ရာကနေ၊ အခုဆို ၃၀၀၀ ကျော်နေပြီလေ။ ဒါက ငွေတန်ဖိုးတက်တာဟ - ငပိန်းရ" ... "ကဲ၊ ကျော်မျိုးမင်း အလှည့်"
အွန်လိုင်းပေါ်တွင် အကျွန်ုပ်တို့ကို ပယ်ပယ်နယ်နယ် တွယ်နေသော အောသိ-အောတတ် ကျော်မျိုးမင်း တကောင်သည် ယခုတော့ မခုတ်တတ်သည့် ကြောင်မျိုးမင်း ဖြစ်နေရှာသည်။
"မသိလို့ မေးတာပါ အဘ။ စိတ်မရှိနဲ့နော်။ အခုတလော အဘသားတွေ နယ်စပ်ကို ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ပြေးကြတဲ့ ကိစ္စ... အဲဒါလေး မေးချင်လို့ပါ"
"ဘာကွ! မင်းကများ ရာရာစစ။ ငါ့ရဲ့ ဘိုးလောင်းတော် ဘေးလောင်းတော်တွေခေတ်တုန်းက အရှေ့ဖက်မှာ ဇင်းမယ်၊ လင်ဇင်းနဲ့ အယုဒ္ဓယ၊ အနောက်ဖက်မှာ အာသံနဲ့ မဏိပူရ ... စတဲ့ နယ်ပယ်တွေကို အောင်နိုင်တော်မူခဲ့တာများ မင်း မေ့နေလေရော့သလား။ ငါကိုယ်တော်က သူတို့ထက် အပုံကြီး သာတယ်ကွ။ အချိန်တိုလေးအတွင်းမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ဆိုတဲ့ နိုင်ငံတွေကို သိမ်းသွင်းဖို့အတွက် ငါ့ရဲ့ အပြေးသန်တဲ့ ခြေမြန်တပ်မတော်ကြီးကို တပြိုင်နက်နီးပါး စေလွှတ်လိုက်တာကွ။ နားလည်လား။ သိပ်မကြာခင် လာအိုကိုပါ ငါ့အာဏာစက် ဖြန့်ကျက်တော့မှာ။ မင်း မ-အချင်ရင် သမိုင်းကို ဖတ်ကွာ။ သောက်ရမ်းတွေ စွပ်မပြောနဲ့"
"ဟုတ်၊ အဘ။ ဟုတ်၊ ဟုတ်"
ကြောင်မျိုးမင်း ငြိမ်သွားတော့ ငါးမင်းဆွေက တစခန်းထလေသည်။
"အဘရေ၊ အညာမှာ အဘသားတွေက လူတွေသတ်၊ ရွာတွေ၊ စပါးကျီတွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့နေကြတဲ့ ကိစ္စလေးများ အဘကြားမိသလားလို့ပါ"
"အိမ်း၊ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်တွေလို့ ထင်နေကြတဲ့ အညာသားတွေနဲ့ အညာက ဘုန်းကြီးတွေခမျာ တယ်လည်း အ-ကြရှာသကိုးကွဲ့။ ဗုဒ္ဓကိုယ်တော်တိုင်ရဲ့ 'ဝယဓမ္မာ သင်္ခါရ၊ အပ္ပမာဒေန သမ္ပာဒေထ' ဆိုတဲ့ တရားများ မနာဖူးခဲ့လေရော့သလား။ အခု ငါတို့ တပ်မတော်ကြီးက သတ်တာ၊ ဖြတ်တာ၊ မီးရှို့တာတွေ လုပ်ပေးနေတယ်ဆိုတာ 'ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ' ဆိုတဲ့ ဖြစ်ပျက်ရဲ့ သဘောကို ပြည်သူတွေ မြင်တတ်အောင် ပါရမီဖြည့်ပေးနေတာကွ၊ နားလည်လား"
"ဟုတ်၊ ဟုတ်၊ ဟုတ်၊ အဘ။ နားလည်ပါပြီ အဘ"
ထိုစဉ်ခဏ ပုပ်သိုးသိုးမျက်နှာဖြင့် တချိန်လုံး ထိုင်နားထောင်နေခဲ့သော ပုတုမက ထတဲ့ပြီး...
"ဟုတ်ပါပြီ အဘ။ အခု အဘ ပြောသွားတဲ့ စကားတွေက အမှန်တရားတွေလို့ အဘ ဘယ်လို သက်သေပြမလဲ"
ရော်... ခက်ချေပြီ။ အပု-အပုချင်း ယခုကဲ့သို့ ဒဲ့ဆော်ခြင်းကို ဒေဝဒတ်ဆုပန် အရှင်မင်းကြီး - အဲ - မသေမရှင်မင်းကြီး တပါးအနေဖြင့် မည်သည့်နည်းနှင့်မျှ သည်းခံနေ၍ မဖြစ်ချေတော့ပြီ။ ဤမိစ္ဆာမ ရန်ကို နှိမ်နင်းရန် အလို့ငှာ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့၏ ဖေးမခြင်းကို ခံယူရပေတော့မည်။ သို့ဖြစ်ရကား...
"ဟဲ့ - မိစ္ဆာတူမျှ ပုတုမ၊ ငါကိုယ်တော်မြတ်ရဲ့စကား မှန်ကန်ကြောင်းကို ငါ ဤသို့ သက်သေပြပါအံ့" ဟုဆိုကာ အခန်းအပြင်ထွက်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းလျက်...
"ဩောင်း... ၀ရဇိန်လက်နက် ဗြဟ္မစက်၊ မိုးကြိုးလက်နက် သိကြားစက်၊ လောင်မီးလက်နက် နတ်တို့စက်၊ ဤ စကြာလက်နက်ကြီး သုံးလက်အား တိုင်တည်၍ သစ္စာဆိုအပ်ပါသည်။ အကျွန့်စကား မမှန်ငြားက မခြားယခု သာဓကပြုတော်မူကြပါ နတ်ဒေဝတာအပေါင်းတို့။ ဩောင်း... ဒူဝေဝေ... သွား ဟုံ ဟုံ..."
⚡အုံး! ⚡ဂျိန်း!⚡ရွှီး! ⚡⚡⚡
အကျွန်ုပ််၏ တိုင်တည်စကားမှ မဆုံးသေး၊ ကောင်းကင်ပြင်၏ သုံးဘက်သုံးတန်တွင် လျှပ်စီး သုံးချက်လက်လေသည်။ အကျွန်ုပ်၏ ဥက္ခောင်းဖက်ဆီ ဦးတည်ရွေ့လျားလာသော လျှပ်စီးတို့ကို မြင်လျှင် "ငါမသေ၊ ငါ့စခန်း မကျစေရ" ဆိုသော သတိဖြင့် ဥက္ခောင်းကို မထိစေရန် လျှပ်တပြက် ရှောင်ရှားလိုက်သည်။ ဥက္ခောင်းကိုမူကား မထိ။ သို့သော်...
"ဟာ... အဘရဲ့ ဘောတွဲကြီး ပြုတ်ကျသွားပြီ" ဟု ကျော်စိုးဦးက အလန့်တကြား အော်လိုက်သည်။
"ဟော - အဲဒါကြီး မီးလောင်နေပြီ" ဟု ကျော်မျိုးမင်းက စိုးရိမ်တကြီး ပြောရှာသည်။
ဘယ်က ဘယ်လို ပေါ်လာမှန်း မသိရသော ကြောင်ကြီးကလည်း မီးကျွမ်းနေသည့် ဘောတွဲကြီးကို ယူ၍ ပြေးလေသည်။
"အေးရော.. မ-စရာ ဘောမရှိတော့ဘူး" ဟု ပုတုမက ဝမ်းသာအားရ ပြောသည်။
ငါးမင်းဆွေကြီးကမူ... ကြောင်ကြီး နောက်သို့ အပြေးလိုက်ရင်း -
"မပေး ပေးပေး၊ ပေးပေးပေး ... ဒို့အဘ ဘော၊ ဒို့ ပြန်ပေး" ဟု ရင်ဘတ်စည်တီးပြီး တက်မတတ် ချက်မတတ် ငိုရှာလေတော့သတည်း။
ဟီး... 😭 ဟီး... 😭 ဟီး...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar