ရဲဘော်တေး - ၁၃ ဂဏန်းနဲ့ စတွေ့တဲ့ မအလ မိသားစု
ရဲဘော်တေး - ၁၃ ဂဏန်းနဲ့ စတွေ့တဲ့ မအလ မိသားစု
(မိုးမခ) မတ် ၂ ၊ ၂၀၂၄
စစ်တပ်ကို ဖျင်ချတဲ့နေရာမှာတော့ မင်းအောင်လှိုင် သားအဖကို ဘယ်သူမှ မမီဘူး။ ဖအေက အာဏာသိမ်း၊ သားက ကုမ္ပဏီသောင်းခြောက်ထောင်နဲ့ တင်ဒါမှန်သမျှယူ။ ခုတောင် သူ့သားက တရက်တည်း တင်ဒါ ၁၃ခု အောင်သတဲ့။ အောင်တယ် ဆိုရအောင်လည်း ဘယ်သူက ပြိုင်ဝံ့မတုန်း။ ပြိုင်တော့လည်း ဘယ်သူက ချပေးရဲမလဲ။
အဲသလို သူတို့သားအဖ ထင်ရာလုပ်ဖို့ စစ်တပ်က ပြည်ဖျက် သတ်ဖြတ် မီးရှို့မုဒိမ်းကျင့်ပြီး လူမျှန်သမျှ အမုန်းတော်ခံရ၊ စစ်သားမှန်သမျှ ခွေးတံဆိပ်ဓာတ်ပြား ရကြတယ်။ ခွေးထက်ယုတ်ညံ့တဲ့အကောင် မတွေ့သေးတော့ ခွေးမှန်သမျှလည်း နစ်နာရတုန်းပဲ။ ခွေး ဆိုတာက ကိုယ့်ဆီက ချေးစားခွေးတွေကို ပြောတာနော်။ တော်နေ သိန်းချီ သန်းချီတန် ခွေးတွေထင်ပြီး "ခွေးဖြစ်ပြီ" ဆိုပြီး နားထင် သွေးရောက်မနေကြနဲ့အုံး။
အဲသလို ခွေးဖြစ်ခံပြီး အသက်ပါ အသေခံနေကြရပေမယ့်လည်း ချီးမြှောက်ဖို့ထား နိုင်ငံတော်က ပေးရတဲ့ လစာထဲကတောင် တဝက်ဖြတ်ချလိုက်သေးတာ။
AA နှင့်တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ တပ်မ ၁၁ လက် အောက်ခံ တပ်တွေက သေဆုံး(ဒါမှမဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိမိသားစုတွေကို အခု ဖေဖော်ဝါရီလကစပြီး လစာ တစ်ဝက်သာ ပေးတော့တယ်တဲ့။ တပ်မ ၁၁ လက်အောက်က ခမရ ၂၁၁၊ ခမရ ၂၁၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၄ ၊ ခမရ ၂၁၅ ၊ ခမရ ၂၁၆ ၊ ခမရ ၂၁၇ ၊ ခမရ ၂၁၈ ၊ ခမရ ၂၁၉ ၊ ခမရ ၂၂၀၊ အဲဒီ တပ်ရင်း ၁၀ ရင်းက ကျန်ရစ်သူမိသားစုတွေ ခံရတာပ။
သူတို့က ရခိုင်၊ မီး၀၊ ပလက်၀၊ ရသေ့တောင်မှာ ခံတိုက်လို့ သေကြ ပျောက်ကြသူတွေရဲ့ မိသားစုတွေပေါ့။ သူတို့ကို ဒီလကစပြီး လစာတဝက်ပဲ ပေးပါတော့တယ်။ ပြီးရင် ခွေးသူခိုး မောင်းထုတ်သလို ထုတ်အုံးမှာ။ မိခင်တပ်ရင်းနဲ့ ခြောက်လ အဆက်အသွယ်ပြတ်တဲ့ စစ်သားရဲ့ မိသားစုတွေဆိုရင် လိုင်းခန်းကပါ မောင်းထုတ်ခံရတာလေ။ ခွေးသူခိုးအဆင့်တောင် မဟုတ်ဘူး။ သူတို့ကိုကျ ခွေးဝဲစားအဆင့်လို့ သတ်မှတ်ပုံပဲ။ အပြင်က ခွေးခေါ်ရင်သာ နာကျတာ။
မအလကတော့ စစ်သား မဆိုထားနဲ့ တပ်မမှူးတောင် သူ့အိမ်မွေးခွေးလောက် သဘောထားကြီး မပေးဘူး။ လောက်ကိုင်မှာ တပ်သားနဲ့ မိသားစုဝင်တွေကို ကယ်တင်ရကောင်းလားဆိုပြီး သေဒဏ်ပေး ထောင်သွင်း အကျဉ်းချတာပဲကြည့်။ အဲဒီဘက်မှာ လက်နက်ချခဲ့သူတွေ၊ အသက်လု ထွက်ပြေးရသူတွေဆိုလည်း တမျိုးပြီးတမျိုး မရိုးရအောင် အရေးယူ၊ ဘာအတွက် တိုက်ရတာလဲဆိုတော့လဲ မဲစာရင်းမှားလို့တဲ့၊ မဲခိုးလို့တဲ့။ အဲဒါတွေက သူ ပြောသလို မဟုတ်မှန်း သိကြသလို သူ့သောက်လုပ်မဟုတ်မှန်းလည်း သိကြတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ်ကို ကုပ်ခွစီးပြီး အဲဒီအတွက် တိုင်းပြည်တခုလုံး ဖျက် တိုင်းပြည့်အသက်မှန်သမျှ သတ်နေကြတာ ဆိုတော့လည်း လူတွေက ခွေးထက်နိမ့်ကျတဲ့ သတ္တဝါမတွေ့သေးလို့သာ ခွေး ဆိုတဲ့ နာမ်စား သုံးပေးနေတာပါပဲ။
ဒီကနေ့ သူများတွေသာ ဒုက္ခမျိုးစုံ မကြုံဖူးတာတွေပဲ ကြုံနေကြရတာ သူနဲ့ သူ့မိသားစုကတော့ အေးဆေး။ တနေ့ထဲ တင်ဒါ ၁၃ ခု အောင်ကောင်းတုန်း။
အေး မင်းအောင်လှိုင်၊ မင်းသိထားဖို့က ၁၃ ဂဏန်းဆိုတာ ကံကြမ္မာဆိုးကို ဖိတ်ခေါ်တဲ့ ဂဏန်းဆိုတော့ မင်းမိသားစုဆီ ကြမ္မာရဟတ် တပတ်လည်ချိန်စပြီဆိုတာပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar